Wednesday, June 26, 2013

on Leave a Comment

ဦးဝီရသူဟာ အကြမ်းဖက်သမား ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်းနှင့် သက်သေ အထောက်အထားများ


Photo Credit: http://img.timeinc.net/time/images/covers/europe/2013/20130701_600.jpg

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးမှာ ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးတော့ လက်ရှိ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်ကြောင်း လူအများ၏စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်စေမှူနဲ့ ပတ်သက်ပြီး အရင်လေ့လာ တင်ပြလိုပါတယ်။TIME မဂ္ဂဇင်းရဲ့ အသုံးအနှုံးဟာ The face of Buddhist Terror လို့ သုံးနှုံးထားတဲ့အတွက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား "တစ်ဦး" ဟူ၍သာ ဦးဝီရသူ တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း အဓိပ္ပာယ်တိတိကျကျရပါတယ်။

ဗုဒ္ဓဘာသာနှင့် ၊ ဗုဒ္ဓဘာသာဝင် အားလုံးသည်အကြမ်းဖက်ခြင်းဖြစ်သည်ဟု ရည်ရွယ်ရေးသားခြင်းမဟုတ်လို့ ဒီကိစ္စကို အကျယ်တဝင့် ရှင်းပြစရာမလိုတော့ပဲ ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အပေါ် ခြုံငုံရေးသားခြင်းသည်ဖြစ်သည်ဟု ထင်မြင်ချက်သည် မမှန်ကန်ပဲ မှားယွင်းချွတ်ချော်ချက်တစ်ခုသာဖြစ်သည်ဟုသာ ထင်ရှားပေါ်လွင်စေပါတယ်။

ဒီအချက်ကြောင့် ဒီလိုအရေးအသားမျိုးကို ကန့်ကွက်ခြင်းမျိုးဟာ ဦးဝီရသူအပေါ် ရေးသားချက်အားကန့်ကွက်ခြင်းသာ ဖြစ်စေပြီး ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားချက်အား ကန့်ကွက်ရာ မရောက်ကြောင်း အဓိပ္ပာယ် သက်ရောက်စေပါတယ်။

ထူးခြားတာတစ်ခုကတော့ ဒီကန့်ကွက်ချက်ကို မြန်မာအစိုးရပိုင် သမ္မတရုံး ၀က်ဆိုက်မှာဖော်ပြလာခဲ့ပြီး ပထမဆုံး အနေနဲ့ ရဟန်းသံဃာတော်တစ်ပါးတည်း ဘက်မှ ရပ်တည်ကန့်ကွက်ကြောင်း ဖော်ပြချက်ဖြစ်ပြီး မြန်မာဘာသာဖြင့်သာ ရေးသားဖော်ပြထားကာ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားခြင်းမျိုး မရှိပါဘူး။စိတ်ဝင်စားစရာကောင်းသည့်အချက်ကတော့ ထိုကန့်ကွက်ချက်နှင့် ဘယ်လိုမှ ပတ်သက်မှူ မရှိသည့် ၉၆၉ ဆိုသည့် ဂဏာန်း သင်္ကေတအား ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် မေတ္တာရပ်ခံထားသည့် အကြောင်းကိုပါ ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။

ရှင်းလင်းအောင် တင်ပြရမယ် ဆိုရင်တော့ ဒီအသုံးအနှုံး ဟာ ဦးဝီရသူ တစ်ယောက်ထဲနှင့်သာ သက်ဆိုင်သော အသုံးအနှူန်းဖြစ်ပါကြောင်းပေါ်လွင်စေပါတယ်။ ဒီအတွက်ကြောင့်ကန့်ကွက်မယ် ရှုံ့ချမယ်ဆိုရင်တော့ ဆရာတော် ဦးဝီရသူဟာ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ခဲ့ကြောင်း သက်သေပြဖို့လိုပါတယ်။

ကဲ ဒါဆို ဦးဝီရသူရဲ့ ရပ်တည်ချက်နဲ့ နောက်ခံ သမိုင်းကြောင်းကို စာရှူသူမိတ်ဆွေနဲ့ စာရေးသူ ကျွန်တော် အတူတကွလေ့လာကြည့်ရအောင်။ တွေရှိလာတဲ့ ဖြစ်ရပ်သက်သေများကို စာရေးသူရဲ့ အမြင်သက်သက်ဖြင့်သာ မတင်ပြပဲ စာဖတ်သူကိုယ်တိုင်ကိုယ်ကျ တရားသူကြီး လုပ်၊ ဆုံးဖြတ်စီရင်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။။

တခါတရံတော့လဲ တရားသူကြီး အချင်းချင်း သဘောထား မတိုက်ဆိုင်ပဲ မတူကွဲပြားမှူများလည်းရှိကောင်းရှိနိုင်ပါသေးသည်၊ ဒီလို မတင်ပြမှီ လူတစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် သူလိုက်နာကျင့်သုံးသည့်ဘာသာ (သို့) အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုမှ ကိုယ်စား မပြုမှန်း ရှင်းလင်းစွာ သိရှိထားဖို့လိုပါတယ်။

ဆရာတော် ဝီရသူဟာ အကြမ်းဖက် လုပ်ရပ်ကို အားပေးလို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ အကြမ်းဖက် သမားများ ဖြစ်တယ်လို့ မယူဆနိုင်သလို ရာဇဝတ်မှူ ကျူးလွန်သည့် မွတ်စလင် လူဆိုးတစ်ယောက်ကြောင့် မွတ်စလင်အားလုံးဟာ ရာဇဝတ်သားများ ဖြစ်တယ်လို့ သတ်မှတ်လို့ မရနိုင်ပါ။ ဒီသဘောတရားကို ရှင်းလင်းကွဲပြားစွာ နားလည်ထားဖို့တော့လိုပါတယ်။ စုန်းပြူးဆိုတာ နေရာတိုင်းမှာ ရှိတတ်ပါတယ်။

ဆရာတော် ဦးဝီရသူ အဖြစ် စတင်ကျော်ကြားလာစေခဲ့တာကတော့ လွန်ခဲ့သည့် ၁၀ နှစ်ခန့် ၊၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့၊ မန္တလေးမြို့ သာသနာ ၂၅၀၀ အထိမ်းအမှတ်၊ ၄၅ တာ ဓမ္မာရုံမှာ ဟောကြားခဲ့သည့် တရားပွဲတွင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရေး တရားဟု ခေါင်းစဉ်တပ်ထားသော်လည်း တောင်မြင့်တွင် တရားမဝင်ကားခိုးမှု တခုဖြစ်ပွားခဲ့မှုကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက်လုပ်ဆောင်ရန် စီမံကိန်းချထားကြောင်း၊ မြေပုံနှင့်တကွ သေချာစီမံထားကြောင်း၊ မိမိက စပြီး အမိန့်ပေးလိုက်သည်နှင့် ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် တရားပွဲတက်ရောက်လာသည့် ရဟန်းသံဃာများကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ အပြည့်အစုံကို နားဆင်လိုသူများအတွက် https://www.dropbox.com/s/whikw3saw7ogj4f/2003%20sep%20by%20wirathu.mp4

ယင်းမတိုင်မှီကလည်း လက်ဖဝါးပေါ်မှ ကံကြမ္မာ ဟူသော တရားပွဲများ ပြုလုပ်ကာ ဗုဒ္ဓဘာသာမှ အခြား ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အကြောင်းကူးပြောင်းသွားသူများ အကြောင်းကို အဓိကထားဟောပြောခဲ့ပါတယ်။ http://www.youtube.com/watch?v=ke76q1Ycw3I

ဆရာတော် ဦးဝီရသူမှ ခရစ်ယာန်ဘာသာဟာ တောင်တန်းဒေသများ အပေါ် မည်သို့ မည်သို့ နယ်ချဲ့သာသနာပြုခဲ့ကြောင်း၊ ပြည်မ ဒေသကို မရောက်အောင် ကာကွယ်ရမည်ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့် အသံဖိုင်ကိုလဲ ဒီမှာရယူနိုင်ပါတယ်။ http://www.dhammavideo.com/media/4135/1/

ထို့နောက် ၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင် ကျင်းပခဲ့တဲ့ ၀ီရသူ အမျိုးသားရေး တရားပွဲများ စတင်ပြုလုပ်ခဲ့ပါတယ်။ ထိုတရားပွဲ အပြီး နောက်တွင်တော့ ကျောက်ဆည်တွင် အေ၇းအခင်းစတင် ဖြစ်ပွါးပါလေတော့သည်။ အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်ပေးခံရခဲ့ရပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ထောင်မှ လွတ်မြောက်ခါစတွင် မန္တလေးရှိ မွတ်စလင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ရန် ကြံရွယ်ခဲ့သော်လည်းအာဏာပိုင်များထံမှ ခွင့်ပြုချက်မရပဲ ပွဲ အစီအစဉ်များ မဖြစ်မြောက်လိုက်ရပါပေ။ အပြည့်အစုံနားဆင်လိုသူများအတွက် http://www.youtube.com/watch?v=sKOXQJzyXjc

ထို့နောက်တွင်တော့ ယခင် ရပ်တည်ချက် အတိုင်းပင်ဖြစ်သည့် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လမ်းကြောင်းပေါ်သို့သာ ပြန်လည်ရောက်ရှိသွားပါတော့တယ်။ ထူးခြားတာတစ်ခုကတော့ ဆရာတော်ဟာ ရာဇဝတ်မှူများ၊ မှုဒိမ်းမှူများကိုသာ စိတ်ဝင်တစားနဲ့ အရေးတယူပြုလုပ်ကာ ပုံမှန် ဆိုသလိုပင် ရေးသားဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။ သက်သေ အနေတင်ပြရမယ် ဆိုရင်ဖြင့်


  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့နေ စိတ်မနှံ့သူ မြန်မာအမျိုးသမီး မုဒိမ်းကျင့် ခံရမှု (8.8.2012)
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ Golf-အပိုပစ္စည်း အရောင်းစာရေးမလေး မုဒိမ်းကျင့် ခံရမှု (17.8.2012)
  • ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းရွာ၊ ဆွံ့အ သူမလေးကို မုဒိမ်းကျင့်မှု(24-2-2012)
  • မကွေးတိုင်း၊ ကန်ဖျားရွာ၊ အိမ်ဖော်မလေး တစ်ယောက်ကို လိင်ကိုင်ခိုင်းမှု (5-11-2012)
  • မြင်းမူမြို့၊ ဆယ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊
  • ဝက်လက်မြို့နယ်၊ စွယ်ကွေ့ရွာ ဆယ်တန်းကျောင်း သူမလေးကို ခိုးယူပေါင်းသင်းမှု၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာ၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ မန္တလေး၊ အောင်ပင်လယ်မြို့သစ်၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ မိတ္ထီလာ၊ ဝန်ဇင်း(၃)ရက်ကွက်၊ အဝတ်လျှော်စားသူ မဇင်မာဌေးကို အုပ်စုဖွဲ့ ရိုက်နှက်မှု(21-11-2012)၊
  • မိတ္ထီလာ တူရကီသူရဲကောင်းဗိမာန် ကိစ္စ။ မန္တလေး၊ ကျောက်ဝိုင်းအတွင်း၊ သစ်သီးသည်မြန်မာ အမျိုးသမီးကို မျက်မှန်ဆိုင်မှ မွတ်ဆလင်မ်အမျိုးသားက တုတ်နှင့်ရိုက်၊ လက်သီးနှင့်ထိုးကြိတ်မှု (10-3-2013) 
  • သာစည်မြို့နယ်၊ အိမ်ဂရံအတုလုပ်၍ အိမ်ရှင်မြန်မာ အမျိုးသမီးကို မောင်းချမှု၊ (22-11-2012)
  • “၁၅-နှစ်သမီးလေးကို မွေး-စားသော ကုလားကို တရားစွဲဖို့ ပြင်ဆင် (28-04.2013)
  • “မွတ်ဆလင်ကုလားက မြန်မာသမီးပျို (၁၆)နှစ်သမီးလေးကို မုဒိမ်းကျင့်”(18-05-2013) တို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့အဆုံးအမ၊ တရားရေအေး တိုက်ကျွေးမှူ လုံးဝမရှိ မဟောဘဲ ဘာသာခြား မုန်းတီးမှုကိုပဲ သီးသန့်ဟောပြော ရေးသား လှုံ့ဆော်ခဲ့တာကို တွေ့ရပါတယ်။ 
အံ့ဩစရာ ကောင်းတာတစ်ခု က ဘာသာခြားနဲ့ဖြစ်တဲ့ ရာဇဝတ်မှုတွေဆိုရင်သတင်းမီဒီယာထက်ဦးအောင် ဆရာတော် ဝီရသူက အရင်သိရှိနေတာပါ။ တာဝန်ရှိသူတွေကို အသိပေးပြီး ဥပဒေအရ အရေးယူခိုင်းရမဲ့အစား အကြမ်းဖက်မှုတွေကိုပဲ ပေါ်ပေါက်လာအောင် သီးသန့် ရေးသား လှုံ့ဆော်ခဲ့တဲ့ အထောက်အထားတွေပါပဲ။

ဆက်လက်ပြီး ဖြစ်ပွါးခဲ့တဲ့ ဘာသာရေး အထိကရုန်းများ မတိုင်မှီ နဲ့ ဖြစ်ပွါးနေစဉ်အတွင်း ဆရာတော်ရဲ့ ရပ်တည်ချက်နဲ့ ဟောပြောချက်များကို လေ့လာကြည့်ရအောင်။ နိုဝင်ဘာ (၂၃) ၂၀၁၂ တွင် ဦးဝီရသူ၏ ဖေ့ဘုတ် စာမျက်နှာတွင် “မိတ္ထီလာတွင် ကုလားနှင့် ကုလားမများ အုပ်စုဖွဲ့ အနိုင်ကျင့်မှုဖြစ်ပွား” ဟူသော ခေါင်းစဉ်တပ်ကာ မိတ္တိလာမြို့တွင် မွတ်စလင်များက ဆိုးသွမ်းသည့်အကြောင်းကို ရေးသားလှုံ့ဆော်ခဲ့ပါတယ်။ https://www.facebook.com/notes/wira-thu/မိတ္ထီလာတွင်-ကုလားနှင့်-ကုလားမများ-အုပ်စုဖွဲ့-အနိုင်ကျင့်မှုဖြစ်ပွား/172393969570786 မိတ္ထီလာ အရေးအခင်း မတိုင်မှီ ရက်သတ္တပါတ် အလိုမှာ မိတ္ထီလာရှိ တူရကီသူရဲကောင်းဗိမာန် ကိစ္စ ကို အငြင်းပွါးဖွယ်ရာ ဖြစ်အောင် လှုံ့ဆော်ခဲ့ပါသေးတယ်။

ဒီဟာကတော့ မိတ္တိလာ အရေးအခင်း ဖြစ်ပွါးနေစဉ်အတွင်း ရေးသားလှုံ့ဆော်ခဲ့သော ပို့စ် ဖြစ်ပါတယ်။ https://www.facebook.com/notes/wira-thu/မိတ္ထီလာဖြစ်စဉ်/234084053401777 https://www.facebook.com/notes/wira-thu/မတ္ထီလာဖြစ်ရပ်မှန်-အဆက်/234174963392686

ဒါ့အပြင် ဆရာတော် ဦးဝီရသူဟာ ရှမ်းပြည်နယ် မူဆယ်မြို့သို့ သို့ ၁၉-၅-၂၀၁၃ တွင် သွားရောက်ကာ ယဉ်ကျေးလိမ္မာတရားပွဲသင်တန်း တွင် ဩဝါဒတရားချီးမြှင့်ခြင်း၊ ၉၆၉ တရားပွဲများပြုလုပ်ခဲ့ပါတယ်။ ဆရာတော် ၏ တရားပွဲများ အပြီး ၁၀ရက်အကြာတွင်တော့ လားရှိုးမြို့၌ အထိကရုန်းကြီး စတင်ဖြစ်ပွါးလာပါတော့တယ်။ ဒီလင့်ကတော့ လားရှိုး မြို့ အထိကရုန်းဖြစ်ပွါးနေစဉ်အတွင်း ရေးသားလှုံ့ဆော်ခဲ့တဲ့ အရေးအသားနဲ့ပို့စ် ဖြစ်ပါတယ်။ https://www.facebook.com/notes/wira-thu/လားရှိုး-ယနေ့-အခြေအနေ/270933363050179

ဒီလောက်ဆိုရင်တော့ စာရှူသူပရိသတ်ကြီးလဲ အဖြူနဲ့ အမည်းကွဲကွဲပြားပြားသိရှိနိုင်ပြီလို့ထင်ပါတယ်။ ပွင့်လင်းစွာ အားမနာတမ်းဝန်ခံရမယ်ဆိုရင်ဖြင့် စာရေးသူကျွန်တော် အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးဟာ အမှောင်ချခံထားရတဲ့ သင်ရိုးညွန်းတမ်း ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရတဲ့ သားကောင်များ ဖြစ်ခဲ့ရသလို လက်တွေ့ကျင်လည်နေတဲ့ နေ့စဉ်လူမှူဘဝမှာလည်း ဖိနှိပ် ချုပ်ချယ်မှူ၊မှိုင်းတိုက်မှူ မျိုးစုံကို ခံခဲ့ရသူတွေပဲဖြစ်ပါတယ်။

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။
လူနည်းစုများ၊ မိမိနှင့် မတူကွဲပြားမှူများအားကဲ့ရဲ့ခြင်း၊ဖိနှိပ် ချုပ်ချယ်ခြင်းတို့သည် တိုးတက်ကြီးပွါးရေးကို မဖြစ်ပေါ်စေနိုင်ပဲ မငြိမ်သက်မှုများ ကို အားပေး ဆော်သြခြင်းဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးကို အမိအရ ထိုး နှက်နေခြင်းသာ ဖြစ်သည်။
စစ်အစိုးရ ၏ ဖိနှိပ်ချုပ်ချယ်မှူအောက်တွင် နှစ်ပေါင်းများစွာ နေ လာခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ကို ပြန်လည်တည်ဆောက်ရေးတွင် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည်သာလျှင် အရေးကြီးဆုံးဖြစ်သည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲ ဆိုးရွားသော အခြေအနေကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။

အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟုသတ်မှတ်စေကာ ပြည်သူအချင်းချင်းကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်ပြီး အာဏာရှင် ယန္တရား တည်ဆောက်လိုခြင်းကို ရဲရဲဝင့်ဝင့်သာငြင်းဆန်လိုက်ကြပါဟုသာပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်ခင်မျာ။

လေးစားစွာဖြင့်
အတီး (ဝါးလုံးရှည်)


Sunday, June 2, 2013

on Leave a Comment

လွတ်လပ်ပြည့်ဝသော ဒီမိုကရေစီ သို့မဟုတ် အတ္တလွဲကဲ အရေခြုံဒီမိုကရေစီ

လေးစားအပ်ပါသောစာရှူသူ မိတ်ဆွေခင်မျာ။ ဤစာကို ဖတ်ရှူနေသူများတွင် ယောကျာ်း၊ မိန်းမ ၊လူကြီးလူငယ် တပ်မတော်သားများ၊ ဒီမိုဘက်တော်သားများ၊ အလွှာပေါင်းစုံမှ လူများ ပါဝင်နိုင်သလို ကိုယ်ဖြတ်သန်း ကြီးပြင်းလာရသော ပတ်ဝန်းကျင်နှင့် ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးဟာလည်း တစ်ယောက်နှင့်တစ်ယောက် မတူညီကြတာကြောင့် သုံးသပ်ရှူမြင်ပုံများလည်း ဘယ်လိုမှ တူမှာ မဟုတ်တာတော့ သေချာပါသည်။ ဒါကြောင့်မှန်တာ၊ မှားတာ ကျွန်တော် မပြောလို။ဖြစ်နိုင်ချေ နည်းလမ်းနှင့် အကျိုးသက်ရောက်တတ်ပုံ ကိုသာ အလေးထား၍ တင်ပြပေးပါမည်။ ဟုတ်သည် မဟုတ်သည်၊ တရား မျှတမှူ ရှိမရှိကိုတော့ ကိုယ့်ဟာကို သုံးသပ်ရင်း ကိုယ့်ရဲ့ အဆင့်အတန်းကို ကိုယ့်ဖာသာ ကိုယ် ပြန်သတ်မှတ်ပေးကြပါရန်။

လူဆိုသည်မှာ ခန္ဓာကိုယ်တစ်ခု၊ စိတ်ဝိ ညာဉ်တစ်ခု၊ အသက် တစ်ချောင်းနှင့် ဘဝကို ပိုင်ဆိုင်ရသည့် သတ္တဝါ တစ်ကောင်သာဖြစ်သည်။ အခြား သတ္တဝါများထက် သာသည်ကတော့ အသိဉာဏ်ရှိ၍ တီထွင်တတ်၊ စကားပြောတတ်ခြင်ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် လူအများစု၏ ပင်ကိုယ်စိတ်တွင်းသည် အတ္တသဘော ဆောင်သည်။ တနည်းပြောရလျင် လူသည် အတ္တ သတ္တဝါ တစ်ကောင်သာဖြစ်သည်။ ဒါဟာ သဘာဝသာ ဖြစ်၍ ပြဿနာမဟုတ်။

သို့သော်လည်း သဘာဝ နှင့် ဆန့်ကျင်ကာ ရှိသည့် အတ္တမှာ လိုသည်ထက် ပိုမို လွန်ကဲလာလျှင်တော့ ပြဿနာ ဖြစ်ရလေပြီ။ ဥပမာ အနေနဲ့ ပေးရလျင် မိမိကိုယ်တိုင် အပါအဝင် အများနှင့် စုပေါင်းရိုက်ထားသော ဓာတ်ပုံတစ်ပုံကို လာပြလျင် လူ့စိတ် သဘာဝ အရ မိမိကိုယ်ကို အရင်ဆုံး ဦးအောင် ရှာဖွေ ကြည့်ရှူတတ်သည်။ ဒီအတွက်တော့ ဘာမှ ကိစ္စမရှိသေး။ သို့ သော် ဓာတ်ပုံ ကို စေ့စေ့ကြည့်ရင်း ကြည့်ရင်း ဓာတ်ပုံပါ လူများတွင် မိမိသည်သာ အချောဆုံး၊အလှဆုံး ဖြစ်သည်။ ကျန်သည့်လူများမှာ ငါ့လောက် ဘယ်သူမှ မချော ဟု ထင်မြင်လာပြီ ဆိုပါက မိတ်ဆွေ သင်၏ စိတ်သည် ချို့ယွင်းချက်ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ထိုအတ္တလွန်ကဲ ချို့ယွင်းချက်သည် နဂို မွေးရာပါ ဉာဏ်ရည် ဉာဏ်မပြည့် မှီသောကြောင့်ဖြစ်နိုင်သလို ၊ ကိုယ်မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်မှ ငါတကောကောသည့် အယူအဆများ ငယ်စဉ်မှ စ၍ နှစ်ရှည်လများ တစတစ ရိုက်သွင်းခံထားခြင်း သို့ လူတန်းစား တစ်ရပ်ကိုဦးတည်၍ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စွာ မနေနိုင်စေရင် Brain wash လုပ်ခံထားရခြင်း (သို့) မှိုင်းတိုက်ခံထားရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။

ဒီလို လူမျိုးတွေဟာ များသောအားဖြင့် လူများ ယောင်လို့ လိုက်လို့ ယောင်၊ အမောင် တောင်မှန်း မြောတ်မှန်း ကွဲကွဲပြားပြား မသိသော လူများဖြစ်နေတတ်ကြတာလည်း အမှန်ပင် ဖြစ်ပါတယ်။ တည့်တည့်ပြောရရင်တော့ ဒီမိုကရေစီ နိုင်ငံစစ်စစ် ဆိုတာ စစ်ဝတ်စုံ ချွတ်ပြီး တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ၊ ထမီ ဆင်ပုံစံ တောင်ရှည်ပုဆိုးတွေ ဝတ်ပြီး ခပ်တည်တည်နဲ့ လွှတ်တော်ထဲဝင်ထိုင်နေရုံနဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်မသွားပါ။ နိုင်ငံရေး အကျဉ်းသားတွေ ကနည်းနည်း။ သူခိုး၊ ဂျပိုးတွေများများ ရောလွှတ်ပေးလိုက်ရုံနဲ့ အရှင်မွေး၊ နေ့ချင်းကြီး ဒီမိုကရေစီ နိုင်ငံတော်ကြီးတစ်ရပ်ဖြစ်မသွားပါ။

လက်ဝါးရိုက်ထားပြီး အဖြေထွက်လာမှာကို ကြိုသိနေတဲ့ ရွေးကောက်ပွဲလေး ကျင်းပပေးလိုက်ရုံနဲ့ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ချက်ချင်းကြီး ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရနိုင်ပါ။

ပြည်သူ့ကိုလဲ ကိုယ်စားမပြုသလို ဘယ်သူ့ကိုမှလဲ ကိုယ်စားမပြု လွှတ်တော်ထဲမှာ ဘာမှန်း မသိ၊ညာမှန်းမသိ လက်ထောင်၊ ခေါင်းညိတ်လုပ်၊ မောလာရင် အဲကွန်းလေးနဲ့ တရေးတမော နှပ်ပြီး ဇိမ်ယူတတ်တဲ့ အမတ်တွေရှိယုံနဲ့လဲ ဒီမိုကရေစီ နိုင်ငံတော်လို့ ခေါ်ဆိုလို့ မရနိုင်သေးပါ။

လွတ်လပ်ပြည့်ဝတဲ့ ဒီမိုကရေစီ လိုချင်ရင် ဒီမိုကရေစီ ရဲ့ အနှစ်သာရကို နားလည်ပြီး အခြေခံ သဘောတရားတွေကို အောက်ခြေက လူတန်းစားတွေကပါ လိုက်နာကျင့်သုံးနိုင်မှသာလျှင် တင်းပြည့်ကျပ်ပြည့်လွတ်လပ်တဲ့ အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။

ဒီမိုကရေစီမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ပုံနှိပ်ခွင့်တွေ ရှိသလို ကိုယ်ယုံကြည်ရာ ဘာသာတရားကို ကိုးကွယ်ခွင့်၊ ဝတ်စားဆင်ယင်နိုင်ခွင့်တွေ ရှိတယ်၊ တနည်းအားဖြင့် မတူကွဲပြား ခြားနားမှူကို ရဲရဲကြီး လက်ခံနိုင်ရမယ် ဆိုတာကို နားလည်ထားသင့်တယ်။


ဥပဒေ ဆိုတာမျိုးက တနိုင်ငံလုံး ဒါမှမဟုတ် ဒေသတစ်ခုလုံး ကို လွှမ်းခြုံပြီး ယင်းဒေသမှာ ရှိတဲ့ လူများအားလုံး အပေါ် သက်ရောက်မှူ ရှိရပါမယ်။မင်းက ဖြူလို့ ချန်ခဲ့မယ်။ မင်းကတော့ မဲလို့ ဒါ မင်းအတွက် သီးသန့် ထုတ်တာ မျိုးဟာ ဥပဒေ မဟုတ်ပါဘူး။ အမိန့် အာဏာသက်သက်တစ်ရပ်၊ ခွဲခြားမှုတစ်ရပ်သာ ဖြစ်သွားပါပြီ။

အခုန ပြောသလို မှန်တယ်၊ မှားတယ် ဆုံးဖြတ်ရင်း ကိုယ့်အဆင့်အတန်းနဲ့ ဉာဏ်ရည်ရည်သွေးကို ကိုယ့်ဟာကို သတ်မှတ်ပေးကြပါ။ ပြောတဲ့ အထဲက ဆိုလိုရင်းကို သတိထားမိသူများလည်းရှိသလို သတိမထားမိတဲ့ လူများလည်း ရှိနိုင်တာမို့ ဒီပို့စ်ရဲ့ ဆိုလိုရင်းကို တခါတည်းပြောလိုက်ပါ့မယ်။

ဒီလိုအမိန့်မျိုးထုတ်လိုက်ရင် အမျိုးသားရေး ခေါင်းစဉ်အောက်မှာ ထိုင်းမှိုင်း သွေးဆူနေကြတဲ့ လူတွေက ဘာမသိညာမသိ ရမ်းသန်းပြီးတော့ထောက်ခံကြမယ် ၊အပျော်လုံး ဆို့ကြမယ်။ တစ်ဖက်ကတော့ ဥပဒေဟာ လူသားအားလုံးအပေါ်မှတန်းတူညီမျှအခွင့်အရေးရှိရမယ် ကျောသားရင်သား မခွဲခြားရဘူးလို့ ခံယူချက် ထားတဲ့လူတွေ ဘက်က ဘယ်လိုမှ` သဘောမတူမှာမဟုတ်ဘူးဆိုတဲ့ အချက်ကို သူတို့ကြိုတွက်ထားပြီးတော့မှ မသိနားမလည်တဲ့ လူထုနဲ့ လူအခွင့်ရေး သမားတွေကို လှည့်ပြီး ရန်တိုက်ပေးပြီး အတိုက်အခံကို လူထု ထောက်ခံမှူကျဆင်းအောင် အားအင်ချည့်နှဲ့အောင် ရည်ရွယ်တဲ့ ခပ်ညံ့ညံ့ အိုးမည်းသုတ် နိင်ငံရေးကစားကွက်လို့ပဲယူဆမိပါတယ်။

ဒီလို လျှောက်လုပ်၊လျှောက်ပြောပြီး ရန်ဖြစ်နေလို့ ဒီဥပဒေ သက်ရောက်မဲ့ ရခိုင် မြောက်ပိုင်းက မွတ်စလင် တွေ ဘာဖြစ်သွားသလဲ ဆိုတော့ ဘာမှ ဖြစ်မသွားဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို တားမြစ်ချက်မျိုးက အဲဒီ ဒေသမှာ ဟိုး အရင်ကတည်းက ထုတ်ပြီး တားမြစ်ထားပြီးသားကြီး ဖြစ်နေလို့ပါပဲ။ အဲဒီဒေသမှာ က မွတ်စလင် အိမ်ထောင်ပြုရင် သက်ဆိုင်ရာကို ခွင့်တောင်းရတာတို့၊ တရွာနဲ့ တရွာ သွားလာခွင့် မပေးတာတို့က ရှိပြီးသားတွေပါပဲ။ အခုမှ လူအများ ကြားအောင်လုပ်ပြီး ဘုမသိဘမသိနဲ့ ရမ်းပြီး ထောက်ခံနေကြတဲ့ ငနဲတွေ ကတော့ သနားစရာပေါ့လေ။

ဒီနေရာမှာ ကြုံလို့ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားပြီး ၁၉၄၈ ခုနှစ်မှာ ရေးဆွဲပြီး ၁၉၅၁ ခုနှစ်မှာ အသက်ဝင်လာတဲ့ ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ပါ ပုဒ်မ ၂ မှ စာသား အနက်အဓိပ္ပာယ်ကို တိုက်ဆိုင်လို့ပြန်လည် တင်ပြပေးလိုက်ပါတယ်။

“နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။
(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊
(ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊
(ဂ) တစ်ခုလုံးအရ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ် ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊
(ဃ) ယင်းလူအုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊
(င) ယင်းလူ အုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”

ဟူ၍ဖြစ်လေသည်။

ဆက်စပ် စာညွှန်း၊
http://burmese.voanews.com/content/myanmar-rohigya/1671879.html
http://burmese.voanews.com/content/two-childs-policy/1669122.html

အတီး (ဝါးလုံးရှည်)


on Leave a Comment

ကိုယ်ပြုသောကံ ပဲ့တင်သံ သင့်ထံ တနေ့ ပြန်လာမည်။

မင်းသား ရဲတိုက် မဆီမဆိုင် ခရစ်ယာန် ဘုရားကျောင်းကို သွားပြီး အ ဂါရဝ ပြုတာလဲ ဒီ မူးယစ်ဆေးပဲ။

လားရှိုးမှာ မိန်းကလေးတစ်ယောက်ကို သွားပြီး ဓာတ်ဆီသွားလောင်းတာလဲ မူးယစ်ဆေးပဲ။ မူးယစ်ဆေးလောက် ကြောက်ဖို့ကောင်းတာ ကမ္ဘာမှာ မရှိ။

ဒါပေမဲ့ လဲ ဒီလို ဆေးဝါးတွေ သုံးပြီး ကြောင်တောင်တောင် ဂေါက်တောက်တောက်ဖြစ်နေတဲ့ လူတွေကို သူကိုယ်တိုင်ကကော ပတ်ဝန်းကျင်ကပါ အရူးတစ်ယောက်လို့ သိရှိထားပြီး ဆေးဝါး ကုထုံးများဖြင့် ကုသကာ ပျောက်ကင်းနိုင်သော်လည်း တသက်လုံး မှာ စကားလုံးတွေ၊ အယူအဆတွေ၊ မှိုင်းတိုက်ခံရပြီး အမျိုးသားရေး မှိုင်းမိ မူးယစ်နေတဲ့ လူမျိုးတွေကိုတော့ ပြန်လည်ကုသဖို့ရာ အတော်ခက်ခဲမယ်လို့ထင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေဟာ သူတို့ရဲ့ ဦးနှောက်ဟာ ကျပ်မပြည့်ပဲ ချောင်တောင်တောင်ဖြစ်နေတယ်ဆိုတာမျိုးကို သူတို့ကိုယ်တိုင်ပင် သတိမထားမိသလို ဘေးပတ်ဝန်းကျင်မှ လူများအနေနဲ့လဲ အလွယ်တကူ ခန့်မှန်းဖို့ခက်ခဲလှပါတယ်။ ဒီလို လူတွေဟာ ပုံမှန် ဆေးဝါးများဖြင့်လည်း ကုသပေးဖို့ မလွယ်ကူသလို နှစ်ရှည်လများ စွဲကပ်လာတဲ့ ဝေဒနာမျိုးဖြစ်တဲ့ အတွက် အချိန်ယူကုသမှသာ ပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ မူးယစ်ဆေးကြောင့် ရူးသွပ်နေသူများဟာ မိုက်ရူးရဲပဲပြောပြော ကိုယ်လုပ်ရပ်ကြောင့် ကိုယ့် အသားပြန်နာမှာတို့၊ လက်စားအချေခံရမှာတို့ ကို လုံးဝ မကြောက်ပေမဲ့ အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှလေးရဲ့ အောက်မှာ မှိုင်းတိုက်ခံရသူများမှာတော့ အရှိန်ကောင်းနေစဉ်မှာ မစင်ပုံကို အမျိုးသားရေးအမြင်နဲ့ပဲ စားရစားရ ခွေးနဲ့ပဲ ပြိုင်ကိုက်ရရ ဘာမဆိုလုပ်ရဲလောက် အောင် အောက်တန်းကျနိုင်ကြပေမဲ့လို့ ကိုယ် အလှည့်ကျ ပြန်ပြီး လက်တုံ့ပြန် အရေးယူခံရမှာကိုတော့ သေလောက်အောင် ကြောက်တတ်ကြတော့တာပါပဲ။

စဉ်းစားသာ ကြည့်ပေတော့ဗျာ။ အဲဒီ မီးစရှို့တဲ့ အရူးနဲ့ အဲဒီ အရူးကို အကြောင်းပြုပြီး တနိုင်ငံလုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားနေတဲ့ လူတွေ ရဲ့ဦးနှောက်ဟာ ဘယ်ဟာက ပိုပြီးအောက်တန်းစား အဆင့်ဝင်ပြီး သုံးစားလို့ မရလောက်အောင်ပါပဲ ဆိုတာကို။ ပြောတော့ ကုလားတွေ အကြမ်းဖက်တယ် ၊ အကြမ်းဖက်တယ်ပြောပြီးပြီး အဲဒီ ကုလားတွေကို အကြမ်း မဖက်ဖက်အောင်လို့ တွန်းပို့နေကြတယ်ဆိုတာကို မစဉ်းစားမိလောက်လောင် ဦးနှောက်တွေက လေးလံ ထုံထိုင်းနေကြတယ်။

နောက်ပြီး မင်းတို့ရဲ့ အမှားကြီးမှားသွားတဲ့ လုပ်ရပ်တစ်ခုကတော့ သတင်းယူနေတဲ့ သတင်းထောက်တွေရဲ့ အသက်အန္တရယ်ကို ရန်ရှာခဲ့ခြင်းပါပဲ။ အဲဒီရဲ့ အကျိုးဆက်ကိုတော့ မီဒီယာတွေကနေပြီး ဘယ်သူ့ အလွန် ဖြစ်တယ် ဆိုတာကို ပါးပါးလေးနဲ့ လှလှလေး ဘယ်လို ပုံဖော်မလဲ ဆိုတာကိုတော့ မျှော်လင့်ထားကြပါ။

အတီး (ဝါးလုံးရှည်)

on Leave a Comment

ကမ္ဘာတလွှား ထူးထူးခြားခြား ဥပဒေများ

-- ဗြိတိန်နိုင်ငံ၏ ကမ်းခြေတစ်နေရာတွင် ဝေလငါး တစ်ကောင် တွေ့ရှိလျှင် ဦးခေါင်းပိုင်းသည် ဘုရင် ၏ ဘဏ္ဏာတော် ပိုင်ပစ္စည်းဖြစ်ပြီး အမြီးပိုင်းသည် ဘုရင်မကြီး ပိုင်ဆိုင်သော ပစ္စည်းအဖြစ် သိမ်းဆည်းနိုင်သည်။

-- ဗြိတိန်နိုင်ငံ၏ ပါလီမန် အဆောက်အဦးထဲတွင် မည်သူတစ်ဦးတစ်ယောက်မှ သေဆုံးခွင့် မပြု။

-- အမေရိကန် နိုင်ငံအရီဇိုးနား ပြည်နယ်တွင် မြည်းတစ်ကောင်ကို ရေချိုးဇလားအတွင်းထည့်၍ ရေချိုးခွင့်မရှိ။

-- ဆွစ်ဇာလန် နိုင်ငံတွင် ဝတ်လစ်စလစ်ဖြင့် တောင်တက်ခြင်း ကို ခွင့်မပြု။

-- ၁၈၀၀ ပြည့်နှစ်ဝန်းကျင် ဥရောပ တွင် သင်သည် သေကြောင်းကြံစည်ပြီး မအောင်မြင်ပါက သေဒါဏ်ကျခံရမည်ဖြစ်သည်။

-- ပထမ ကမ္ဘာစစ် အတွင်း ပြင်သစ် စစ်တပ်တွင် လိင်တူဆက်ဆံပါက သေဒါဏ်ဖြစ်သည်။

-- ရှေးခေတ်ရောမ တွင် အိမ်ထောင်ဦးစီး ဖခင်သည် မိမိအိမ်သား များကို တရားဝင် သတ်ဖြတ်ခွင့်ရှိသည်။

-- ရှေး ခေတ် ဂရိတွင် မိန်းမတယောက်သည် အိုလံပစ်ပွဲ ကို တကြိမ် ဝင်ရောက် ကြည့်ရှူရုံမျှနှင့်ပင် သေဒါဏ်ထိုက်သည်။

-- ပြင်သစ် နိုင်ငံတွင် ဝက်များကို နပိုနီယန် အဖြစ် နာမည် ပေးခွင့်မရှိ။

-- အာဖရိကတိုက်ရှိ ဆွာဇီလန် နိုင်ငံတွင် အမျိုးသမီးများ ဘောင်းဘီ ဝတ်ခွင့်မရှိ၊ တွေ့ရှိပါက စစ်သားများမှ လူပုံအလယ်တွင် ဆွဲချွတ်ခွင့် ရှိသည်။

-- အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ် ဥပဒေတွင် တောထဲရှိ စိုင် တစ်ကောင်ကို လေယာဉ်ပေါ်မှ ကြည့်ရှူခြင်း ခွင့်မပြု။

-- အာကန် ဆော ပြည်နယ်၏ စာလုံးပေါင်းကို မှန်အောင် မပေါင်းနိုင်ပါက ဥပဒေကို ချိုးဖောက်ရာ ရောက်သည်။

--နယူးယောက် မြို့တွင် မျက်မမြင်များ ကားမောင်းခြင်းအား ခွင့်မပြု။

-- တင်နစီ ပြည်နယ်တွင်မှူ အိပ်ပျော်လျှက် ကားမောင်းပိုင်ခွင့် မရှိ။

-- ဂျော်ဂျီယာ ပြည်နယ်တွင် ဆံညှပ်သမားတစ်ယောက်သည် ဆံညှပ်နှုန်းထားအား ကြော်ငြာခွင့်မရှိ။

-- အိုကလာဟိုးမား ပြည်နယ်တွင် ဘေ့စ်ဘော ကစားသူများသည် ခြံစည်းရိုးပေါ်သို့ ကျော်အောင် (သို့) ကစားကွင်းအပြင်သို့ ရောက်အောင် ဘောလုံးကို ရိုက်ခွင့်မရှိ။

-- မြန်မာနိုင်ငံ တွင် လူမြင်ကွင်း၌ နှုတ်ခမ်းချင်း တေ့၍ စုပ်နမ်းခြင်းသည် ယဉ်ကျေးမှူမရှိပဲ ရိုင်းစိုင်းသည်ဟု သတ်မှတ်နိုင်သော်လည်း လူမြင်ကွင်း၌ အပေါ့သွားခြင်း၊ အလေးစွန့်ခြင်းများ ပြုလုပ်နိုင်သည်။

--မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သင်သည် အမှိုက်များကို လမ်းပေါ်သို့ နေရာမရွေး စွန့်ပစ်နိုင်သည်။ သို့သော်အခြား လူများပစ်ထားသော အမှိုက်များကို ကောက်ယူခြင်းသည် ဥပဒေနှင့် ညိစွန်းသည်။

အတီး (ဝါးလုံးရှည်)

on Leave a Comment

ထူးခြားချက် မဟုတ်တဲ့ ထူးခြားချက်

စိမ်းလဲ့ကန်သာ ငါးလောင်ပြိုင်လူသတ်မှူ မှာ တရားခံကို သိပြီးပြီလို့ စကားကျွံပြီးတာတောင် ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက်ပြီး ငြိမ်နေတာ၊ဒီပဲယင်းမှာ လူအုပ်နဲ့ ဝိုင်းတီးခဲ့တာ၊ကချင်ပြည်နယ်တွေ၊ကရင်ပြည်နယ်တွေမှာ မိန်းကလေးတွေကို အဓမ္မကျင့်ခဲ့တာ၊ တောင်ကုတ်မှာ ခရီးသွားကားပေါ်က ဘာသာခြားတွေကို လူအုပ်နဲ့ ၀ိုင်းသတ်ခဲ့တာ၊မိတ္ထိလာမှာ အပြစ်မဲ့ ကျောင်းသားငယ်လေးတွေကို သတ်ဖြတ်ပြီး အရှင်လတ်.... မီးရှို့ခဲ့တာတွေ စတဲ့ အဖြစ်အပျက်တွေမှာ အခုထိတရားခံဖမ်းနိုင်ဖို့ ဝေးစွ၊ သဲလွန်စတောင် မဖော်ထုတ်နိုင်ခဲ့သေးဘူး။မော်လမြိုင် သင်္ကြန်မှာတောင် ဆယ်ကျော်သက် ကလေးတွေရဲ့ ဝိုင်းတီးတာခံလိုက်ရပြီး သေနတ်ပါ အလုခံလိုက်ရတာမျိုးကတော့ အံ့ဩနိုင်မည်မဟုတ်ပါ။ ရဲတပ်ဖွဲ့ ဆိုသည်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူလူထုမပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်ပြီး မကာကွယ်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြည်သူလူထုဟာ ကိုယ့်ရန်ကို ကိုယ့်ဟာကို ကာကွယ်မှပဲ ဖြစ်တော့မယ်လို့ သဘောပေါက်လာပြီး လက်နက်ကိုယ်စီ စွဲကိုင်လာတဲ့ အခြေအနေမျိုးကိုရောက်ရှိလာလျင်တော့ အဲဒီတိုင်းပြည်ရဲ့ အခြေအနေဟာ မင်းမဲ့စရိုက်ဆန်ဆန် ကျောက်ခေတ်သာသာပဲ ကျန်တော့မှာဖြစ်ပါတယ်။

ပြောမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ အဲဒီ သမိုင်းတွေ လိုက်တူးနေမယ်ဆိုရင်တော့ ဒီတသက် ကုန်နိုင်ဖွယ်မရှိပါ။ ဟော အခုကြည့်။သူ့ လယ်မြေ သူပြန်ရဖို့ ပြန်တောင်းတဲ့ လယ်သမားတွေကို ကျတော့ တီးထည့်လိုက်တာ အီစလံကို ဝေရော။

ဟိုတနေ့ကတင် မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှူတွေမှာ ရဲတပ်ဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှူ ကို ဗီဒီယိုသက်သေ အထောက်အထားနဲ့တကွ ဘီဘီစီရော၊ အယ်ဂျားဇီးရားကပါ ကမ္ဘာကို မီးမောင်းထိုးပြသွားတယ်။

နောင်မဝေးကွာလှတဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက ရဲဆိုတဲ့ လူတန်းစားတွေဟာ ထားရာနေ၊ စေရာသွား၊ ကျွေးတာစားပြီးလက်တဆုပ်စာ အာဏာရှင်တို့ရဲ့ အလိုကျ အမိန့်မရရင် ဘာမှမလုပ်တတ်ပဲ၊ အမိန့်ရရင်တော့ ဘယ်သူ့မှကို လူမထင် ကျွဲလို၊နွားလို ခိုင်းလို့ ကောင်းတဲ့ သူတို့ကိုသူတို့ Brain wash လုပ်ခံထားရမှန်းတောင်မသိတဲ့ သနားစရာ လက်ကိုင်တုတ် လူတန်းစားတစ်ရပ်လို့ပဲ အမြင်ခံနေကြရတော့မှာ အသေအချာပါပဲ။

အတီး (ဝါးလုံးရှည်)

on Leave a Comment

အသိတရား၊ ကိုယ်ချင်းစာတရားနဲ့ ဆုံးဖြတ်ကြပါ

တဝုန်းဝုန်း လဲပြိုနေတဲ့ အိမ်တိုင်တွေ ကြားမှာ ကြောက်လန့်တကြား ငိုယိုနေတဲ့ ကလေးငယ်တွေ၊ မျှော်လင့်ချက်ကြီးစွာနဲ့ အမေ၊ အမ တစာစာ အော်ခေါ်ပြီး ကိုယ့်ဆွေမျိုးသားချင်းတွေကို ရှာနေတဲ့ အသံတွေကို မင်းတို့ကြားဝံ့ပါသလားခင်မျာ။

မြန်မာလူမျိုးဆိုတာနဲ့ အလုပ်ကောင်းကောင်းတော့ မလုပ်ချင်ပဲ ရေသာခို အချောင်လိုက်၊ လုယက်ဖျက်စီးချင်တဲ့ အချောင်သမားစိတ်ဓာတ်ဆိုတာကြီးကို့ ကမ္ဘာက တွဲပြီး မြင်သွားကြပြီ။ မင်းတို့မရှက်ပေမဲ့ ငါရှက်...တယ်။ ဘုမသိ ဘမသိနဲ့ မှိုင်းတိုက်ခံရပြီး ပါဝင်ကျူးလွန်သူတွေကိုတော့သနားတယ်။သိသိကြီးနဲ့ မလိုတမာ စိတ်ထားပြီး ကျူးလွန်သူတွေတော့ ရွံရှာတယ်။ထွက်ပေါက်မပေးပဲ ဒီလောက် ဖိနှိပ်နေခြင်းမျိုးဟာ ရေရှည်မှာ တည်ငြိမ်ရေးထက် တန်ပြန် လက်တုံ့ပြန် အကြမ်းဖက်မှူကို ဦးတည်နိုင်စေတယ် ဆိုတာတော့နားလည်သင့်တယ်။

သူများဘာသာကို သွားပြီး အသားလွတ်သွား စော်ကားတော့ ရလာတဲ့ ရလဒ်က စော်ကားခံရတဲ့ ဘာသာက ဘာမှ မဖြစ်သွားပဲ ဗုဒ္ဓဘာသာဟာ အစွန်းရောက်ဘာသာ အဖြစ် သတ်မှတ်ခံရတော့တာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များတုန်းက ကမ္ဘာမှာ မြန်မာလူမျိုးဆိုတာ စစ်ဖိနပ်အောက် ပြားပြားဝပ်နေရတဲ့ လူများအဖြစ် နိုင်ငံအပြင်ဖက်ရောက်ရင် အရေးတယူ ပြောဆိုဆက်ဆံခဲ့သော်လည်း အခုအခါမှာတော့ လူများအိုးအိမ် စည်းစိမ်ကို မတရား ရယူဖျက်စီးချင်သော၊ ကြမ်းကြုတ်၍ အသိဉာဏ်ခေါင်းပါးပြီး မြင်ယုံဖြင့် တံထွေးထွေးချင်စရာ အစွန်းရောက် လူမျိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

မတရားမှူကို မနှစ်သက်သော မြန်မာလူမျိုးများ၊ ထို အကြမ်းဖက် သတ္တဝါများအား အားပေးအားမြှောက်ပြုမှာလား၊ ဒါမှမဟုတ် ကိုယ်နဲ့မဆိုင်သလိုပဲ အသာလေး လက်ပိုက်ကြည့်နေနိုင်မှာလား၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဒီလို အဖြစ်ဆိုးတွေ ဖြစ်မလာအောင် ကာကွယ်ကြမှာလားဆိုတာကို ကိုယ်တိုင်သာ ဆုံးဖြတ်ကြပါတော့။

အတီး (ဝါးလုံးရှည်)

on Leave a Comment

သူ့နေရာမှာ ကိုယ်သာဖြစ်ခဲ့လျှင်…

ဆယ်ကျော်သာသာ ရှိမယ်လို့ ထင်ရတဲ့ လူငယ်လေး တစ်ယောက်ရဲ့ သီချင်းတစ်ပုဒ် ဖေ့ဘုတ်ပေါ်မှာ အတော်လေး ရှယ်နေကျလို့ အခုလေးတင်ပဲ သွားကြည့်လိုက်တယ်။

ကျွန်တော်လဲ တစ်ပုဒ်တည်းထင်လို့ သွားကြည့်မိတာပါ။ ဘုရား ဘုရား ၊ဆိုထားတာတွေက မနည်းပါလား။ သင်ပြပေးမဲ့ သူမရှိဘာမရှိနဲ့ ကိုယ်ရူးသွပ်စွာ နှစ်သက်တဲ့ အရာတစ်ခုကို ကိုယ်ထင်ရာ မြင်ရာတွေနဲ့ လျှောက်လုပ်နေပုံရတယ်။ သီချင်းကောင်းတာ မကောင်းတာ အပထား လုပ်ရဲကိုင်ရဲတဲ့ စိတ်ကိုတော့ ချီးကျူးတယ်။ ဝေဖန်ထားတာတွေကလဲ မနည်းပါလား။ အဲဒီ သီချင်းအောက်မှာရော၊ ဖေ့ဘုတ်ပေါ်မှာပါ ပွပလဲနေတာပဲ။ လူတစ်ဖက်သားကို အသားလွတ် ဆဲဆိုပြီး ကဲ့ရဲ့နေကြတာမျိုးကြီးကတော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။

သူ့ ဘာသာသူဖန်တီးထားတဲ့ ၀ါသနာပါလို့ ရိုက်တင်တာ။ကိုယ့်ကို အတင်းလဲ ၀င်ကြည့်ခိုင်းနေတာလဲမဟုတ်၊ အခြားအဆိုတော်တွေလို ဆိုင်းဘုတ်ကြီးတွေ၊ကြော်ငြာတွေနဲ့ လူတွေကို မျက်စိဒုက္ခ နားဒုက္ခပေးနေတာမှ မဟုတ်တာ.။ ကျွန်တော်ကတော့ အဆိုတော်ညီလေးက ပေးချင်တဲ့ ရသ ကတစ်မျိုး၊ပရိသတ်က ရသွားတဲ့ ဟာသ ရသကတစ်မျိုးနဲ့ လွဲမှားသွားတဲ့ ဖျော်ဖြေမှူတစ်ခုလို့ပဲ မြင်ပါတယ်။ ခွင့်မလွှတ်နိုင်တဲ့ အမှားကြီးတစ်ခုကို ကျူးလွန်တာမှ မဟုတ်တာ။ ဆဲဆိုကြိမ်းမောင်းပြီး ကဲ့ရဲ့ရှုံ့ချချင်တတ်တဲ့ အောက်တန်းစားစိတ်ဓာတ် အတော်များများကို တွေ့လိုက်ရတယ်။မြန်မာနိုင်ငံမှာ ကိုယ်ချင်းစာတရား အတော်လေးခေါင်းပါးသွားကြပုံရတယ်။

သူ့နေရာမှာ ကိုယ်သာဖြစ်ခဲ့လျှင်ဆိုတဲ့ အတွေးမျိုး နဲနဲလေးမှ တွေးမိကြပုံမပေါ်ဘူး။များပြားလိုက်တဲ့ အောက်တန်းစားစိတ်ဓာတ်တွေ။ မကောင်းတာကို မကောင်းဘူးလို့ ပြောတာကို လက်ခံပေမဲ့ တဖက်သားကို အနိုင်ယူ လှောင်ပြောင်လိုတဲ့ စိတ်ဓာတ် အခံရှိတဲ့လူတွေကိုပါ ဒီသီချင်းလေး အကြောင်းပြုပြီး သတိထားမိသွားတယ်။

ဘာပဲ ဖြစ်ဖြစ် ဆက်ကြိုးစားပါ ၊ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရင်တော့ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းရင်း အကြံပေးလိုက်ပါတယ် ညီငယ်ငယ်ငယ်ငယ်ငယ်ငယ်ငယ်ငယ်ငယ်ငယ်။

အညွန်း ဗီဒီယိုလင့်ခ်၊ http://www.youtube.com/watch?v=qZr8eLS-OPI

အတီး(ဝါးလုံးရှည်)

on Leave a Comment

လူမျိုးကြီးဝါဒကို အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး မှိုင်းတိုက်ခံရလျှင်…

မတူကွဲပြားပြီး များပြားလှတဲ့ တိုင်းရင်းသားလူမျိုးစုတွေစုပေါင်းနေထိုင်တဲ့ နိုင်ငံတရပ်မှာ ကိုယ့်ရဲ့ ယဉ်ကျေးမှူဟာ အခြားလူမျိုးတွေထက် မြင့်မြတ်တယ်လို့ အထင်ရောက်နေတဲ့၊ (အဲလို မရောက်ရောက်အောင် သမိုင်း ဖတ်စာအုပ် အလိမ်တွေနဲ့ သင်ကြားခံခဲ့ရတဲ့) လူမျိုးစုတခု ရှိနေရင်၊ဒါမှမဟုတ် လူမျိုးကြီးဝါဒကို အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး မှိုင်းတိုက်ခံထားရတဲ့ လူတွေရှိနေရင် လူနည်းစုအပေါ် အကာအကွယ် မပေးနိုင်တဲ့ ဥပဒေ သို့မဟုတ် အုပ်ချုပ်ရေးစနစ်တရပ်ရှိနေရင်တော့ အဲဒီနိုင်ငံကအောက်ခြေ ပြည်သူတွေဟာ ကျီးလန့်စာစားပြီး စစ်ဘေးစစ်ဒါဏ်ကို အရင်ဆုံးခံရတဲ့ သားကောင်တွေဖြစ်ရတတ်ပါတယ်။

ဒီလို ပြဿနာတွေကို ပြေလည်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျှတပြီး ဘက်မလိုက် အာဏာခွဲဝေမှူ စနစ်ကို ကျင့်သုံးနိုင်တဲ့ ဗဟို အစိုးရတစ်ရပ်နဲ့ ခွဲထွက်မှူ ကို မလိုလားတဲ့ ပြည်နယ်အစိုးရများပါဝင်တဲ့အမှန်အကန် ပြည်ထောင်စုကြီးတစ်ရပ် ပေါ်ပေါက်လာမှသာလျှင်ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။မဟုတ်ရင်တော့ သူ့က လာသတ်လိုက် ကိုယ်က ပြန်ချလိုက်နဲ့ ထန်းလျှက်ခဲ ခွေးလျက်သလို လုံးပါးပါးရာကနေ စစ်ပြေးဒုက္ခသည်တွေ ကမ္ဘာအနှံ့ကို ပျံ့ကြဲပြီး လူမျိုးပါတုန်းတဲ့ ဘဝကို ရောက်ရပါလိမ့်မယ်။

အဲဒါကမှ တကယ့်ကို အမျိုးပျောက်မှာ စိုးကြောက်စရာပါ။တခါတခါ သူတို့က ကြီးပဲ ဦးအောင် သူခိုးက လူပြန်ဟစ်ဆိုသလို ထထအော်နေတော့လဲ တကယ် အမျိုးပျောက်ဖို့ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားတွေတောင်မှ ဘာပြောလို့ ပြောရမှန်း မသိ။

ကျွန်တော်တို့တိုင်းရင်းသားတွေ အော်ဖို့ ထားကြပါဦးခင်မျာ။ ကိုယ်နယ်မြေမှာ ကိုယ့်လူမျိုး၊ ကိုယ့်စာပေကိုတောင် ကိုယ့်ကလေးတွေကို ကျောင်းမှာ ပြန်သင်ကြားခွင့်မရှိတဲ့ဘဝတွေ၊ ဘယ်လောက် ရင်နာစရာကောင်းလဲ။ နောင် မျိုးဆက်နှစ်ဆက် သုံးဆက်လောက်ဆိုရင် သွားပြီပဲ။ငါက ဘာလူမျိုးဆိုတာ နာမည်ခံပဲရှိတော့တာ၊ ကိုယ့်လူမျိုးစကား ပြောလားဆိုတော့ မပြော၊ ကိုယ့်စာကို ဖတ်တတ်လားဆိုတော့ မတတ် နဲ့ ဟိုမရောက် ဒီမရောက်လေးတွေဖြစ်ကုန်ကြပါလေရော။

အခုလဲကြည့် ကချင် ပြီးတော့ ကရင် အလှည့်လာပြီ။ ကချင်ကိုလည်း အပြီးအပြတ်နိုင်အောင် တိုက်နိုင်လားဆိုတော့လဲ မနိုင်တဲ့ အပြင် အောက်ခြေက စစ်သားလေးတွေပါ အိုနာကျိုးကန်း ဖြစ်ပြီး ပြန်လာခဲ့ရတာ။ အခုတခါ လာပြန်ပြီ ကရင်တွေကို သွေးထိုးစမ်းနေပြန်ပြီ၊ကရင်တွေကို ကရင်ပြည်နယ်မှာ မနေနဲ့ဆိုတော့ ဘယ်မှာသွားနေရမှာလဲ? ဟုတ်ကဲ့ ၊ ရဲဘော် မသေ၊ သေသော် ငရဲမလားပါ၊ အဝီစိသာ လားပါသည်ခင်မျာ။

အတီး (ဝါးလုံးရှည်)

on Leave a Comment

Mother day (အမေနေ့)

ခုဆိုရင် နှစ်တိုင်း မေလထဲမှာ အမေနေ့ ဆိုပြီး အမှတ်အရ လုပ်လာကြတာကိုတွေ့ရတယ်။
လူသားတိုင်း အမေ ကို ချစ်တတ် လာ ကြရင် လောက ကြီး ဟာ ဒီထက် ပို စိတ်ချမ်းသာစရာကောင်းမယ်လို့ ထင်တယ်။ ကိုယ့်အမေ ကိုယ်ချစ်တတ်သလို တပါးသူတွေဟာလည်း မိမိထက် မလျော့တဲ့ စိတ်နဲ့ သူတို့ရဲ့ မွေးသမိခင်၊ ဖခင်တွေကို ချစ်တတ်တယ်၊ သေကွဲ ရှင်ကွဲ ကွဲကြရမှာ ကြောက်ကြတယ် ဆိုတဲ့ ကိုယ်ချင်းစာတရား ထားတတ်ကြရင်တော့ ဒီကမ္ဘာကြီးလဲ အတော် ငြိမ်းချမ်းသွားမှာ...ပဲ။
အမိုးကမလုံ ကြမ်းပြင် က သံတွေက ဟိုထောင် ဒီထောင်နဲ့ မိုးရွာရင် ခွက်တွေ ပုံးတွေနဲ့ ဟိုနေရာ ပြေးခံ ဒီနေရာပြေးခံ ရတတ်တဲ့ ရန်ကုန်မြို့နယ် အချို့က အိမ်ကလေးတွေ အတော်များများမှာ ဟိုပြောင်းဒီပြောင်း လုပ်ရင်းနဲ့ ကျွန်တော် ဘဝ အစစ်အမှန်တစ်ခု အရင်းပြုပြီး ရှင်သန်ကြီးပြင်းခဲ့ရတယ်။ ဘယ်လိုပဲ အခြေအနေ တွေဟာ မပြည့်မစုံဘူး ဆိုပေမဲ့လည်း အမေ့ရဲ့ လက်ထဲမှာ သားတို့ရဲ့ အနာဂတ်ရှိပြီး သားတို့ တွေ ကောင်းမှူ ကုသိုလ်လုပ်မှ ရောက်ရမဲ့ နတ်ပြည် သုခဘုံဆိုတာဟာ အမေ့ရဲ့ ခြေဖဝါးအောက်မှာ ရှိတယ်ဆိုတာလည်း ရင်ထဲ အသည်းထဲက ယုံကြည်ပြီးသားပါ။ သိန်းချီတန်တဲ့ ဖုန်းတွေ ၁၅၀၀ တန် ဖြစ်သွားကြပြီ။ သိန်း ထောင်ကျော်တန်တဲ့ ကားတွေ ရာကျော် ဖြစ်သွားကြပြီ ဒီလိုနဲ့ပဲ သားမိုက်တစ်ယောက် ရုပ်ဝတ္တုတွေ နောက် ဖိနပ်ပါးအောင် ပြေးလိုက်ရင်း အမေနဲ့ ဝေးကွာသထက် ဝေးကွာခဲ့ရတယ်။ ဖြူစင် မေတ္တာ အကြင်နာမှ တစ်ပါး အခြားပေးစရာ ဘာမှ မရှိပေမဲ့လဲ အမေ ဟာ အမေ ပါပဲလေ။ သားကိုသခင်၊ လင်ကို ဘုရား ဆိုစကား ရှိမြဲရှိလည်း ဒီထက်ပိုကြောင်း လူတိုင်း သိတယ်။ အမေ့ဂုဏ်ကျေးဇူးအတွက် ခိုင်းနှိုင်းစရာတွေရှိစကောင်းပေမဲ့ စကားလုံးတွေနဲ့ ဖော်ပြရတာ မလုံလောက်ဘူး လို့ထင်တယ်။

အမေကတော့ သားတို့ကို ထားရစ်ပြီး ငြိမ်းချမ်းသွားပေမဲ့ ကျွန်တော်တို့ကတော့ ဂရုဏာတရား ခေါင်းပါးလှတဲ့ နွေခေါင်ခေါင် လောက ကန္တာရကြီးကို ကိုယ်ကျင့်တရား ဆိုတဲ့ ထီးကို ဆောင်းပြီး တခါတရံမှာတော့ မုသာဝါဒဆိုတဲ့ ခြေနင်းက ချနင်းသင့် နင်းနေရတုန်းပါပဲ။ တခါတလေ ပါးပြင်ပေါ်မှာ မြစ်နှစ်စင်း ဖြစ်ပေါ်လာတတ်တဲ့ အခါမျိုးတွေမှာ အမေ့မျက်နှာကို မြင်ယောင်ပြီး ခွန်အားသစ်တို့ ပို့ ပေးပါလို့ ဆုတောင်းလိုက်ပါတယ် အမေ။

အတီး(ဝါးလုံးရှည်)

on Leave a Comment

နေမျိုးဝေ၏သရုပ်မှန်အားဖော်ထုတ်ဖွင့်ချခြင်း

အခုတလော အင်တာနက်စာမျက်နှာများပေါ်မှာ အများစိတ်ဝင်စားနေတဲ့သတင်းတစ်ပုဒ်ကို သတိထားမိပါတယ်။နေမျိုးဝေက ကုရ်အန်ကျမ်းစာကိုလွတ်တော်တင်မယ် တရားစွဲမယ်ပြင်ဆင်ခိုင်းမယ်ဆိုတဲ့ ဟာသသတင်းတစ်ပုဒ်ကြောင့် နေမျိုးဝေဆိုတာ ဘယ်သူလဲ ဘယ်လိုလူမျိုးလဲ.....ပြီးအများကအာရုံစိုက်လာအောင်တော့လုပ်နိုင်ခဲ့တဲ့အတွက်သူ့အကြောင်းသိအောင်ဒီစာကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ်ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင်အောင်လို့ပြောပြပါရစေ ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာ ကျနော်တို့ကျောင်းသားတွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက်စကားများကို နားထောင်ရင်းအထင်ကြီးလေးစားခဲ့သူတစ်ဦးပါ။ကျနော်သိရသလောက် နေမျိုးဝေရဲ့ဇာတိမြို့ဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့ပတ်လမ်း(၄)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အမည်မှာဦးလှမြင့် ဖြစ်ပါတယ်။သူရဲ့အဖေကိုအဘိဓာန် လှမြင့်လို့ ခေါ်သူတွေ လဲရှိကြပါတယ်။ ကျနော် RIT ပထမနှစ်တက်ရောက်နေစဉ်တုန်းက နေမျိုးဝေဟာ လေကြောင်း ပညာအဓိက ဘာသာရပ် မှာတက်ရောက်နေသူဖြစ်ပြီး ၁၉၉၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့အင်းစိန်စော်ဘွားကြီးကုန်း မှာကျောင်းသားနဲ့စည်ပင်ရဲအရာရှိတို့ကြား ပြသနာဖြစ်ရာ မှအစပြု၍ ၁၉၉၆အာဏာ ရှင်ဆန့် ကျင်ရေး ကျောင်းသားလျုပ်ရှားမှုမှာခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုစိုးထွန်း။ ကိုမျိုးရန်နောင်သိန်း။ ကိုသွင်လင်းအောင်(ခ)ပက်စီ အပါအ၀င်ကျောင်းသားခေါင်းဆောင် များနဲ့ လက်တွဲပြီး တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ခဲ့ပါတယ်။ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပွဲညပိုင်း တရားဟောရာမှာလဲပါ ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းကျောင်းသားလှုပ်ရှားမှု ကိုစစ်အစိုးရမှနှိပ်ကွပ်ချေမှုန်းခဲ့တဲ့အချိန်မှာ နေမျိုးဝေဟာ အတူလက်တွဲ ခဲ့တဲ့ရဲဘော်သူငယ်ချင်းတွေနဲ့ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုင်း ထောက်လှမ်းရေး စစ်ကြောရေးစခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့စည်းရုံးသိမ်းသွင်းခြင်းခံရသူဖြစ် သွားခဲ့ပြီး ၉၆ကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်၍ မိမိနှင့်အတူလက်တွဲပါဝင်ခဲ့သော ရဲဘော်သူငယ် ချင်းများဖြစ်သည့် စိုးထွန်း ။ သွင်လင်းအောင်။မျိုးရန်နောင်သိန်း။ အပါအ၀င်၉၆ကျောင်းသား လှုပ်ရှားမှုမှာ မိမိကိုယ်တိုင်ပါဝင်ပါလျှက်အခြားသူများအပေါ် အပြစ်များပုံချခြင်း မမှန်မကန်ထွက်ဆိုဝန်ခံခြင်း မိမိစစ်ကြောရေးဒဏ်သက်သာစေရန် မျက်နှာလိုမျက်နှာရ ဇာတ်လမ်းများထွင်၍၀န်ခံခြင်း များပြုလုပ်ခဲ့ရာမှ၎င်းတစ်ဦးတည်းသာ ထောက်လှမ်းရေး၏ဖမ်းဆီး ထိမ်းသိမ်းခံရခြင်းမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့တဲ့ကျောင်းသား သစ္စာဖောက်တစ်ဦးဖြစ်ပါတယ်။ နေမျိုးဝေဟာ ၎င်းနဲ့လက်တွဲခဲ့တဲကျောင်းသားများအကျဉ်းထောင် များအတွင်းစစ်ကြောရေးစခန်း များအတွင်းညဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် ထိုစစ်ကြောရေးစခန်းမှ တစ်ကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းခဲ့ပြီး နောက်ပိုင်းထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမျိုးသားထောက်လှမ်းရေးအမှတ်(၁၂) ၀န်းထဲကိုအ၀င်အထွက်ရှိလာခဲ့ ပြီးကျောင်းသား လှုပ်ရှားမှုမှာ ဖမ်းဆီးခံရခြင်းမရှိသေးတဲ့ကျောင်းသားခေါင်းဆောင်ပိုင်းများကို စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ သတင်းပေးတစ်ဦးအဖြစ် ထောက်လှမ်းရေးများအားကူညီခြင်း အာဏာပိုင်များနှင့်အဆင်ပြေအောင်နေထိုင်ခြင်း များပြုလုပ်၍မိမိ၏ဘ၀ရပ်တည်ရေးနှင့် ကိုယ်ကျိုးအတ္တ သာကြည့်တော့သည့်ကျောင်းသားသစ္စာဖောက်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၉၆ခုနှစ်နောက်ပိုင်းမှစ၍ အာဏာပိုင်များမှချီးမြင့်သောငွေကြေးနှင့် အခွင့်အရေးများရယူကာ နိုင်ငံရေးလောကမှခပ်ကင်းကင်းနေထိုင်လာပြီးနောက်ပိုင်း မိမိတတ်ကြွမ်းသည့်လေကြောင်းပညာ အင်ဂျင်နီယာတစ်ဦးအဖြစ် မင်္ဂလာဒုံလေဆိပ်တွင် လေယာဉ်စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာ တစ်ဦးအဖြစ်လုပ်ဆောင်နေခဲ့ရင်း ၂၀၀၆ခုနှစ်သို့ရောက်သောအခါ အတူလက်တွဲလုပ်ဆောင် ခဲ့သည့် ၉၆ကျောင်းသားများအပါအ၀င် ၁၉၈၈ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်ပိုင်း ၈၈မျိုးဆက်အဖြစ်ပြန်လည်စုစည်း မိသောအခါ ထိုအဖွဲ့အနီးသို့ချည်းကပ်ရန် ကြိုးစားခဲ့ပြန်ပါတယ်။၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ၁၉၈၈ခုနှစ်မှစ၍ ၁၉၉၆။၁၉၉၈။ နိုဗယ်ကျောင်းသားလှုပ်ရှားမှုအပါအ၀င် ၂၀၀၇မျိုးဆက်အထိ ကျောင်းသားမျိုးဆက်များပါဝင်တာကြောင့် နေမျိုးဝေ၏ထောက်လှမ်းရေးနှင့် ပေါင်း၍သတင်းပေး လုပ်ခဲ့မှု အတူလက်တွဲ့သည့်ရဲဘော်သူငယ်ချင်းမျာအပေါ်သစ္စာဖောက်ခဲ့မှု များကိုသိရှိသည့် ၉၆ကျောင်းသားများသည် နေမျိုးဝေ၏၈၈မျိုးဆက်ကျောင်းသား အဖွဲ့အနီးသို့ ချည်းကပ်လာမှု အပေါ်ကန့်ကွက်သတိပေးမှုကြောင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အတွင်းသို့ ချည်းကပ်ရာ မအောင်မြင်ခဲ့ပေ။ထိုနောက်ပိုင်းတွင်နေမျိုးဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်တွင်ကျင်းပပြုလုပ်သော နိုင်ငံရေးအခမ်းအနားပွဲများ သို့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များတက်ရောက် လာမည်ကိုသိရှိသောနေမျိုးဝေဟာ NLD ရုံးအနီးတွင်သွားရောက် စောင့်ဆိုင်း၍ ကိုမင်းကိုနိုင်အပါအ၀င်၈၈ခေါင်းဆောင်များ အားမိမိကိုယ်ပိုင်ကားဖြင့် လိုက်ပို့ ပေးမည်ဖြစ်ကြောင်း ၀င်ရောက်ရောနှော၍ စကားရောဖောရောပြုလုပ်ခဲ့သော်လည်း၎င်း၏ လုပ်ရပ်များကိုသိရှိနေသောကြောင့် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှလက်မခံခဲ့ပါဘူး။ ထိုသို့နည်းဖြင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ အနီးချည်းကပ်ရာမရသဖြင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက် HRDP မှဦးမြင့်အေး ဦးအောင်ဇော်ဦး ဦးမောင်မောင်လေး တို့အနီးသို့ထပ်မံချည်းကပ်၍ မိမိသည်ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ အာဏာရှိစဉ် ကာလကအဆင်ပြေဖူးခဲ့သူတစ်ဦးဖြစ်ကြောင်း ထို့ကြောင့် အရေးကြီး သည့်လျှို့ဝှက်စာရွက် စာတမ်းများ မိမိထံတွင်ရှိနေကြောင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့မှအကြီးအကဲများ ထောင်ထဲမရောက်ခင်က မိမိအားအပ်နှံသွားပါကြောင်း ထိုသူများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပေးမည်ဖြစ်ကြောင်း ပြောဆို၍ချည်းကပ်ခဲ့သော်လည်း HRDP ခေါ် လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများကွန်ရက်မှ တာဝန်ရှိသူများသည်၎င်း၏ နောက်ခံ အားကြားသိထားပြီး ဖြစ်သောကြောင့် လက်မခံခဲ့ပေ။ထိုသို့  ၈၈ မျိုးဆက် HRDP နှင့်အဆင်မပြေသောကြောင့် NLD ပါတီအားမြို့ နယ်အဆင့်မှစ၍ချဉ်းကပ်ပြန်ရာနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် စမ်းချောင်းမြို့နယ် NLD လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များအား မိမိအားအထင်ကြီးလေးစားလာစေရန် နိုင်ငံရေးစကားများပြောခြင်း စာရွက်စာတမ်းများရိုက်နှိပ်ပေးခြင်း ဖြန့်ဝေရန်စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများနှင့် NLD ပါတီအားထပ်မံချဉ်းကပ်ပြန်လေသည်။ သို့သော်၎င်း ၏သတင်းပေးလုပ်ခဲ့ဖူးခြင်း ကျောင်းသားသစ္စာဖောက်ဖြစ်ခဲ့ဖူးခြင်းများ စသည့်အကြောင်းများကို NLD ပါတီဝင်လူငယ်များမှ သိရှိသွားသောအခါ နေမျိုးဝေနှင့် အဆက်အဆံမပြုလုပ်ကြတော့ပေ။

၂၀၀၇တွင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့်အတူ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ သော်လည်း နေမျိုးဝေသည် မည်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းမရှိခဲ့ပေ။ အန္တရယ်ရှိသည့် နိုင်ငံရေးစွန့်စားမှု တစ်ရပ်သာဖြစ်ကြောင်း ထောင်ကျခံနိုင်ငံရေးဖြစ်သည့်အတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတစ်ယောက်လဲမဟုတ်ခဲ့ပေ။ ထို၂၀၀၇ရွှေဝါရောင်တော်လှန်ရေး၏ နိုင်ငံရေးတွန်းအားဖြင့် ပေါ်ပေါက်လာခဲ့သော ၂၀၁၀ရွေးကောက်ပွဲ အခင်းအကျင်းတွင်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အမည်ဖြင့်ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်၍ မိမိ၏နိုင်ငံရေးပုံရိပ်ကို မိမိဘာသာပုံဖော်လုပ်ဆောင်လာသူတစ်ဦး ဖြစ်ပြီးထိုစဉ်အချိန်က NLD ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ မ၀င်ခြင်းမှတ်ပုံမတင်ခြင်းအပေါ် ပြင်းထန်စွာဝေဖန် ပုတ်ခတ်ရှုံချခဲ့သူတစ်ဦးဖြစ်သည် ၂၀၁၀ရွေးကောက်ပွဲအား နေမျိုးဝေ၏ P&D ပါတီခေါ် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုမရရှိခဲ့သဖြင့် တစ်နေရာမှအနိုင်ရခဲ့ခြင်းလဲမရှိပေ။ နေမျိုးဝေ၏ အမဖြစ်သူမစန္ဒာဝင်း မှာလဲဘိုကလေးမြို့တွင်အကိုဖြစ်သူနှင် အဆင်ပြေရင်းနှီးသော ထောက်လှမ်းရေးများ အာဏာပိုင်များနှင့် နားလည်မှုရယူ၍ နှစ်လုံးထီချဲဒိုင်အဖြစ် ဥပဒေနှင့်မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြိး ငွေကျပ်သိန်းပေါင်း ၄၀၀/၅၀၀ ခန့်အထိ နှစ်လုံးထီ လုပ်ငန်းတွင်အလျော်မပေးနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးသူဖြစ်ပြီး အိမ်ထောင်ရေး အရှုပ်တော် ပုံများလူမှုရေးဖောက်ပြန်မှုများ ရှိခဲ့ဖူးသူဖြစ်သော်လည်း အကိုဖြစ်သူ၏တိုက်တွန်းမှုဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သော်လည်း အနိုင်ရရှိခြင်းမရှိခဲ့ပေ။ နေမျိုးဝေသည် ၂၀၁၂ခုနှစ် အတွင်း၎င်းပါတီရုံးစိုက်ရာ မင်္ဂလာဒုံမြို့နယ်အနီးတွင် ဇေကမ္ဘာဦးခင်ရွှေမှ စက်မှုဇုန်စီမံကိန်း မြေနေရာအတွက် လယ်ယာမြေများသိမ်းယူရာမှ လယ်သမားအရေးအား ပါတီ၏ပထမဦးဆုံး နိုင်ငံရေးတိုက်ပွဲအဖြစ် လယ်သမားများဖက်မှ ၀င်ရောက်ရပ်တည်ပေးခဲ့ရာမှ ဇေကမ္ဘာဦးခင်ရွှေနှင့် ထိပ်တိုက်အခြေအနေထိ ရောက်ခဲ့ဖူးသူဖြစ်ပြီး ဇေကမ္ဘာဦးခင်ရွေ၏တရားစွဲဆိုမှုကိုရင်ဆိုင်ကာ ဂျာနယ်အင်တာဗျူးများလုပ်၍ အများပြည်သူစိတ်ဝင်စားခံရမှု ရရှိရန်လုပ်ဆောင် ခဲ့သူလည်း ဖြစ်သည်။ထိုသို့ဇေကမ္ဘာဦးခင်ရွှေနှင့် အမှုဖြစ်ရာမှတရားရုံးတွင်တရားရင်ဆိုင်ရင်း ဇေကမ္ဘာ ဦးခင်ရွှေ နှင့် တစ်စတစ်စရင်းနှီးလာရာ ဇေကမ္ဘာဦးခင်ရွှေ၏နေအိမ်သို့ပင် ၀င်ထွက်သွား လာရာ မှအစပြု၍ ငွေကြေး မက်လုံးများဖြင့်ဆွဲဆောင်သိမ်းသွင်းခံ ခဲ့ရသူဖြစ်ခဲ့လေသည်။ စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ လက်ဝေခံ ဘာသာရေးအခြေခံသည့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောဗုဒ္ဒဘာသာသာသနာ့ နုဂ္ဂဟအသင်း၏ ၉၆၉လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်နေမျိုးဝေအား ဦးခင်ရွှေ မှစည်းရုံး နိုင် ခဲ့လေသည်။ ထို့နောက်မူဆလင်ဆန့်ကျင်ရေးလူမျိုးရေးပဋိပက္ခများ ဖြစ်လာစေရန် ဖန်တီးခြင်းများ ကိုပင်လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် နေမျိုးဝေသည်

၁။ နိုင်ငံရေးလောကတွင်ထင်ပေါ်ကျော်ကြားလိုသူ။

၂။ အများပြည်သူမှ၎င်း၏အမည်ကို စိတ်ဝင်စားစေရန် လုပ်ဆောင်နေသူ။

၃။ မိမိထင်ပေါ်ကျော်ကြားမှုရှိရန် အများအာရုံစိုက်စေရန် နိုင်ငံရေးလှည့်ကွက်များ ထွင်တတ်သူ။

၎။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ စည်းရုံး သိမ်းသွင်းခြင်းခံရပြီး သတင်းပေးအဖြစ် ရပ်တည်ခဲ့သည့်ကျောင်းသားသစ္စာဖောက်ဖြစ်သူ။

၅။ ၂၀၁၀ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်NlD ပါတီအားဝေဖန်ရှုံချ၍ P&D ပါတီ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (မ.င.ပ) အားထူထောင်ခဲ့သူ။

၆။ မိမိအကျိုးကိုသာကြည့်၍ ၁၉၉၆ကျောင်သားလှုပ်ရှားမှုတွင် အတူလက်တွဲခဲ့သောရဲဘော် သူငယ်ချင်းများအကြောင်းကို ဖွင့်ချဖော်ထုတ်၍ ထောက်လှမ်းရေးသတင်းပေးအဖြစ် သစ္စာဖောက် ခဲ့သူ။


ရေးသားသူ၊ ၁၉၉၆ ကျောင်းသားရဲဘော်တစ်ဦး။

မူရင်းစာ၊ https://www.facebook.com/dreammarchant/posts/160875137424421

အတီး၏ မှတ်ချက်၊ သမိုင်းကြောင်းကောင်းတာမကောင်းတာ အသာထားလို့ ၊ ရွှေဝါရောင် တော်လှန်ရေးမှာ ထမီခြုံပြီး ပုန်းနေကတည်းက နေမျိုးဝေရဲ့ ဇကို မှန်းလို့ ရနေပြီ။