Saturday, April 6, 2013

on Leave a Comment

ရွာကျော်ခဲပစ်ခြင်း

မျက်စိတွေတောင် မှားသွားရော့သလား လို့တောင် အောက်မေ့ရတယ်၊ တကယ်ပြောတာပါ။ ထူးထူးဆန်းဆန်းပါပဲ။

မြန်မာနိုင်ငံသားတွေ ပြည်ပမှာ အသက်ဆုံးရှုံးရတာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ ဆီကနေ သက်ဆိုင်ရာ အစိုးရဆီကိုဥပဒေ အတိုင်း မှန်မှန်ကန်ကန်ဖြစ်စေရန်နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ အသက်အန္တရယ်လုံခြုံရေးအတွက် တရားဝင် တောင်းဆိုလိုက်တာဟာ ဘဝ မှာ ပထမဆုံးအကြိမ်ကြားဖူးလိုက်ခြင်းပါပဲ။

ဘာပဲဖြစ်ဖြစ်ပါ ၊အစိုးရရဲ့ လုပ်သင့် လုပ်ထိုက်တာကို တောင်းဆိုလိုက်တဲ့ လုပ်ရပ်အတွက် ကြိုဆိုပါတယ်။ ဆက်လက်ပြီးတော့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ တရားဝင်၊ တရားမဝင် မြန်မာလုပ်သား အားလုံးရဲ့ နေ့စဉ်နှင့် အမျှ ခံစားနေရတဲ့ အနိုင်ကျင့် သတ်ဖြတ်ခံနေရမှူများကိုပါ တရားဝင် တောင်းဆို ပေးပါ သမ္မတကြီး ရယ်။

ပြောမဲ့သာ ပြောရတယ်။ အစိုးရ ခမျာ မှာလဲ မျက်စိ မျက်နှာ ငယ်ငယ်နဲ့ သွားပြီး အောက်ကျို့ နေရပုံပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ပြည်တွင်းမှာပဲ လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်းက အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတစ်ဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်တဲ့ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှူလိုမျိုး၊ တောင်ကုတ်မှာ ခရီးသွား ဆယ်ယောက်ကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာတင် ဆွဲချပြီး ရက်ရက်စက်စက် သတ်ဖြတ် အကြမ်းဖက်မှူလိုမျိုး၊ မိတ္တိလာ က လူကြီး တစ်ယောက်ကို ပြန်ခုခံဖို့တောင် အင်အားမရှိလှတဲ့ စာသင်ကျောင်းက အပြစ်မဲ့ ကလေးငယ် တွေကို သူရဲဘော ကြောင်စွာ လူစုလူဝေးနဲ့ မီးရှို့သတ်ဖြတ်မှူတွေ ကိုတောင် ထိထိရောက်ရောက် မကိုင်တွယ်နိုင်တရားခံများ မဖော်ထုတ်နိုင်ပါ သေးပါပဲ နဲ့ ရွာ ကျော် ခဲပစ် ချင်သလိုဖြစ်နေလို့ပါ။

ရိုင်းရိုင်းပြောရရင် ဖြင့် ပုဆိုးမပါ ဘာမပါ ဖင်ဟောင်းလောင်းကြီးနဲ့ လူက ရှေ့မှာမြင်နေရတဲ့ လူရဲ့ ပုဆိုးမီးပေါက် ကလေးကို လက်ညိုးထိုးပြီး အပြစ်တင်ချင်သလို ဖြစ်နေလို့ပါပဲ။

အင်ဒိုနီးရှားနိုင်ငံက ရန်ပွဲမှာ အသက်ဆုံးရှုံးသွားရတဲ့ မြန်မာ နိုင်ငံသား တံငါသည် ၈ယောက် အတွက်တော့ လူသားချင်း စာနာမှူအနေနဲ့ရော၊ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ရော အထူးပင် စိတ်မကောင်း ဝမ်းနည်းဖြစ်ရပါသည်။

ဒီလို ဖြစ်ရပ် မျိုးတွေ ပေါ်ပေါက်လာရခြင်းဟာ ပြည်တွင်းမှာ ရှိတဲ့ အစွန်းရောက် တဇောက်ကန်း မျိုးချစ်သူရဲကောင်းများ၊ပြည်ပမှာ ရောက်ရှိ အခြေချ၊ ကျည်ကွယ်၊ မျက်ကွယ် မှာ နေပြီးပြည်တွင်းမှာ ရှိတဲ့ကိုယ့်နိုင်ငံသား အချင်းချင်းကို ခွေးလို သဘောထားကာ ရှူးတိုက်ခိုင်းပြီး ရန်ပွဲကို ကွန်ပြုတာ ရှေ့ကနေထိုင် ၊ ဟမ်ဘာကာ လေးကိုက်၊ စီးကရက်လေး ခဲပြီး တစိမ့်စိမ့် အရသာ ခံကြည့်တတ်တဲ့ အွန်လိုင်း ကီးဘုတ် သူရဲကောင်းများ အပေါ် တိုက်ရိုက်ကော၊ သွယ်ဝိုက်ပြီးတော့ပါ တာဝန်ရှိသွားပါပြီ။

ကိုယ်ပြည် တွင်းမှာ ကိုယ်ထင်ရာ စိုင်းလို့ရပေမဲ့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား မြောက်များစွာတို့ရဲ့ အသက်အန္တရယ် ကို ငဲ့ကွက်ကြပါဦးလို့ တောင်းဆိုချင်ပါတယ်ခင်မျာ။

ဟေ့ သတ္တိမရှိဘူး၊ ကြောက်နေရင် ပြည်တွင်း ပြန်ဝင်ခဲ့ကြလို့တော့ သွားမပြောနဲ့။ ဘယ်သူမှ ပြန်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခင်များတို့ရဲ့ အမျိုးသားရေး ဆိုတဲ့ ဟာကြီးက အဲဒီလူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးပြီး အဲဒီလူတွေရဲ့ မိသားစုတွေကို ထမင်းကျွေးပေးမှာမှ မဟုတ်တာ။ နော့။

ဒီရန်ပွဲအတွက်တော့ စိတ်မပူပါနဲ့၊ ဒီ လိုမျိုး သာမန်ရာဇဝတ်မှူမျိုးတွေကို အထိကရုန်း မဖြစ်အောင်၊ မိတ္တိလာမှာလိုမျိုး တမြို့လုံး ပြာမကျ အောင် ထိန်းသိမ်းဖို့ ၊ဥပဒေ နဲ့ အညီဆောင်ရွက်ဖို့ အင်ဒိုနီးရှား အစိုးရက ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၈ မှာ ဖြစ်ပွါးခဲ့တဲ့ အင်ဒို - တရုတ် အရေးအခင်းလိုမျိုး သင်ခန်းစာကောင်း ၊ အတွေ့အကြုံကောင်းတွေအင်ဒိုနီးရှား အစိုးရမှာ ရှိနေလို့ပါပဲ။

နိဂုံးချုပ် ပြောရရင်တော့ ရွာကျော်ခဲပစ် ချင်ရင်လဲ ကိုယ့်အောက်ပိုင်းမှာ ဟောင်းလောင်းကြီးဖြစ်နေတဲ့ အရှက်ရစရာတွေကို လုံလုံခြုံခြုံဖြစ်အောင် အရင် ဖုံးဖိပြီးမှ ပစ်ကြဖို့ တောင်းဆိုချင်ပါတယ်။

ဟိုပေါ်ဒီပေါ်နဲ့ ခဲကို အရှိန်ယူပြီး ပစ်ဖို့ အားယူနေရင် ဟောင်းလောင်းကြီးဖြစ်နေတဲ့ အနောက်မှာ မတ်တတ်ရပ်ပြီး ချောင်းဆိုးနေတဲ့ ပေါက်ဖော်အိမ်နီးနားချင်း အတွဲလိုက်ကြီးကို ကမ္ဘာကို လှည့်ပြသလို ဖြစ်မှာ စိုးရိမ်လို့ပါပဲခင်မျာ။

အတီး(ဝါးလုံးရှည်)

0 comments:

Post a Comment