Showing posts with label Internationals. Show all posts
Showing posts with label Internationals. Show all posts

Saturday, September 7, 2013

on Leave a Comment

မုန်းတီးရေး မီဒီယာ၊ သွေးထိုး လှူံ့ဆော်မှူနှင့် ဦးဆောင်ခဲ့သူတို့၏ နိဂုံး



Photo Credit: Internet

၁၉၉၄ခုနှစ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှူကြီး အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ ထူးခြားချက်အနေနဲ့ "ဟဆန်ဂီဇီ"၊ "ဂျင်း ဘော့စကို" နဲ့ "ဖာဒီနန် နဟီမားနား" လို့ အမည်ရတဲ့ နာမည်ကြီး မီဒီယာ သမားသုံးယောက်လဲ ပါဝင်ပါတယ်။

၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို "ဟဆန်ဂီဇီ" (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန်တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါအစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်းကာလအတွင်း အသံလွှင့်တဲ့နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိ ရေဒီယိုအစီအစဉ်နှစ်ခုက တာဝန်ရှိသူတွေဟာ တသက်တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ်တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။

"ဖာဒီနန် နဟီမားနား" ကတော့ Radio Télévision Libre des Mille Collines ကိုတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြင်သစ် ဒီးဒရော့ ယူနီဗာစီတီ ထွက် ပညာတတ်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် စာရေးဆရာနှင့် သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်ကာ ရဝမ်ဒါ သမိုင်းနှင့် ပတ်သတ်၍ အငြင်းပွါးဖွယ် စာအုပ်စာတမ်းများစွာကို ပြုစုရေးသားခဲ့သူတစ်ယောက်လည်းဖြစ်သည်။ အရေး အခင်း ကာလ အတွင်း သူတည်ထောင်ခဲ့သော ရေဒီယိုမှ မဟုတ်မမှန်သော သတင်းများနှင့် အမုန်းတရားများကို လေလှိုင်းမှ တဆင့် လှုံ့ဆော်ခဲ့သောကြောင့် နိုင်ငံတကာခုံရုံး၌ တစ်သက်တကျွန်း ပြစ်ဒါဏ်ကိုခံစားခဲ့ရသည်။ သို့သော်လည်း သူ၏ အယူခံဝင်မှူကြောင့် တစ်သက်တကျွန်း ပြစ်ဒါဏ်မှ အနှစ် ၃၀ သို့ ပြောင်းလဲ လျှော့ပေါ့ပေးကာ ယနေ့ထိတိုင်အောင် မာလီ နိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အပြစ်ဒါဏ်ကို ခံစားလျက်ရှိသေးသည်။

"ဂျင်း ဘော့စကို" ဟာလည်း Radio Télévision Libre des Mille Collines မှ တာဝန်ရှိသူတစ်ဦးဖြစ်ကာ မဟုတ်မမှန် ဝါဒဖြန့်မှူ များအတွက် ထောင်ဒါဏ် ၃၅ ပြစ်ဒါဏ်ချမှတ်ခံရကာ ဘီနင် ရီပတ်ဗလစ် နိုင်ငံရှိ အကျဉ်းထောင်အတွင်း အပြစ်ဒါဏ်ကို ခံစားနေဆဲတွင်ပင်ဧပြီလ ၂၅ ရက် ၂၀၁၀ ခုနှစ်၌တွင်ပင် အသည်းရောင် အသားဝါ စီပိုး ဖြင့် ကွယ်လွန်သွားရရှာလေသည်။

အထက်ပါ လူများ အားလုံး ကိုင်တွယ်ခဲ့သော ဂျာနယ်၊ ရေဒီယို အစီအစဉ် များမှာ ထို အချိန်က ရိုးသားသော ပြည်သူများအတွင်း အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုပြီး မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့် ထုတ်လွှင့်တင်ဆက်မှူကြောင့် လူကြိုက် အများဆုံး၊ရေပန်း အစားဆုံးနှင့် အောင်မြင်မှူ များ ဖြစ်ခဲ့သော်လည်း အရေးအခင်းကြီး ပြီးဆုံးသွားချိန်မှာတော့ ရည်ရွယ်ချက် မကောင်းမှူကြောင့် အထက်မှာ တင်ပြခဲ့သည့် အတိုင်း လူ့ဘဝ ၏နေဝင်ချိန်များကို သံတိုင်များနောက်တွင် လူမသိ၊သူမသိ ကုန်ဆုံးသွားခဲ့ရလေသည်။

တူညီသော အချက်များမှာကား ၄င်းတို့ မုန်းတီးခဲ့သည့်လူများအား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေ နှင့် မညီသော အမှူများကို ပြူလုပ်လေ့ရှိသူများ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သမားများ၊ ဖောက်ပြန်ရေး သမားများ၊ ယဉ်ကျေးမှူ ကို ဖျက်ဆီးမည့်သူများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး အလိုရှိသည့်ပစ်မှတ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင် အခြား နိုင်ငံသားများနှင့် မတူ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ ယဉ်ကျေးမှူ မြင့်မားသူများ၊ မြင့်မြတ်သောလူမျိုးများ၊ မဟုတ်မခံ စိတ်ရှိသူများ၊ သူရဲကောင်း စိတ်ဓာတ်ရှိသူများ၊ အမျိုးဘာသာသာသနာသန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ စသည်ဖြင့် မိမိတို့ကိုယ်မိမိ ပြန်သတ်မှတ်ကြခြင်းပင်ဖြစ်သည်။

တနည်းဆိုရသော် လူသားတိုင်းမှာ ပါရှိသည့် အတ္တ ဟူသော ချို့ယွင်းချက်ကို နားလည်ထားကြပြီး မိမိတို့ ကိုယ်ကျိုးနှင့် မုန်းတီးမှူများ အတွက် ပြည်သူများကို ချနင်း၍ အသုံးချသွားခြင်းပင်ဖြစ်သည်။ ထိုအတ္တလွန်ကဲ ချို့ယွင်းချက်သည် နဂို မွေးရာပါ ဉာဏ်ရည် ဉာဏ်မပြည့် မှီသောကြောင့်ဖြစ်နိုင်သလို ၊ ကိုယ်မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်မှ ငါတကောကောသည့် အယူအဆများ ငယ်စဉ်မှ စ၍ နှစ်ရှည်လများ တစတစ ရိုက်သွင်းခံထားခြင်း သို့ လူတန်းစား တစ်ရပ်ကိုဦးတည်၍ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စွာ မနေနိုင်စေရင် Brain wash လုပ်ခံထားရခြင်း (သို့) မှိုင်းတိုက်ခံထားရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် မြေယာ အငြင်းပွါးမှူ ပြဿနာများ၊ အလုပ်လက်မဲ့ နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် အလှမ်းဝေးနေသေးခြင်း တို့ကဲ့သို့သော အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲ ဆိုးရွားသော အခြေအနေကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်သလို ထို့ ဦးဆောင်သူများ၏ နိဂုံးဟာ လည်း သိပ်မကောင်းလှကြောင်းကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါသည်ဟု တင်ပြလိုက်ရပါသည်ခင်မျာ။

ဆက်စပ်ပို့စ် ဖတ်ရှုရန်=> ၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှု

အတီး (ဝါးလုံးရှည်)

Sunday, June 2, 2013

on Leave a Comment

ကမ္ဘာတလွှား ထူးထူးခြားခြား ဥပဒေများ

-- ဗြိတိန်နိုင်ငံ၏ ကမ်းခြေတစ်နေရာတွင် ဝေလငါး တစ်ကောင် တွေ့ရှိလျှင် ဦးခေါင်းပိုင်းသည် ဘုရင် ၏ ဘဏ္ဏာတော် ပိုင်ပစ္စည်းဖြစ်ပြီး အမြီးပိုင်းသည် ဘုရင်မကြီး ပိုင်ဆိုင်သော ပစ္စည်းအဖြစ် သိမ်းဆည်းနိုင်သည်။

-- ဗြိတိန်နိုင်ငံ၏ ပါလီမန် အဆောက်အဦးထဲတွင် မည်သူတစ်ဦးတစ်ယောက်မှ သေဆုံးခွင့် မပြု။

-- အမေရိကန် နိုင်ငံအရီဇိုးနား ပြည်နယ်တွင် မြည်းတစ်ကောင်ကို ရေချိုးဇလားအတွင်းထည့်၍ ရေချိုးခွင့်မရှိ။

-- ဆွစ်ဇာလန် နိုင်ငံတွင် ဝတ်လစ်စလစ်ဖြင့် တောင်တက်ခြင်း ကို ခွင့်မပြု။

-- ၁၈၀၀ ပြည့်နှစ်ဝန်းကျင် ဥရောပ တွင် သင်သည် သေကြောင်းကြံစည်ပြီး မအောင်မြင်ပါက သေဒါဏ်ကျခံရမည်ဖြစ်သည်။

-- ပထမ ကမ္ဘာစစ် အတွင်း ပြင်သစ် စစ်တပ်တွင် လိင်တူဆက်ဆံပါက သေဒါဏ်ဖြစ်သည်။

-- ရှေးခေတ်ရောမ တွင် အိမ်ထောင်ဦးစီး ဖခင်သည် မိမိအိမ်သား များကို တရားဝင် သတ်ဖြတ်ခွင့်ရှိသည်။

-- ရှေး ခေတ် ဂရိတွင် မိန်းမတယောက်သည် အိုလံပစ်ပွဲ ကို တကြိမ် ဝင်ရောက် ကြည့်ရှူရုံမျှနှင့်ပင် သေဒါဏ်ထိုက်သည်။

-- ပြင်သစ် နိုင်ငံတွင် ဝက်များကို နပိုနီယန် အဖြစ် နာမည် ပေးခွင့်မရှိ။

-- အာဖရိကတိုက်ရှိ ဆွာဇီလန် နိုင်ငံတွင် အမျိုးသမီးများ ဘောင်းဘီ ဝတ်ခွင့်မရှိ၊ တွေ့ရှိပါက စစ်သားများမှ လူပုံအလယ်တွင် ဆွဲချွတ်ခွင့် ရှိသည်။

-- အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ် ဥပဒေတွင် တောထဲရှိ စိုင် တစ်ကောင်ကို လေယာဉ်ပေါ်မှ ကြည့်ရှူခြင်း ခွင့်မပြု။

-- အာကန် ဆော ပြည်နယ်၏ စာလုံးပေါင်းကို မှန်အောင် မပေါင်းနိုင်ပါက ဥပဒေကို ချိုးဖောက်ရာ ရောက်သည်။

--နယူးယောက် မြို့တွင် မျက်မမြင်များ ကားမောင်းခြင်းအား ခွင့်မပြု။

-- တင်နစီ ပြည်နယ်တွင်မှူ အိပ်ပျော်လျှက် ကားမောင်းပိုင်ခွင့် မရှိ။

-- ဂျော်ဂျီယာ ပြည်နယ်တွင် ဆံညှပ်သမားတစ်ယောက်သည် ဆံညှပ်နှုန်းထားအား ကြော်ငြာခွင့်မရှိ။

-- အိုကလာဟိုးမား ပြည်နယ်တွင် ဘေ့စ်ဘော ကစားသူများသည် ခြံစည်းရိုးပေါ်သို့ ကျော်အောင် (သို့) ကစားကွင်းအပြင်သို့ ရောက်အောင် ဘောလုံးကို ရိုက်ခွင့်မရှိ။

-- မြန်မာနိုင်ငံ တွင် လူမြင်ကွင်း၌ နှုတ်ခမ်းချင်း တေ့၍ စုပ်နမ်းခြင်းသည် ယဉ်ကျေးမှူမရှိပဲ ရိုင်းစိုင်းသည်ဟု သတ်မှတ်နိုင်သော်လည်း လူမြင်ကွင်း၌ အပေါ့သွားခြင်း၊ အလေးစွန့်ခြင်းများ ပြုလုပ်နိုင်သည်။

--မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သင်သည် အမှိုက်များကို လမ်းပေါ်သို့ နေရာမရွေး စွန့်ပစ်နိုင်သည်။ သို့သော်အခြား လူများပစ်ထားသော အမှိုက်များကို ကောက်ယူခြင်းသည် ဥပဒေနှင့် ညိစွန်းသည်။

အတီး (ဝါးလုံးရှည်)

Saturday, March 16, 2013

on Leave a Comment

ချော့ကလက် လက်ပတောင်း ၊ ထိန်ပင်စောင့် ကျွဲရိုင်း၊ ဇာဘုရင် ဦးသိန်းစိန် နဲ့ဖေ့ဘုတ်ပေါ်က ဘော်ရှီဗစ် ပြည်သူများ

The photo of chocolate hills
photo via internet

ပုံမှာ မြင်နေရတာကတော့ ချော့ကလက် တောင်ကုန်းလို့ တင်စားခေါ်ဝေါ်နေကြတဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ရှိတဲ့ တောင်ကုန်းတွေပါ၊ ဒီချော့ကလက် တောင်ကုန်းတွေ ကတော့ မြေကျစ်စာပုံတွေပဲဖြစ်ပါတယ်။အခုအခါမှာတော့ ဒီလို ဖြစ်ပေါ်လာပုံ ရိုးစင်းလှပြီး အရေ အတွက် ထောင်ကျော် ရှိတဲ့ မြေစာပုံတွေနဲ့ လှပတဲ့ နေဝင်ချိန်ကို ကြည့်ရှူခံစားနိုင်ဖို့ ကမ္ဘာအနှံ့က ကမ္ဘာလှည့်ခရီးသွားတွေဟာ ဖိလစ်ပိုင်နိုင်ငံကို တကူးတက ငွေကြေး ကုန်ကျခံကာ လာရောက်နေကြရပြီဖြစ်ပါတယ်၊ ဒီ မြေစာပုံတွေကို အကြောင်းပြုပြီးတော့ ဖိလစ်ပိုင်နိုင်ငံဟာ မီးခိုးမထွက်တဲ့စက်ရုံ ဖြစ်တဲ့ ခရီးသွား လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ သန်းချီဝင်ငွေရရှိနေပြီး ဒီဒေသဟာ လည်း ကမ္ဘာပေါ်မှာ အလည် အပတ် သွားဖို့ အကောင်းဆုံးနေရာစာရင်းထဲမှာ ပါဝင်လာပြီး တစ တစ နာမည်ကျော်ကြားလာလျှက် ရှိပါတယ်။

အခု အချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အသက်မွေးဝမ်းကျောင်းတွေကနေ ပြီး ဒေသခံတွေအတွက် အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးနိုင်မယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

အမြဲတမ်းပြောင်းလဲ နေတဲ့ ကမ္ဘာကြီးမှာ ဒီလို(Paradigm )ပါရာဒိုင်း အပြောင်းအလဲတွေ၊ စဉ်ဆက် မပြတ် တော်လှန်ရေးတွေက ဖြစ်ပေါ်နေဆဲ၊ ဖြစ်ပေါ် လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ ကျွန်တော့ အမြင်ကတော့ ဒီလို ပြောင်းလဲ လာတဲ့ ပါရာဒိုင်း တွေကို မျက်ခြေမပြတ်စောင့်ကြည့်ရင်း ကိုယ်က လိုက်ရောညီထွေဖြစ်အောင် လိုက်ပြောင်းနိုင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ လိုက်မပြောင်းနိုင်ပဲ တင်းခံနေတဲ့ လူတွေပဲ ကျန်ရစ်မှာဖြစ်ပါတယ်။ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပါရာဒိုင်းကတော့ လူတွေကို မစောင့်ပဲ ပြောင်းမြဲပြောင်းနေဦးမှာပဲဖြစ်ပါတယ်။

"ဒို့ တစ်သက်လုံးဒီလိုနေလာတာ အခုမှတော့ မပြောင်းနိုင်ပါဘူး" " တောင်ကြီးကိုပဲ ပြန်လိုချင်တယ်" ဆိုတဲ့ စကားတွေကို ကိုယ်ချင်းစာစိတ် နဲ့ နားလည်ပေးလို့ ရနိုင်ပါတယ်။ လူသားဆန်တဲ့ လူချင်း ကတော့ ဒီလို နားလည်မှူပေး သနားစိတ်မွေးနိုင်ကျပေမဲ့ ပါရာဒိုင်း အပြောင်းအရွှေ့ကြီးကတော့ လူသားမဟုတ်တဲ့ အတွက် ဒီလို နားလည်နိုင်မှူ မပေးနိုင်ပါဘူး။

ပါရာဒိုင်း နောက်ကိုမလိုက်နိုင်တဲ့သူတွေများနေသေးတယ် ဆိုရင်တော့ အဲဒီ နိုင်ငံ အဲဒီဒေသ က အရင်လိုပဲ ဒုက္ခတွေ များနေဦးမှာပဲလို့ သုံးသပ်မိပါတယ်။

ဥပမာ အနေနဲ့ ပေးရရင်တော့ တူရကီ စစ်တပ် က အမြင်သာဆုံးဖြစ်မယ်လို့ထင်ပါတယ်။ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ ပြောင်းလဲဖို့ လိုလာပြီဖြစ်တဲ့ တူရကီ စစ်တပ်ရဲ့ ယူနီဖောင်းနဲ့ သေနတ်တွေကို ပြောင်းလဲဖို့ အမြှော်အမြင်ရှိသူတွေက ထောက်ပြတာကို လက်မခံပဲ ရွှေရောင်လွှမ်းခဲ့တဲ့ ကာလတွေမှာသာ မိန်းမောရင်း ရှေးတူရကီရိုးရာ ဝတ်စုံ ကိုသာ ဖက်တွယ်ခဲ့တဲ့ တူရကီ ရဲ့ အကျိုးဆက်ကတော့ အင်တိုမန် အင်ပါယာကြီး တစစီပြိုကွဲပြီး ကမ္ဘာ့အင်အားကြီးစူပါပါဝါ နိုင်ငံအဆင့်က နေနိုင်ငံငယ် တခု အဆင့်ကို လျှောကျသွားဖို့ အကြောင်းအရင်းများအနက်မှ တခုဖြစ်စေခဲ့ပါတယ်။ ပါရာဒိုင်း အပြောင်းအရွှေ့ကို မလိုက်နိုင်လို့ ကျန်ခဲ့တဲ့ သူတွေပါ။

နောက်တခုက ဆွစ်ဇာလန် နိုင်ငံပါ။ အဲ သူကတော့ မကျန်ခဲ့ဘူးခင်မျ၊ မမှီတမှီလေးနဲ့ လိုက်သွားနိုင်ပုံရပါတယ်၊ ဆွစ်ဇာလန် ထုတ် နာရီတွေဟာ ခွေးသွားစိတ်လေးပေါင်းများစွာနဲ့ အရမ်းကိုတိကျပြီး ခိုင်ခန့်တဲ့ နာရီဖြစ်ကြောင်း ကမ္ဘာကျော်ပြီး နာရီလုပ်ငန်းဟာဆွစ်ဇာလန် နိုင်ငံရဲ့ အဓိက ဝင်ငွေရလုပ်ငန်းပါ။ ဒီလိုနဲ့ ဒစ်ဂျစ်တယ် နည်းပညာဆိုတာကြီးက ပေါ်ထွက်လာပြီး ဒစ်ဂျစ်တယ် ဂဏန်းတွေနဲ့ နာရီထုတ်လုပ် နိုင်တယ် ဆိုတာကို မြင်တဲ့သူတွေက ဆွစ်နာရီလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် နာရီတွေ ထုတ်လုပ်ဖို့ တင်ပြခဲ့ကြပါတယ်တဲ့။

ဒါပေမယ့် လုပ်ငန်းရှင်တော်တော်များများက လက်မခံခဲ့ပါဘူး။ နာရီဆိုတာမျိုးဟာ ဒီလို မဖြစ်သင့်ဘူး၊ မအောင်မြင်နိုင်ပါဘူးလို့ သုံးသပ်ကြပါတယ်တဲ့။ ဒီလိုနဲ့ နောက်ဆုံးတော့ ဒစ်ဂျစ်တယ် နာရီလုပ်ငန်းကို ဂျပန်က သိမ်းပိုက်သွားခံပြီး ဆွစ်နာရီလုပ်ငန်းတွေ လည်း အကြီးအကျယ်အရှုံးပေါ်ပြီး ပြုပြင်ပြောင်းလဲ ရေးတွေ အသေအလဲလုပ်၊ ဆွစ်ဇာလန် နိုင်ငံရဲ့ လှပတဲ့ ရှူခင်းတွေနဲ့ မက်လုံးပေးပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးစားရပါတော့တယ်၊

ဒီလို နဲ့ပဲ အမှီလိုက်သွားနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်၊အခုဆိုရင် ဥရောပတိုက်သားတွေဟာ အားလပ်ရက်များရရင် ဆွစ်ဇာလန် မှာ နှင်းလျှောစီးဖို့ တာစူနေကြပြီး ကမ္ဘာပေါ်မှာ လူနေမှူ အဆင့်အတန်း အမြင့်မားဆုံး နိုင်ငံစာရင်းထဲမှာ ထိပ်ကပါဝင်အောင် ရပ်တည်နေနိုင်ပါတော့တယ်။

ပြောင်းမဲ့ ပါရာဒိုင်းကို ကြိုမြင်ပြီး အခုကတည်းက ကြိုးစားအားထုတ်မှူတွေ တသီတတန်း လုပ်နေကြတဲ့ နိုင်ငံတွေက တော့ အရှေ့အလယ်ပိုင်းက နိုင်ငံအချို့နဲ့ အရှေ့တောင်အာရှမှ စင်္ကာပူ နိုင်ငံငယ်လေးပဲဖြစ်ပါတယ်။

တွက်ချက်မှူတွေ အရ သဘာဝ ကပေးတဲ့လက်ဆောင် ရေနံ သယံဇာတတွေဟာ ၂၀၅၀ ကျရင် ကုန်ခန်းတော့မှာ ဖြစ်တဲ့ ရေနံမရှိရင် တိုင်ပတ်တော့မှာ ကြိုမြင်နေတဲ့ အာရပ်သူဌေးတွေဟာ အခုကတည်းက သဘာဝ မဟုတ်တဲ့ အပြင်အဆင်တွေကို ငွေကြေးဒလဟောသုံး အဆောက်အအုံ ဟိုတယ်ကြီးတွေဆောက်ပြီး ရေပေါ်ဆီလူတန်းစားတရပ်ကို မြှူဆွယ်လို မြှူဆွယ်၊ ပရီးမီးယား ဘောလုံးအသင်းတွေ ပစ်ဝယ်တာတွေ လုပ်ပြီး ပါရာဒိုင်း အပြောင်းအလဲကို ရင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။ ထိုနည်းလည်းကောင်းပါပဲ၊ လူကလွဲလို့ ဘာအရင်းအမြစ်မှ မရှိပဲ ကောင်းမွန်တဲ့ ဆိပ်ကမ်းကိုသာ အားထားနေရတဲ့ စင်္ကာပူ နိုင်ငံငယ်လေးဟာ လည်း အစပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းကို မျက်ခုံးတလှုပ်လှုပ်နဲ့ စောင့်ကြည့်နေပြီး အခြေအနေ မကောင်းပါက လူသာ အရင်းပြုရတဲ့ ပွဲစားလုပ်ငန်း၊ လို ပညာရေးလိုလို ကာစီနိုပဲ ထောင်တော့မလိုလို နဲ့ အကောင်းဆုံး ဖြစ်အောင်ရင်ဆိုင်ဖို့ဆုံးဖြတ်ထားတာကို သတိပြုနိုင်ပါတယ်။

ဒီအပိုင်းကိုတော့ စလုံးရောက် ရွှေမြန်မာများ ကျွန်တော့ထက်ပိုပြီး ရေလည်အောင် ရှင်းပြနိုင်မှာဖြစ်လို့ အကျယ်တဝင့် မရှင်းလင်းတော့ပါဘူး။

စကားမစပ်ပြောရရင်တော့ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ ဘုရင်ဖြစ်ရဲ့သားနဲ့ ကျွဲခတ်လို့ နတ်ရွာစံခဲ့ရတဲ့ အနော်ရထာ ဘုရင် ကြီးဆိုတာရှိတယ်ဗျ၊ ဘုရင် ဆိုတဲ့ အဆင့်အတန်းနဲ့ လိုက်လျောညီထွေမှူ မရှိစွာ လမ်းဘေးမှာ သောင်းကျန်းနေတဲ့ ကျွဲဆိုးကို မှူးမတ်တွေရဲ့ စကား နားမထောင်ပဲ ကိုယ်တိုင် နှိမ်နင်းဖို့ ကြိုးစားခဲ့လို့ ကျွဲရဲ့ ချိုဖျားမှာ အသက်ပါသွားခဲ့တဲ့ ဘုရင်ကြီးပါ။

ကျွဲရိုင်းလောက်ကို နှိမ်နင်းဖို့ သူရဲကောင်းတွေ အများကြီးရှိပါရဲ့သားနဲ့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို ဟိုးအောက်ခြေထိ ပါဝင်ပတ်သက်ခဲ့လို့ ဆုံးရှုံးခဲ့ရတာပါ၊ ဒီလို ပြောလို့ အမေ စုဟာလည်း အနော်ရထာ အဟုတ်သလို နောက်ကွယ်ကလုတစုဟာလည်း ကျွဲရိုင်းမဟုတ်ပါ။

အဲ ထိန်ပင်စောင့်နတ်ကြီး က ကျွဲယောင်ဆောင်ပြီး ဝင်မခတ်ဖို့တော့ သတိထားရပါ့မယ်။ဒီလို မဖြစ်လာပါစေနဲ့လို့လဲ ဆုတောင်းမိပါတယ်၊အခုလောလောဆယ်တော့ အမေစုကိုယ်တိုင်ရော၊ဒေသခံတွေကော၊ ဘေးမှမြင်ရသူတွေပါ စိတ်မချမ်းသာလှပါ။

မဆီမဆိုင် ဝင်ပြောရမယ်ဆိုရင်တော့၊ ရုရှားနိုင်ငံရဲ့ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ဇာဘုရင် မိသားစုတွေရဲ့အကြောင်းကို နည်းနည်းတင်ပြပါရစေ။

ဇာဘုရင် နစ်ကိုးလပ်စ် ဆိုတာက ဘုရင် မဖြစ်ချင်၊ ဖြစ်ချင်နဲ့ အတင်း မလွှဲမရှောင်သာလို့ ဘုရင်ဖြစ်လာရ သူပေါ့၊ တိုတိုပြောရရင်တော့ ဇာဘုရင် နန်းတက်ပြီး နှစ်နှစ် အကြာ မော်စကိုမြို့စွန်က ဧရာမကွင်းကြီးတစ်ကွင်းမှာလုပ်တဲ့နန်းတက်ပွဲ အထိမ်းအမှတ် ပွဲမှာ ဆင်းရဲသား ရူရှားပြည်သူတွေဟာ အစားအသောက်တွေ၊ လက်ဆောင်တွေ ရနိုးနိုးနဲ့ တိုးကြ၊ဝှေ့ကြရင်း လူ ၁၃၀၀ကျော် သေတယ်ဗျာ၊ ထောင်ကျော်လောက် ဒါဏ်ရာတဲ့ လူတွေ ဆေးရုံတွေမှာ ပြည့်လျှံကုန်တယ်။အဲသလောက် တိုင်းပြည်ပျက်နေတဲ့ အချိန်မှာ ဇာဘုရင်ဟာ အေးဆေးပါပဲ၊နန်းတက်ပွဲကို ဆက်လုပ်၊ ပြင်သစ် သံအမတ်စီစဉ်တဲ့ ညနေပိုင်းကပွဲမှာ ဦးရီးတော်ဖြစ်သူရဲ့ အကြံပေးချက်အရ ပြင်သစ် ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို အပျက်မခံနိုင်လို့ စိတ်မပါလက်မပါနဲ့ သွားကနေရပါတယ်။

သူ့ဟာသူ '' စိတ်ထဲကမပါပဲ ကက၊ တကယ် စိတ်ပါလို့ပဲ ကက ပြည်သူရဲ့အမြင်မကြည်လင်မှုကို ခံယူရင်း ဘုရင် စနစ်ကိုဖြုတ်ချ ခဲ့တဲ့ ဘော်ရှီဗစ် တော်လှန်ရေးကြီး အစပျိုးစေဖို့ မျိုးစေ့ချပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ ဟယ် ဘာမှလဲ မဆိုင်ဘူး၊ တို့ ဦးသိန်းစိန်ကြီးကလဲ ဇာဘုရင် မဟုတ်သလို ကျွန်တော်တို့ ဖေ့ဘုတ် တော်လှန်ရေးသမားတွေကလဲ ဘော်ရှီဗစ်တွေမှ မဟုတ်တာ။

ကိုလိုနီခေတ်မှာ ဆရာစံဂဠုန် လယ်သမားတပ်တွေဘက်က မားမားမတ်မတ် ရှေ့နေလိုက်၊ပြီး လူထု အကြိုက်ကို ဆောင်ယူကာ ဝန်ကြီးချုပ်ဖြစ်တော့မှ သခင်ပေါက်စတွေကိုဖမ်း၊အတိုက်အခံတွေကို နှိမ်ကွပ်၊ နောက်ဆုံး နိုင်ငံတော်လုပ်ကြံမှူ တရားခံအဖြစ် ဇာတ်သိမ်းသွားရတဲ့ ဂဠုန်ဦးစော ဆိုတာ ရှိခဲ့ဘူးပါတယ်။

ဟယ် ဘာမှလဲ မဆိုင်ဘူး။ ဒီလို ပြောလို့ ဟန်ဝင်းအောင်တို့က ဂဠုန်ဦးစောမဟုတ်သလို ဒေသခံတွေကလဲ တုတ်ပြီး၊ဓားပြီး တဲ့ ဂဠုန်တပ်သားတွေမှ မဟုတ်တာ။

ဘယ်လို ပဲဖြစ်ဖြစ်၊ ပါရာဒိုင်း ဘာဒိုင်း ညာဒိုင်း စကားကြီးစကားကျယ်တွေ ပြောပြီး လျှောက်ပြောနေရပေမဲ့လဲ ဘာမှ ရွေးချယ်ခွင့်မရှိတော့တဲ့ ဒေသခံ ပြည်သူတွေကို စာနာမိသလောက် အဲဒီ ပြည်သူတွေကို မြောက်ပင့်အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်ချင်နေတဲ့ နိုင်ငံရေးသမားတစုကို နာရင်းပိတ်တီးချင်တယ်။

ဒေသခံတွေထက် ပိုပြီး သနားဖို့ကောင်းတဲ့ လူတွေကတော့ ဘာခံယူချက်မှ မယ်မယ်ရရ မရှိ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှူ လွန်ကျူးပြီး စကားတလုံးကို ဘုရားဟောတမျှ ကိုးကွယ်နေတတ်တဲ့၊ လူများယောင်လို့ လိုက်လို့ ရောင် အမောင် တောင်မှန်း၊မြောက်မှန်းမသိတဲ့ လူတွေပဲဖြစ်ပါတယ်။

အစပိုင်းမတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားလိုလိုနဲ့ တရားစွဲသင့်တယ် ဘာညာ၊ သံမဏိမယ်လို့ မြှောက်ပင့်ပေး၊ ဟော အစီရင်ခံစာလဲ ထွက်လာရော ဒေသခံတွေက ပညာမဲ့ လူတန်းစားတွေက ဒီလိုပဲ လုပ်တတ်ပါတယ် ဖြစ်သွားပါလေရော။

ဒီလို ဝေဖန်လို့ မင်းကော ဘာလုပ်တတ်လဲလို့ လာမေးရင် ကျွန်တော်လဲ ဘာမှ မလုပ်တတ်ဘူးဗျ၊ လုပ်တတ်တာကတော့ ကိုယ့်အမြင်ကို အရှိအတိုင်း အတည့်အတိုင်း ပြောတတ်တာလေး တခုပဲရှိတယ်။ကျွန်တော်လဲပဲ ဒီလို ဝေဖန်လို့ ဓာတ်မတည့်စာစားပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်နေတဲ့ လူတွေ လာဆဲမဲ့ ပါရာဒိုင်းကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ဦးမယ်ဗျာ။

ဟုတ်ကဲ့ ကျွန်တော် မောင်အတီးပါ။ ဝါးလုံးရှည်နှင့် သိမ်းကြုံးရမ်းလိုက်သည်။


အတီး(ဝါးလုံးရှည်)

Thursday, March 7, 2013

on Leave a Comment

ယုံချင်ယုံ မယုံချင်နေ သမိုင်းထဲမှ ဖြစ်ရပ်များ

- ရှေးခေတ် တရုတ်နိုင်ငံတွင် သမားတော်များသည် လူနာကို ပျောက်ကင်းအောင်ကုသနိုင်မှသာလျှင် အခကြေးငွေရရှိသည်။မပျောက်ကင်းပါက ကုန်ကျစရိတ်များကို သမားတော်မှ လူနာဆီသို့ ပြန်၍ပေးအပ်ရသည်။

- အမေရိကန် ပြည်တွင်းစစ် အတွင်းတွင် သေဆုံးသော လူအရေအတွက်မှာ ကမ္ဘာပေါ်ရှိ အမေရိကန် အစိုးရမှ ဆင်နွှဲနေသော စစ်ပွဲများမှ ကျဆုံးအမေရိကန် စစ်သား အရေအတွက်ထက် အဆမတန် များပြားသည်။

- စာရေးဆရာကြီး ချားလ်ဒစ်ကင်း ဟာ အိပ်စက်ရာတွင် မြောက်အရပ်သို့ မျက်နှာမူ၍အိပ်လေ့ရှိသည်။

- ဒုတိယ ကမ္ဘာစစ် အတွင်း၌ မဟာမိတ်များမှ စတင်ကြဲချလိုက်သော ဗုံးမှာ ဂျာမဏီ နိုင်ငံ ဘာလင်မြို့ရှိ တိရိစ္ဆာန်ဥယျာဉ်မှ ဆင်တစ်ကောင်ကိုသာ သေစေလေသည်။

- အလယ်ခေတ်ဥရောပ၌ လူများသည် အရက်ထဲတွင် ရွှေရောင် အမှုန့်များကို ထည့်သောက်ခြင်းသည် ချောင်းဆိုးပျောက်စေသည်ဟု ယုံကြည်ခဲ့ကြသည်။

- မြန်မာနိုင်ငံမှ ပြည်တွင်းစစ်သည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်း စစ်အဖြစ် စံချိန်တင်ထားပြီး ယနေ့ထက်တိုင် ဆက်လက်ဖြစ်ပွါးလျက်ရှိသေးသည်။

- ရှေးဟောင်း အီဂျစ်တွင် လူများသည် မိမိမွေးထားသော ကြောင်များ သေဆုံးသွားသည့် အခါ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြင့် မျက်ခုံးမွှေးများကို ရိတ်ပစ်လေ့ရှိကြသည်။

- ကိုကာကိုလာ ၏ မူလ အရောင်သည် အစိမ်းရောင်ဖြစ်သည်။

- ပန်းခြံထဲတွင် တွေ့ရတတ်သော ဂုဏ်ပြုခံ သူရဲကောင်း ရုပ်ထုများမှ စီးထားသော မြင်း၏ ရှေ့ခြေနှစ်ချောင်းသည် လေထဲတွင် မြောက်နေပါက ထိုသူရဲကောင်းသည် တိုက်ပွဲတွင် ကျဆုံးသွားခြင်းဖြစ်ပြီး ခြေတချောင်းသာ လေထဲတွင် ရှိပါမူ တိုက်ပွဲမှ ရရှိလာသော ဒါဏ်ရာဖြင့် ကျဆုံးခြင်းဖြစ်ပြီး ရှေ့ခြေနှစ်ချောင်းလုံး စုံရပ်နေပါက သာမန် ရောဂါဖြင့် သာ ကွယ်လွန်သည်ဟု အဓိပ္ပါယ်ရသည်။

- လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ခန့်မှ အီဂျစ်လူမျိုးများသည် ပျမ်းမျှ လူ့သက်တမ်း ၃၀ နှစ်လောက်သာ ရှိခဲ့သည်ဟုမှန်းဆရသည်။

- နာဇီ ပါတီ အာဏာရှင် အဒေါ့ ဟစ်တလာတွင် ဝှေးစေ့ တလုံးသာရှိသည်။

- ရှေးခေတ် ရောမလူမျိုးယောကျာ်းတို့ သည် သစ္စာကျိန်ဆိုရာတွင် ဝှေးစေ့ကို ကိုင်တွယ်ပြီးမှ ကျိန်ဆိုလေ့ရှိသည်။

- ၁၈၀၀ ပြည့်နှစ်ဝန်းကျင် တွင် သင်သည် သေကြောင်းကြံစည်ပြီး မအောင်မြင်ပါက သေဒါဏ်ကျခံရမည်ဖြစ်သည်။

- ပထမ ကမ္ဘာစစ် အတွင်း ပြင်သစ် စစ်တပ်တွင် လိင်တူဆက်ဆံပါက သေဒါဏ်ဖြစ်သည်။

- ရှေးခေတ်ရောမ တွင် အိမ်ထောင်ဦးစီး ဖခင်သည် မိမိအိမ်သား များကို တရားဝင် သတ်ဖြတ်ခွင့်ရှိသည်။

- ရှေး အီဂျစ် လူမျိုးတို့သည် ကျောက်တုံးများကို ခေါင်းအုံးများအဖြစ် အသုံးပြုခဲ့ကြသည်။

- ရှေး ခေတ် ဂရိတွင် မိန်းမတယောက်သည် အိုလံပစ်ပွဲ ကို တကြိမ် ဝင်ရောက် ကြည့်ရှူရုံမျှနှင့်ပင် သေဒါဏ်ထိုက်သည်။

- ဘီစီ ၂၀၀၀ ခန့် ရှေး အီဂျစ်တွင် မိချောင်း ၏ မစင် ကို ပဋိသန္ဒေတားဆေး အဖြစ် အသုံးပြုခဲ့ကြသည်။

- ပြင်သစ် နိုင်ငံတွင် ဝက်များကို နပိုနီယန် အဖြစ် နာမည် ပေးခွင့်မရှိ။

- အာဖရိကတိုက်ရှိ ဆွာဇီလန် နိုင်ငံတွင် အမျိုးသမီးများ ဘောင်းဘီ ဝတ်ခွင့်မရှိ၊ တွေ့ရှိပါက စစ်သားများမှ လူပုံအလယ်တွင် ဆွဲချွတ်ခွင့် ရှိသည်။

- ခရမ်း ချဉ်သီး ဆော့ကို ၁၈၃၀ ခုနှစ်များ တဝိုက်တွင် ဆေးဝါးအဖြစ် ရောင်းချခဲ့ကြသည်။

- ၂၀၁၂ မြန်မာနိုင်ငံတွင် ဘေးမှ အိမ်များမီးလောင်ရန် အတွက် ကိုယ့်အိမ်ကို အရင် မီးတင်ရှို့သည် ဟူသော ဖြစ်ရပ်ကို လူအများ ယုံကြည်ကြလေသည်။

အတီး(ဝါးလုံးရှည်)

Monday, February 11, 2013

on Leave a Comment

၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှု

the photo of the child escaped from rwanda massacre
ဒီဓာတ်ပုံလေးထဲက ကလေးငယ်တဦး ကတော့ ၁၉၉၄ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်ပွဲကြီးအပြီး အသက်မသေပဲ လွတ်မြောက်ရှင်သန်ရစ်သူများအနက်မှတစ်ဦးပဲ ဖြစ်ပါတယ်။အရှေ့အာဖရိက ဒေသတခုဖြစ်တဲ့ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှူလို့ဆိုရင် လူတိုင်းကြားဖူးကြမှာဖြစ်ပေမယ့်အသေးစိတ်ကိုတော့ သိသူနည်းပါးလာလိမ့်မယ်။ ဆက်လက်ပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အတီး လေ့လာထားသမျှလေးတွေကို တင်ပြပါရစေ။
ရက်ပေါင်း (၁ဝဝ) ကျော်ကြာမြင့်ခဲ့တဲ့ သတ်ဖြတ်မှုကြီးအတွင်းမှာ ဟူတူလူမျိုးစုတွေရဲ့ လက်ချက်ကြောင့် တွတ်စီလူမျိုး ရှစ်သိန်းကျော် (သို့) တစ်သန်းကျော်နဲ့ တွတ်စီတွေကို သနားပြီးဝှက်ပေးခဲ့တဲ့၊ အားနည်းသူတွေဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူတူလူမျိုး တစ်သိန်းကျော်ပါ အသတ်ခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ အဲ့ဒီအချိန်က ရဝမ်ဒါလူဦးရေရဲ့ ၂၀ ရာခိုင်နှုံးရှိနေပါတယ်။ ဤမျှလောက် အရေအတွက် မြင့်မားအောင် သတ်ဖြတ်မှူကြီးအပြီးမှာတော့ ရဝမ်ဒါနိုင်ငံဟာ ယနေ့ထက်တိုင်အောင်ပဲ ပြဿနာပေါင်း များစွာ ရင်ဆိုင်ရကာ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကို ခံစားနေရပါသေးတယ်။

နောက်ခံသမိုင်းကြောင်း
တကယ်တမ်းမှာတော့ ရဝမ်ဒါနိုင်ငံရဲ့သမိုင်းမှာ ဒီအရေးအခင်းကြီးဟာ ပထမဆုံးအကြိမ်တော့လဲ မဟုတ်ခဲ့ပါဘူး။ ၁၉၅၉ခုနှစ်မှာ ဟူတူလူမျိုး နိုင်ငံရေးသမားတဦးကို တွတ်စီလူမျိုးစုတွေက လုပ်ကြံတယ်ဆိုတဲ့ ကောလဟာလကို အခြေပြုပြီး စတင်ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းအတွင်းမှာလည်း ဘယ်ဂျီယမ် ကွန်မန်ဒိုပျောက်ကျားတပ်တွေ ရောက်ရှိလာပြီး အခြေအနေတွေကို မထိန်းသိမ်းမှီအထိ တွတ်စီလူမျိုး နှစ်သောင်းမှတစ်သိန်းခန့် သုတ်သင်ခံခဲ့ရပြီးနောက် ဒုက္ခသည် ထောင်ပေါင်းများစွာဟာ အိုးပစ်အိမ်ပစ်နဲ့ အနီးအပါးအိမ်နီးချင်းနိုင်ငံတွေကို ပြေးဝင်သွားခဲ့ရပါသေးတယ်။ ၁၉၆၀ခုနှစ်မှာ ဘယ်ဂျီယမ် အစိုးရရဲ့အကူအညီနဲ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွင်းမှာတော့ ဟူတူလူမျိုးတွေဟာ တွတ်စီလူမျိုးတွေအပေါ် အနိုင်ယူပြီး နိုင်ငံရေးအရ အသာစီးရသွားပါတော့တယ်။ ဒီအပြောင်းအလဲဟာ ရဝမ်ဒါနိုင်ငံမှာ အုပ်စိုးခဲ့တဲ့ တွတ်စီလူမျိုးဘုရင်စနစ်ကို အဆုံးသတ်သွားစေပါတော့တယ်။ တဖန် ၁၉၆၂ခုနှစ်မှာ အိမ်နီးချင်း နိုင်ငံကတွတ်စီလူမျိုး စစ်ပြေးဒုက္ခသည်တွေနဲ့ ဖွဲ့စည်းထားတဲ့ တွတ်စီဂွါရီလာ အမည်ရလက်နက်ကိုင် အင်အားစုဟာ ဂလဲ့စားချေထိုးစစ် ဆင်နွှဲရာမှ အာဏာရ ဟူတူအစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွါးပြီး နောက်ထပ် လူဦးရေ ခုနစ် သောင်းလောက် ထပ်မံ ဆုံးရှုံးရပြန်ပါတော့တယ်။ ဒီလို အမုန်းပွါးမှူတွေရဲ့ စတင်မြစ်ဖျားခံလာရာ အရင်းအမြစ်ကတော့ ကိုလိုနီ အမွေအနှစ်ဆိုးတွေကပဲ ဖြစ်ပါတယ်။
၁၉၁၁ခုနှစ်မှာပဲ ဂျာမဏီကိုလိုနီ တပိုင်းဖြစ်နေတဲ့ ရဝမ်ဒါနိုင်ငံမှာ မြောက်ပိုင်းမှာရှိတဲ့ တွတ်စီတွေရဲ့ ဩဇာကို မခံလိုကြတဲ့ဟူတူလူမျိုးတွေကို တွတ်စီတွေက ရှင်းလင်းနိုင်ရန်အတွက် ဂျာမန်အစိုးရက ခြေထိုးခဲ့ပါသေးတယ်။ ပထမကမ္ဘာစစ် အပြီးမှာတော့ဗာဆိုင်း စာချုပ်အရ ရဝမ်ဒါနိုင်ငံဟာ ဘယ်ဂျီယမ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ပါတော့သည်။ ဘယ်ဂျီယမ် အစိုးရ အုပ်ချုပ်မှုအောက်မှာပဲ ဒီပြဿနာတွေရဲ့ မြစ်ဖျားခံရာ ဖြစ်တဲ့ ဟူတူနဲ့ တွတ်စီတွေကို သီးခြား မှတ်ပုံတင်ထုတ်ပေးခြင်း။ ပညာရေးစနစ်တွင်လည်း ခွဲခြားဆက်ဆံရေးစနစ်တွေကို စတင် ကျင့်သုံးပါလေတော့တယ်။ ကိုလိုနီစနစ် မတိုင်မှီရော၊ ကိုလိုနီကာလ အတွင်းမှာပါ တွတ်စီလူမျိုးစုတွေဟာ လူနည်းစုတွေ ဖြစ်နေပေမဲ့ ပညာတတ်ဦးရေ များပြားပြီး အုပ်ချုပ်ရေးပိုင်းမှာ ဝင်ဆန့်နိုင်ခဲ့ကြပါတယ်။ ဒီကွာခြားမှုတွေဟာ အပြင်ပန်းအားဖြင့်တော့ မထူးခြားလှပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့ အခါမှာတော့ လူများစုဖြစ်တဲ့ အောက်ခြေက ဟူတူလူမျိုးတွေ အတွက်တော့ ၁၉၉၄ခုနှစ်မှာဖြစ်ပေါ်လာမဲ့ အစုလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးရဲ့ စတင် မြစ်ဖျားခံရာ အကြောင်းအရင်းအမှန်ပဲဖြစ်လာပါတယ်။
ဝါဒဖြန့်စစ်ပွဲ
၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို ဟဆန်ဂီဇီ (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန်တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါအစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်းကာလအတွင်း အသံလွှင့်တဲ့နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိကာလမှာ ရေဒီယိုအစီအစဉ်နှစ်ခုက တာဝန်ရှိသူတွေဟာ တသက်တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ်တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။
သတ်ဖြတ်မှူအတွက် ကြိုတင်ကြံစည်ကြခြင်း
ဟူတူအစွန်းရောက်တွေကို ဟူတူအစိုးရက ပြည်သူ့စစ်များ အဖြစ်လေ့ကျင့်ပေးခဲ့ပါတယ်။ တူစီလူမျိုးစုကို ဖိနှိပ်သတ်ဖြတ်ရာ မှာ အစိုးရစစ်တပ်က တိုက်ရိုက်သတ်တယ်လို့ အဖြစ်မခံလိုတဲ့အတွက် လူမျိုးစုအရပ်သားခြင်းအကြားမှာ ဖြစ်နေတဲ့ သာမန်ပဋိပက္ခအသွင်မျိုး ဖန်တီးလိုတာကလည်းတကြောင်းဖြစ်ပါတယ်။ ဟူတူသမ္မတဖြစ်သူက သူ့အပေါ်မှာ အပြစ်တင်မခံရလေအောင် ကစားခဲ့တာဆိုရင်လည်း မမှားပါဘူး။ အရေးအခင်းကာလ မတိုင်မီလေးမှာပဲ အစိုးရနဲ့နီးစပ်တဲ့ ဟူတူစီးပွါးရေးလုပ်ငန်းရှင် တစ်ယောက်ဟာ တရုတ်နိုင်ငံကနေပြီးတော့ ဓားအလက် ၅၈၁၀၀၀ ကို တင်သွင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဓားတွေဟာ သေနတ်တွေနဲ့စာရင် အဖိုးနှုန်းချိုသာပြီး ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်လို့ပါပဲ။
အရေးအခင်းကာလအတွင်း
ဇန်နဝါရီလ ၁၂ရက်နေ့ ၁၉၉၄ခုနှစ်မှာ ဟူတူလူမျိုး လက်ရှိအာဏာရသမ္မတနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘူရန်ဒီနိုင်ငံက သမ္မတဖြစ်သူတို့ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ရဝမ်ဒါနိုင်ငံအတွင်းရှိ ကီဂါလီမြို့ကို ဆင်းသက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပစ်ချခံခဲ့ရပါတယ်။ လုပ်ကြံမှုအတွင်းမှာ သမ္မတ နှစ်ဦးလုံး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒီလုပ်ကြံမှုဟာ တွတ်စီလူမျိုး သူပုန်တွေရဲ့လက်ချက်ဖြစ်တယ်လို့ ရေဒီယိုကစွပ်စွဲအပြီး နာရီပိုင်းအတွင်းမှာတော့ ရဝမ်ဒါနိုင်ငံ တစ်ဝှမ်းမှာ သတ်ဖြတ်ပွဲကြီး စတင်ပါတော့တယ်။ ဟူတူအစွန်းရောက် ပြည်သူ့စစ်တွေဟာ တွတ်စီလူမျိုးတွေ အပေါ်မှာ ရရာရွှေငွေတွေကိုလုယူ၊ တရုတ်နိုင်ငံက တင်သွင်းလာခဲ့တဲ့ဓားတွေနဲ့ယောကျာ်းတွေကိုအရင်သတ်၊ မိန်းမတွေကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်ကို သတ်ဖြတ်ပါတော့တယ်။ ထူးခြားချက်ကတော့ ဟူတူအစွန်းရောက်တွေဟာ တွတ်စီတွေအပေါ် သနားပြီးဝှက်ပေးကာ အားနည်းတဲ့ဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူတူတစ်သိန်းကျော်ကိုပါ အချင်းချင်း လက်စတုန်းလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကုလသမ္မဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်သား ၁၀ယောက်ပါ အဆစ်ပါသွားပါတော့တယ်။ အဆိုပါအခြေအနေကို ကုလသမ္မဂ္ဂငြိမ်းချမ်းရေးတပ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ရိုမီရိုဒလဲ က သက်ဆိုင်ရာ အထက် အဆင့်ဆင့်ကို အမြန်တင်ပြခဲ့ပေမဲ့ ဘယ်သူကမှ စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။
ဘယ်အင်အားကြီးနိုင်ငံတွေကမှ သူတို့စစ်တပ်တွေကို ရဝမ်ဒါကိုလွှတ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ လက်ရှောင်တဲ့အပိုင်းလည်း ရှိနေတယ်လို့ အစွပ်စွဲခံခဲ့ရပါသေးတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ရဝမ်ဒါ ပြဿနာမတိုင်ခင် လေးလလောက်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆိုမာလီယာက အရှုပ်အရှင်းကြောင့် လက်ရှောင်ခဲ့ကြတယ်လို့လဲ ဆိုပါတယ်။ ဆိုမာလီယာမှာ ဖြစ်ခဲ့တဲ့ ပြဿနာက ဘယ်လိုလဲဆိုတော့၊ ကုလသမ္မဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ပါကစ္စတန်စစ်သားများနဲ့ အမေရိကန်စစ်သားများဟာ ဆိုမာလီယာ သူပုန်များနဲ့ တိုက်ပွဲဖြစ်ရာက သေဆုံးခဲ့ကြရပါတယ်။ အဲသလို ပူပူနွေးနွေး ဖြစ်ထားခဲ့တာကြောင့် အဲသလို အဖြစ်မျိုးကို နိုင်ငံကြီးတွေက ရဝမ်ဒါမှာ ထပ်ပြီးကြုံတွေ့လိုတဲ့ ဆန္ဒမရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
အဲသလို အခြေအနေမျိုးအောက်မှာ ဗိုလ်ချုပ်ဒလဲက ကုလသမ္မဂ္ဂဌာနချုပ်ကို သူတို့အနေနဲ့ဝင်ရောက်စွက်ဖက်ဖို့လိုကြောင်း အစီရင်ခံပါတယ်။ အဲသလို မစွက်ဖက်ဖူးဆိုရင် နောက်ထပ်လူပေါင်းများစွာ သေကြေနိုင်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါကြောင့် ၃၆နာရီအတွင်း ဝင်ရောက်စွက်ဖက်ဖို့တင်ပြခဲ့ပါတယ်။ သို့သော် ထိုတင်ပြချက်ကို အဲသည်အချိန်က ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအာနန်က ပယ်ချခဲ့ပါတယ်။ ဒီလိုဝင်ရောက် စွက်ဖက်တာဟာ ကုလရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့လည်း အကြောင်းပြခဲ့ပါတယ်။ အဲသည့်အချိန်မှာ အမေရိကန် သမ္မတဖြစ်တဲ့ ကလင်တန်က အမေရိကန်အစိုးရ အနေနဲ့ အကူအညီမပေးတဲ့အပြင် ကုလသမ္မဂ္ဂငြိမ်းချမ်းရေးတပ်ကို ရဝမ်ဒါကနေ ပြန်ခေါ်ဖို့ ကိုဖီအာနန်ကို ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် ကုလတပ်ကို ရဝမ်ဒါကနေ ပြန်ပြီး ရုပ်သိမ်းခဲ့ ပါတယ်။
အမှန်မှာတော့ ၁၉၄၈ Genocide ဥပဒေအရ အဲသလိုသတ်ဖြတ်နေခြင်းကို ကာကွယ်တားဆီးနိုင်ခွင့် ကုလသမဂ္ဂမှာ တရားဝင် အခွင့်အရေးရှိပါတယ်။ သို့သော်လည်း ကုလသမဂ္ဂအနေနဲ့လည်း ဘယ်လိုနည်းကိုမှအသုံးပြုပြီး တားဆီးခဲ့တာ မရှိခဲ့ပါဘူး။ ဒါကြောင့် သတ်ဖြတ်မှုများ စတင်ခဲ့တဲ့ ပထမနှစ်ပတ် သုံးပတ်အတွင်းမှာတင် လူပေါင်းသိန်းချီပြီး အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အိုင်အာစီ အဖွဲ့ရဲ့ တွက်ချက်မှုများအရသိရပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်နိုင်ငံက ကလင်တန် အစိုးရဟာလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေကို ပြန်ခေါ်ဖို့ကိုသာ ကုလသမဂ္ဂကို တွင်တွင်ဖိအားပေးနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကလင်တန်ဟာ အဆိုပါလုပ်ရပ်အတွက် ရဝမ်ဒါ ပြည်သူတွေကို တရားဝင် တောင်းပန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ တွတ်စီလူမျိုး ကာဂါမီ ဦးဆောင်တဲ့ ရဝမ်ဒါ မျိုးချစ်တပ်ဦးဟာ နိုင်ငံတကာ အကူအညီ ရယူပြီး ရဝမ်ဒါနိုင်ငံရဲ့ အာဏာကို ပြန်လည်ရယူလိုက်တဲ့ ဂျူလိုင်လ နှောင်းပိုင်းမှာမှ အဆုံးသတ်သွားပါတော့တယ်။ ဒါပေမဲ့လဲ အမျိုးသားပြန်လည်ညီညွတ်ရေးအနေဖြင့် တွတ်စီတွေဘက်က ရပ်တည်ခဲ့တဲ့ ဟူတူလူမျိုး ဘီဇီမန်ဂူ ကိုသာ သမ္မတ ရာထူးခန့်အပ်ပြီး ကာဂါမီ ကိုယ်တိုင်ကတော့ ဒုသမ္မတ ရာထူးကို သာ ရယူခဲ့ပါတယ်။
အရေးအခင်းကာလ အပြီး ဆိုးကျိုးရလဒ်များ
၁၉၉၄ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ လက်ရှိ တရားရင်ဆိုင်ဆဲ ၁မှု၊ အယူခံဝင်ဆဲ ၁၇မှု၊ ဆိုင်းငံ့နှင့် အကျယ်ချုပ် ၁၀မှု၊ အမိန့်ချမှတ်ပြီး ၃၃မှုနဲ့ ရဝမ်ဒါပြည်တွင်း တရားရုံးကို လွှဲပြောင်းပေးအပ်ခဲ့တာကတော့ ၁၀မှုပဲဖြစ်ပါတယ်။ ဒီအထဲမှာ မီဒီယာ သမားသုံးယောက်လဲ ပါဝင်ပါတယ်။ ပြစ်ဒဏ်ကျခံပြီး သူများထဲမှ ၁၁ယောက်ကတော့ ရက်စေ့လို့ လွတ်မြောက်သွားပြီဖြစ်ပြီး ၃ယောက်ကတော့ ထောင်တွင်းမှာပဲ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါသည်။
စီးပွါးရေး
ဒီလူမျိုးတုန်း သတ်ဖြတ်မှုကြီး အပြီးမှာတော့ ကော်ဖီနဲ့လက်ဖက်ခြောက်သာ အဓိကတင်ပို့နေရပြီး ကွန်ဂိုနဲ့တန်ဇီးနီးယားတို့လို နိုင်ငံကြီးတွေကြားမှာ ညပ်နေတဲ့ အာဖရိက ကုန်းတွင်းပိတ် နိုင်ငံငယ်လေးဟာ ဒီနေ့အထိ ဘယ်လိုမှနာလန်မထူနိုင်အောင် ဖြစ်နေရပါတယ်။ ၇၀ရာခိုင်နှုန်းသောရဝမ်ဒါနိုင်ငံက အိမ်ထောင်စုတွေဟာ မိန်းမတွေက ဦးဆောင်နေရပြီး အကြောင်းရင်းကတော့ သူတို့ရဲ့ ယောကျာ်းတွေဟာ သတ်ဖြတ်မှုအတွင်းမှာ သေဆုံးသွားခဲ့လို့ပါပဲ။
လူမှူရေး
ဒီအရေးအခင်းကြီး အပြီးမှာတော့ ရဝမ်ဒါလူထုဟာရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာလူမှုဒုက္ခတွေကို ယနေ့တိုင်ခံစားနေရဆဲပါ။ အရေးအခင်းကာလအတွင်းမှာ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေ အပါအဝင် ရဝမ်ဒါနိုင်ငံဟာ အာဖရိကမှာ အေအိုင်ဒီအက်စ်ရောဂါပိုး အများဆုံးတွေ့ရှိရတဲ့နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ အသက်မသေပဲ လွတ်မြောက်လာတဲ့ကလေးငယ်တယောက်ဆိုရင် အစာကိုလိုသည်ထက်လွန်ကဲစွာ စားသုံးတတ်တဲ့စိတ်ရောဂါ စွဲကပ်နေပါတယ်။ အကြောင်းကတော့ သူမိဘတွေရှိစဉ်က အစာကျွေးတာကို ငြင်းပယ်ပြီး နာရီပိုင်းအတွင်းမှာပဲ မိဘနှစ်ပါးလုံးဟာသတ်ဖြတ်ခံခဲ့ရပြီးတော့ ကလေးငယ်ဟာ ကံကောင်းစွာနဲ့လွတ်မြောက်လာခဲ့ပြီး ဒီစိတ်ရောဂါဟာ တသက်လုံးစွဲကပ်ခံနေရပါတော့တယ်။
Genocide ဆိုတာ
ဂျီနိုဆိုက်ဒ်သည် လူမျိုးတုန်းရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလအတွက်သာမက စစ်မဖြစ်သည့်ကာလအတွက်လည်း အကျုံးဝင်သည်။ ကျူးလွန်သည့် နိုင်ငံများတွင် လူ့အသက်ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများ ပျံ့နှံ့နေပြီး အာဏာရှင်ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေဘောင် ပြင်ပကလူများ၊ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမားများ၊ နယ်ချဲ့လက်ပါးစေများ၊ ပုဆိန်ရိုးများ၊ လူတန်းစားရန်သူများ၊ တန်ပြန်တော်လှန်ရေးသမားများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး ဂျီနိုဆိုက်ဒ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင်။ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ မြင့်မြတ်သောတာဝန်ထမ်းဆောင်နေသူများ၊ မြင့်မြတ်သောလူမျိုးများ၊ အမျိုးဘာသာသာသနာသန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိကအနစ်နာခံနေသူများ၊ အမျိုးသားနိုင်ငံရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေးသမားများ စသည်ဖြင့် မိမိတို့ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့်၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုကာ မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့်တွန်းပို့လေ့ရှိကြသည်။ ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထားသည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။
“နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ် ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။
(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊
(ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊
(ဂ) တစ်ခုလုံးအရ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ် ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊
(ဃ) ယင်းလူအုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊
(င) ယင်းလူ အုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”
၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
“လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံးလိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း၊ ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ဖျက်ဆီးပစ်ရန် အထူးရည်ရွယ်ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။”
ဟူ၍ဖြစ်လေသည်။
ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံးအာဏာရှင်တို့ကို ပြင်ပမှအင်အားသုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက်သေ သာဓကများဖြစ်သည်။သတိချပ်စရာပင်ဖြစ်သည်။
ကဲ ဒီနေ့တော့ သုံးသပ်တင်ပြမှုကို ဒီလောက်နဲ့ပဲရပ်နားပါရစေ။ 

ရဝမ်ဒါဖြစ်စဉ်များကို အသေးစိတ်ဆက်လက်လေ့လာချင်သူများကတော့ “ဟိုတယ်ရဝမ်ဒါ” ဆိုတဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ယူကျူ့ပေါ်မှာ သွားရောက်ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။
Rwanda Genocide documentary Part I
Rwanda Genocide documentary Part II
Rwanda Genocide documentary Part III
Rwanda Genocide documentary Part IV
Rwanda Genocide documentary Part V
Rwanda Genocide documentary Part VI
Rwanda Genocide documentary Part VII
Rwanda Genocide documentary Part VIII
Hotel Rwanda

အတီး( ဝါးလုံးရှည်)

on Leave a Comment

တရုတ်နိုင်ငံရဲ့ ဆိုးရွားလွန်းခဲ့ဖူးတဲ့ သမိုင်း အပိုင်းအစ အချို့

လူသားသမိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ လူအသေအပျောက် အများဆုံးဖြစ်စဉ်တွေထဲမှ ကိန်းဂဏန်း အများဆုံးနဲ့ အရက်စက်ဆုံး အကြမ်းတမ်းဆုံး ဖြစ်စဉ်တခုကို သင်သိပါသလား?? အဖြေမှန်ကတော့ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ အငတ်ဘေးဆိုက်မှု ကြီးပဲဖြစ်ပါတယ်။

ထုံးစံအတိုင်း တရုတ်အစိုးရရဲ့ တရားဝင် ကိန်းဂဏန်း ထုတ်ပြန်မှူများအရ လူဦးရေ ၁၅ သန်းလောက်သာ ဖိတ်စင်ခဲ့တယ်လို့ ဆိုခဲ့ပေမဲ့ ပညာရှင်များရဲ့ ခန့်မှန်းမှူအရ အနည်းဆုံး ၄၅သန်းထက် မလျော့နိုင်ဘူးဟု သိရပါတယ်။
The photo of The Great Chinese Famine, 1958–1962
ဒီကိန်းဂဏန်းတွေထဲမှာ အငတ်ဘေးကြောင့် သေဆုံးခဲ့သူများအပြင် တရုတ် ဗဟို အစိုးရရဲ့ နိုင်ငံရေး ပြိုင်ဖက် အတိုက်အခံများကို ဖမ်းဆီး နှိပ်စက် ညှင်းပန်းခြင်းကြောင့် သေဆုံးရသူ အရေအတွက်ပါ ပါဝင်ပါတယ်။

ဒီလို ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီး စတင်ဖြစ်ပွါးခဲ့ရတဲ့ အခြေခံ အကြောင်းရင်းကတော့ တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ စိုက်ပျိုးမြေများ ဟာ မိုးရေလုံးဝမရရှိပဲ မိုးခေါင်မှူမှ စတင်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေမှာ ရေကြီးခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ရာသီ ဥတုဖောက်ပြန်ခြင်း တို့ တချိန်တည်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။ လေလာသူများရဲ့ သုံးသပ်ချက်အရ ဒီဆိုးရွားလှတဲ့ ဖြစဉ်ကြီးရဲ့ တရားခံ အကြောင်းရင်း ၃၀ရာခိုင်နှုန်းဟာ သဘာဝဘေး အန္တရယ်ကြောင့်သာ ဖြစ်ပြီး ကျန်တဲ့ ၇၀ရာခိုင်နှုန်းကတော့ လွဲမှားတဲ့ စီမံခန့်ခွဲမှူကြောင့်လို့ ဆိုပါတယ်။

ဒီလို လွဲမှားတဲ့ စီမံခန့်ခွဲမှူဆိုရာမှာ မအောင်မြင်တဲ့ စိုက်ပျိုးရေး စနစ်အသစ် ကိုအတင်းအကျပ် ပြောင်းလဲ အသုံးပြုခိုင်းခြင်း ၊မြေယာများ အား အစိုးရပိုင်ပြုလုပ်ခြင်း တို့အပြင် နှေးကွေး လေးလံလှတဲ့ ဗဟို အစိုးရ ချုပ်ကိုင် ကြိုးနီစနစ်တို့ စတဲ့ အလွန်လွဲမှားတဲ့မဟာ စီမံခန့်ခွဲမှူ အမှားတော်ပုံကြီးလို့ ပင်ခေါ်နိုင်လောက်ပါသည်။ အငတ်ဘေးဆိုက်မှု အတွင်းမှာ လူများသာမက ကြွက်များပါ ငတ်မွတ်မှူကြောင့် သေဆုံးရတယ် လို့ ဆိုပါတယ်။  
လူများဟာ ရရာ အစာကိုရှာဖွေ စားသုံးရာမှ ခွေးများ၊ကြောင်များ အစရှိတဲ့အိမ်မွေးတိရိစ္ဆာန် များကို စားသုံးရာမှ ကိုယ့် အသက်ရှင်ရပ်တည်ရေး အတွက် လူအချင်းချင်းသတ်ဖြတ်စားသုံးတဲ့အထိ ရက်စက်ကြမ်းကြုတ်ကုန်ကြပါတော့တယ်။

ဒီလို ကပ်ဆိုက်နေတဲ့ သုံးနှစ်တာ ကာလအတွင်းမှာ တရုတ်လူမျိုးတွေဟာ မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်၊ ထိုင်းနိုင်ငံ အစရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွါသွားကြ ရပါတော့သည်။

ဒါကြောင့် ယနေ့တွေ့မြင်နေရတဲ့ မြန်မာပြည်ပေါက် တရုတ်လူမျိုးများ အပါအဝင် ကမ္ဘာအနှံ့မှာ ပြန့်ကျဲနေတဲ့ မျက်မှောက်ခေတ် တရုတ်လူမျိုးတွေဟာ သမိုင်းပေး သင်ခန်းစာအရ အလုပ်ကို အင်အတန်မှ ကြိုးစားလုပ်ကိုင်ပြီး နောင်ရေးအတွက် စုဆောင်းကြတာ ကို အတော်များများ တွေ့ရနိုင်ပါတယ်။

ကျွန်တော့အမြင်ကတော့ တရုတ်လူမျိုးမှ မဟုတ်ပါဘူး။ ဘယ်လူမျိုးမဆို တခါသေဘူး ပျဉ်ဖိုးနားလည်ဆိုတဲ့ စကားပုံအတိုင်းပါပဲ ဆင်းရဲတွင်းနက်ဖူးတဲ့ ဘယ်သူမဆို အဆင်ပြေပြီး တဲ့နေရာတခုခုကို ရရှိပြီးပြီဆိုရင်တော့ တဖန်ပြန်လည် ဆင်းရဲမှာကို သေမလောက် ကြောက်တတ်ကြပါတယ်။ တခြားမကြည့်ပါနဲ့။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ရှိတဲ့ငှါနဆိုင်ရာ အကြီးအကဲ တွေရဲ့လာဘ်စားမှူ အခြေအနေကိုသာ သုံးသပ်ကြည့်ပါ။ 
ငယ်စဉ်တောင်ကျေးဘဝ ဆင်းရဲတွင်းနက်ခဲ့သူနဲ့ ပုံမှန် ဘဝကို အဆင်ပြေပြေ ဖြတ်သန်းလာခဲ့ကြသူ တို့ယှဉ်ကြည့်ရင် ငယ်စဉ်က ဆင်းရဲခဲ့သူမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းမျိုးတွေကို လုပ်ပြီး ကိုယ်ကျိုးရှာ တဲ့နေရာမှာ သိသိသာသာကြီးကို ပိုမိုနေတာကိုတွေ့ရမှာပါ။ ဒီလိုမဟုတ်ပဲ ဆင်းရဲသော်လည်း ရိုးရိုးသားသား နည်းလမ်းကို အသုံးပြုပြီး ချမ်းသာလာတဲ့သူများလဲ ရှိပေမဲ့ ရာခိုင်နှုန်း အနေဖြင့်တော့ များနေတာကိုတော့ လက်ခံရမှာပဲဖြစ်ပါတယ်။

သမိုင်းထဲက အစတခုကိုတော့ ဆွဲထုတ်လိုက်ပါပြီ။ တရုတ်က မြန်မာအငတ်တွေကို ကျွေးနေရတာလား၊ တရုတ် တွေငတ်တုန်းက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တရုတ်အသုဘကို ဝိုင်းထမ်းပေးခဲ့ရ သလားဆိုတာကို။ မြန်မာတွေငတ်နေတုန်း တရုတ်က ကျွေးထားရတယ် ဆိုတဲ့လူကြီး ကိုယ့်စကားကိုယ်သာတာဝန် ယူပေတော့ဗျို့
အမေရိကန်သမ္မတ အိုဘားမားဟာလည်း သူပြောတဲ့ စကားအတွက် တာဝန်ယူဖို့  ပြောဆိုပြီးဖြစ်သလို လူအချင်းချင်း သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဖွခဲ့၊ရှုပ်ခဲ့၊လိမ်ခဲ့၊ မဟုတ်မမှန် လုပ်ကြံ ခဲ့သူများဟာလည်း တချိန်ချိန်မှာ ကိုယ့်လုပ်ရပ်တွေ အတွက် ကိုယ်ပြန်တာဝန် ယူရမှာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပါပဲ ကျွန်တော်အတီးဟာလည်း ကိုယ်တင်တဲ့ပို့စ်၊ ကိုယ်ပြောတဲ့စကားကို ရဲရဲကြီးတာဝန်ယူရဲပါတယ်။ ကျွန်တော်ဟာ ဘယ်အဖွဲ့အစည်း ဘယ်ဌာနကိုမှ ကိုယ်စားမပြု၊ အတီးသည် အတီးတယောက်ကိုသာ ကိုယ်စားပြုပါတယ်။ အထင်တွေလွဲမှားခြင်းမှ ကင်းဝေးကြပါစေ။ 

လူသား အားလုံးကို လေးစားလျှက်
ပုံ
အတီး (ဝါးလုံးရှည်)

on Leave a Comment

အဆိပ်ရှိသောမှိုများ

The photo of the german children reading The Poisonous Mushroom (The Toadstool) published by Julius Streicher, prominent Nazi
အလွန်သာယာလှပသော နွေဦးရာသီကာလကျရောက်လာခါစအချိန် တောအုပ်ကြီးတခုရဲ့ အလယ်မှာ ကလေးငယ်လေးတယောက်နဲ့ သူ၏ မိခင် ဖြစ်သူတို့ ဟာ မှိုရှာထွက်လာခဲ့ကြသတဲ့။ တောအုပ်ကြီးရဲ့ တနေရာလဲ အရောက်မှာတော့ အလွန်ကြီးမားတဲ့ မှိုကျင်းတကျင်းကို ဘွားခနဲ့ တွေ့လိုက်ရတော့အချိန်မှာတော့ ကလေးငယ်ဟာ အလွန် အားရဝမ်းသာဖြစ်ပြီး ဟစ်အော်မိလိုက်သတဲ့။ ” အို မေမေရေ၊ ကြည့်စမ်းပါဦး၊ မှိုကျင်းကြီးမှ အကြီးကြီးပဲ။ သားတို့တော့ပွတာပဲ၊ ကဲ အခုပဲ သွားတူးလိုက်ရအောင်နော်” ထို အခါ မိခင် ဖြစ်သူမှ သားငယ်ကို တချက်ဟန့်တားလိုက်ကာ “သားငယ်၊ ဒီမှိုတွေဟာ လူတွေစားဖို့ မသင့်တော်တဲ့ မှို ၊အဆိပ်ရှိတဲ့ မှို အမျိုးအစားတွေကွဲ့။ ဒီလို မှိုမျိုးကိုစားမိရင်တော့ အသက်အန္တရယ်ကိုစိုးရိမ်ရတတ်တယ်။ လာလာ ဒီနေရာကနေ အမြန်သွားကြရအောင်” ဒီလိုနဲ့ သားအမိ နှစ်ယောက်ဟာ အိမ်အပြန်လမ်းကို တိတ်ဆိတ်စွာနဲ့ ပြန်လာခဲ့ကြတာပေါ့။ အတန်ကြာတဲ့ အခါမှာတော့ မိခင်ဖြစ်သူက တိတ်ဆိတ် ငြိမ်သက်မှူကို စတင် ဖြိုခွဲလိုက်ပြီး ” သားငယ် ဖရန့်၊ မေ့မေ့ကို ကြည့်စမ်း၊ သိလား သား။ လူ့လောကကြီးထဲမှာလေ မေမေတို့ အခုနက တွေ့လိုက်ရတဲ့ မှိုလိုမျိုးနဲ့ တူတဲ့ လူမျိုးတွေ အများကြီး ရှိတယ် သား။သား တွေ့တယ်မဟုတ်လား၊ တောနက်ထဲမှာလေ အင်မတန်မှစားလို့ ကောင်းတဲ့ မှိုမျိုးရှိသလို ကိုယ့်ကို အန္တရယ်ဖြစ်စေနိုင်တဲ့ မှိုမျိုးတွေရှိတတ်ကြတယ်။ အဲဒီလိုပဲ မေမေတို့ ကျင်လည်နေရတဲ့ လူ့လောကကြီးထဲမှာလည်း ဒီလို လူဆိုးနဲ့ လူကောင်းတွေကို တွေ့ရလေ့ရှိတယ် သား။ မေမေတို့ဟာ အဆိပ်ရှိတဲ့ မှိုမျိုးကိုစားသုံးခြင်းမှ ကာကွယ်ရှောင်ရှားသလို ဒီလို လူဆိုးလူညစ်တွေရဲ့ရန်ကိုလည်းကာကွယ်ရလိမ့်မယ်၊ သား နားလည်တယ်မဟုတ်လား?” “ဟုတ်ကဲ့မေမေ သားနားလည်ပါပြီ၊ အဆိပ်ရှိတဲ့ မှိုမျိုးကို စားမိရင် အန္တရယ်ရှိသလိုမျိုး လူဆိုး လူညစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကို။ ဟုတ်တယ် မဟုတ်လား မေမေ။” “မှန်တယ် ငါ့သား၊ ဒါဆိုရင် ဘယ်သူ ဘယ်ဝါတွေအ အဆိပ်ရှိတဲ့မှိုလိုမျိုး လူတွေလဲ ဆိုတာ ခွဲခြားတတ်ပြီသလား သားငယ်” ထို အခါ ကလေးငယ်လေးဟာ သူရဲ့ လက်ဝါးနှစ်ဖက်ကို ပါးပြင်မှာ ကပ်လိုက်ပြီး တစုံတခုကို သတိရသွားဟန်ဖြင့် ” အို မေမေရေ၊ သား သဘောပေါက်သွားပြီ၊ ဒီ ဒီလို အဆိပ်ရှိတဲ့မှိုတွေဟာ ဂျူးလူမျိုးတွေ မဟုတ်လား၊ ဟာ ဟုတ်တာပေါ့၊ ဒီအကြောင်းကို သားရဲ့ အတန်းပိုင်ဆရာမကလဲ တခါတလေ သားတို့ကျောင်းသားတွေကိုပြောလေ့ရှိတတ်တယ်လေ” ကလေးငယ်၏ စကား အဆုံးမှာတော့ မိခင်ဖြစ်သူဟာ သားငယ်ရဲ့ သဘောပေါက်လွယ်မှူကို ချီးကျူးသည့်အနေဖြင့် ကလေးငယ်၏ ဦးခေါင်းကိုပွတ်သတ်ကာ ” တော်တယ် ငါ့သား၊ မေမေတို့ လူ့လောကမှာလေ ဒီလို မျိုး အဆိပ်အတောက်တွေနဲ့ပြည့်နှက်နေတဲ့ ဂျူး မှိုတွေ အများကြီးပဲ သားရဲ့၊ ဂျူး ဈေးသည်၊ဂျူး သားသတ်သမား၊ ဂျူး မြင်းလှည်းမောင်းသမား၊ ဂျူးဆရာဝန် ၊ အို စုံလို့ပါပဲသားရယ်။ သူတို့ကို ကြည့်လိုက်သား၊ ဒီလို အဆိပ်ရှိတဲ့ လူတွေဟာ သူတို့ဟာသူတို့ ယုတ်မာကောက်ကျစ်နေသည်ဖြစ်စေ၊ ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာတွေကိုပြပြီး ချဉ်းကပ်လာသည်ဖြစ်စေ ဘယ်သော အခါမှ မယုံလိုက်မိစေနဲ့ ငါ့သား၊ ဘာဖြစ်လို့လဲဆိုတော့ ဂျူးဟာ ဂျူးတွေပဲဖြစ်လို့ပါပဲ၊” “ဟို တောနက်ထဲက အဆိပ်ရှိတဲ့မှိုတွေလိုမျိုးပေါ့ ဟုတ်လားမေမေ” “မှန်တာပေါ့ သားငယ်၊ အဆိပ်ရှိတဲ့ မှိုလေး တပင်ဟာ မိသားစုတခုလုံးကိုသေစေနိုင်တယ်၊ ဒီလိုပဲ ဂျူး ရှေ့နေ တယောက်ဟာ ရွာတရွာလုံး၊မြို့တမြို့လုံးကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်။နောက်ဆုံး မေမေတို့ ဂျာမန် အမျိုးသားတရပ်လုံးကို ဒုက္ခရောက်သွားစေနိုင်တယ် ငါ့သား” “ဟာ ဟုတ်လား မေမေ၊ ဒါဆို သားကိုပြောပြပါဦး၊ ဒီလို အဆိပ်ရှိတဲ့ ဂျူးတွေအကြောင်းကို ကျန်တဲ့ တခြား ဂျူးမဟုတ်တဲ့လူမျိုးတွေက မသိကြဘူးလားမေမေ ၊သားကိုအမြန်ပြောပြပါဦး” ထိုအခါတွင်တော့ မိခင်ဖြစ်သူမှ ခေါင်းကို ဖြေးညင်းစွာ ခါယမ်းကာ “ကံဆိုးစွာနဲ့ပဲ သူတို့တွေ မသိကြသေးဘူး ငါ့သား၊သန်းပေါင်းများစွာသော ဂျူးမဟုတ်တဲ့ လူမျိုးတွေဟာ သူတို့တွေရဲ့ အကြောင်းကို မသိကြသေးဘူး၊ ဒါကြောင့် မေမေတို့၊သားတို့ဟာ လူတွေကို အလင်းရောင်ပေးရမယ်။ လူတွေကို ဂျူးတွေရဲ့ အကြောင်းကို အသိပေးရမယ်၊ အထူးသဖြင့် သားတို့လို ငယ်ရွယ်တဲ့ ဂျာမန် ကလေးငယ်တွေဟာ ဂျူးတွေရဲ့အကြောင်းကို သိကိုသိထားရမယ်၊ကြည့်စမ်းပါဦး၊ နွေဦးရာသီရောက်လာတာနဲ့ ဒီလို အဆိပ်ရှိတဲ့ မှိုမျိုးတွေဟာ တောအုပ်ရဲ့နေရာအနှံ့မှာ တွေ့ရသလို ဂျူးတွေဟာလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာတွေ့ရတတ်တယ်၊ဒီလို ဂျူးတွေဟာ လူသားတွေအတွက် ဖျားနာမှူ၊နာကျင်မှူတွေနဲ့ စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေကို ဆောင်ယူလာခဲ့ကြတဲ့အတွက် မေမေတို့ ဂျာမန်အမျိုးသားတရပ်လုံးအတွက်သာမဟုတ်ဘူး၊ တကမ္ဘာလုံးအတွက် အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့ မှိုလိုလူမျိုးတွေပဲ သားငယ်”
အထက်ပါ စာကြောင်းတွေကတော့ “ဂျူးလီယက် စတစ်စ်ချာ” ရေးသားပြီး ၁၉၃၈ ခုနှစ်မှာ ဂျာမန်ဘာသာနဲ့ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အဆိပ်ရှိသောမှိုများ လို့ အမည်ရှိ ကလေးသူငယ်ဖတ် ပုံပြင်စာအုပ်အစပိုင်း ကို စာရှူသူများ ဖတ်ရှူလို့ကောင်းအောင်၊အဆင်ပြေအောင် ကျွန်တော် ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နာဇီပါတီ ရဲ့ ဝါဒဖြန့် နည်းမျိုးစုံထဲက တမျိုးဖြစ်ပြီး အောက်ခြေပြည်သူများအထိ အမုန်းတရားများ ပိုမိုပြန့်ပွါးလာအောင် ၊ မိမိတို့နာဇီပါတီကို လူကြိုက်များလာအောင် တနည်းပြောရရင် လူပြိန်းကြိုက်အောင်၊ ထိလွယ်ရှလွယ်ဖြစ်အောင် အယူအဆအမှားတွေကိုလက်ခံပြီး ပါတီကို လူထု ထောက်ခံမှူ ပိုမိုရရှိလာအောင် စနစ်တကျ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းသာဖြစ်ပါတယ်။ နာဇီတို့ရဲ့ ဒီဝါဒဖြန့်နည်းဟာ အတော်လေးကို ထိရောက်ခဲ့တယ်လို့ပြောနိုင်ပါတယ်၊ အဲ စစ်ကြီး အပြီးမှာလည်း ဒီစာအုပ်ဟာ ဂျာမန်တို့ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှူတွေအတွက် ခုံရုံးတင်စစ်ဆေးရာမှာ အကောင်းဆုံးနဲ့ အထောက်အထား အခိုင်မာဆုံး သက်သေ တခုအဖြစ် တင်ပြနိုင်ခဲ့သလို ထူးခြားမှူအနေနဲ့ ဒီစာအုပ်ကိုရေးသားသူ ဂျူးလီယက် စတစ်စ်ချာ ကိုယ်တိုင်ဟာလည်း ကလောင် လက်စွမ်းလက်န ထက်မြက်မှူကြောင့် နာဇီဗိုလ်ချုပ်တွေရဲ့ ကောင်းကောင်းမြှောတ်စားခြင်း ခံခဲ့ရသလို နုရင်ဘတ် တရားရုံး မှာလည်း သူ၏ ချစ်လှစွာသော ဗိုလ်ချုပ်ကြီးများ နဲ့ အတူ ကြိုးပေးကွပ်မျက်တာကိုခံခဲ့ရပါတယ်။ ကျွန်တော်ဖော်ပြထားတဲ့ စာကြောင်းတွေက စာအုပ်ရဲ့အစပိုင်းပဲရှိပါသေးတယ်၊ စာအုပ်ရဲ့ နောက်ပိုင်းတနေရာမှာတော့ ဂျူးတွေရဲ့ ကျမ်းစာလာ စာသားတချို့ကို ကောက်ချက်ချ လိုရာဆွဲပြီး ဂျူးတွေရဲ့ယုံကြည်မှုဟာ တခြားလူမျိုးတွေအတွက် မျက်စိ စပါးမွှေးစူးစရာဖြစ်ကြောင်းကို ဒီလို ဖော်ပြထားပါသေးတယ်။ “တခြား တခြားသော လူမျိုးတွေဟာ ဂျူးလူမျိုးတွေအတွက် အစေခံဖို့ဖန်ဆင်းထားခြင်းဖြစ်တယ်။ ဂျူးတွေသာလျှင် လူသားဧကန်ဖြစ်တယ်၊ ဂျူးဝါဒကို မယုံကြည်သော လူများကို လူဟုပင် မခေါ်ဆိုထိုက်၊ ထိုသူများမှာ တိရိစ္ဆာန်ဟူ၍ခေါ်ဆိုကြရမည်” ဟု မူရင်း ဟီဘရူး ဘာသာမှ ဂျာမန်ဘာသာသို့ပြန်ဆိုပြီး ကိုယ်လိုရာကို ဆွဲရေးခဲ့ပါတော့တယ်။ ဒီစာအုပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာတော့ ဂျူးကုန်သည်တွေဟာ ဂျာမန်တွေကို ဘယ်လိုလိမ်လည်လှည့်ဖျားပုံ၊ ကလေးငယ်နှစ်ယောက်ဟာ ဂျူးသားသတ်ရုံတခုကို ရောက်ရှိသွားပြီး ဂျူးသားသတ်သမားတွေ ဟာ သားကောင်ကို ဘယ်လိုရက်စက်စွာ သတ်ဖြတ်ပုံ စသည်တို့ကိုအခန်းလိုက် အခန်းလိုက် ရေးသားထည့်သွင်းပြီး စနစ်တကျနဲ့ ဝါဒဖြန့်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ နာဇီတို့ရဲ့ စစ်အတွင်းက ဝါဒဖြန့်ရာမှာ အသုံးပြုခဲ့တဲ့ ရုပ်ရှင်၊ရေဒီယို၊စာအုပ်၊စာပေ စတဲ့ မီဒီယာလက်ကိုင်တုတ်များစွာထဲက ထင်ရှားတဲ့ သင်္ကေတတခုပါ၊ နာဇီတို့ တန်ခိုးထွားစဉ်က ထင်ရာစိုင်းခဲ့သလောက် စစ်ကြီးအပြီးမှာတော့ သူတို့ရဲ့ ကြမ်းခဲ့၊ရမ်းခဲ့တဲ့ ခြေရာ၊လက်ရာတွေကပဲ သူတို့ လည်ပင်းကိုကြိုးကွင်းစွပ်စေခဲ့ပါတော့တယ်။ ဒီစာအုပ်ကိုရေးသားခဲ့သူ ဂျာမန်လူမျိုး နိုင်ငံရေးသမားနဲ့ ဂျာနယ်လစ် တယောက်ဖြစ်သူ Julius Streicher နဲ့ နာဇီဗိုလ်ချုပ်ကြီးများရဲ့ မရှူမလှ ဇာတ်သိမ်းခဲ့ရပုံ မှတ်တမ်းထင်ထားတဲ့ဗီဒီယိုဖိုင် ကိုလေ့လာဖို့လင့်ပါ တခါတည်ပေးလိုက်ပါ့မယ်။


ရုန်းရင်းဆန်ခတ်ပုံများ မပါဝင်လို့ လူအတော်များများကြည့်ရှူဖို့သင့်တော်မယ်လို့ယူဆပါတယ်

အတီး( ဝါးလုံးရှည်)

on Leave a Comment

တိဘက်လူမျိုးတို့ရဲ့ ကောင်းကင် သဂြိုလ်နည်း

The photo of tibet funeral celeste

ပုံမှာ မြင်ရတာကတော့ တိဘက်ဒေသရှိ ဟိမဝန္တာတောင်တန်းဒေသပေါ်နေ တိဘက်လူမျိုးတို့ရဲ့ ကောင်းကင် သဂြိုလ်နည်းပဲဖြစ်ပါတယ်။ ကောင်းကင် သဂြိုလ်နည်းဆိုလို့ သိပ်ပြီးတော့ ထူးထူးဆန်းဆန်းတွေ မထင်ကြပါနဲ့။ လူတယောက် သေဆုံးသွားပြီဆိုရင် အသက်ကင်းမဲ့သွားပြီဖြစ်တဲ့ ခန္ဓာကိုယ် ကိုတစစီ ခုတ်ထစ်ဖြတ်တောက်ပြီး ဟိမဝန္တာဠင်းတလို ငှက်တွေကို ကျွေးလိုက်ခြင်းပဲ
ဖြစ်ပါတယ်။ တိဘက်လူမျိုးတို့ရဲ့ ဒီရိုးရာ သဂြိုလ်နည်းဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးလူလုပ် ဘာသာရေးအဆောက်အဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတဲ့နှစ်ပေါင်း ၁၁၅၀၀ ကျောက်ခေတ်ထက်စောတဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့အနီးရှိ "ဂိုဘက်ခ်လီတိုင်ပိုင်" Göbekli Tepe ယဉ်ကျေးမှုကနေဆင်းသက်လာကြတယ်လို့ ယူဆနိုင်ပြီး အစောဆုံးမှတ်တမ်းတင်နိုင်မှူကတော့ အေဒီ ၁၂ ရာစု မှပေါ်ထွက်ခဲ့တဲ့ Book of the Dead (Bardo Thodol) မှာပဲတွေ့ရှိခဲ့ပါတယ်။
တကယ်တော့ ဒီလို သဂြိုလ်နည်းဟာ အနောက်နိုင်ငံတွေရဲ့အမြင်မှာတော့ ရက်စက်လှပြီးထူးဆန်းနေပေမဲ့ တိဘက်ဒေသလို ကျောက်တောင်ထူထပ်ပြီး တူးဆွဖို့ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်မျိုးရှိတဲ့ဒေသမှာ ဒီသဂြိုလ်နည်းဟာအလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးနည်းတခုပါပဲ။ နောက်တချက်က တိဘက်လူမျိုးတွေနေထိုင်တဲ့ တိဘက်ဒေသဟာ သစ်ပင်များပေါက်ရောက်နိုင်တဲ့ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ထက်ကို ကျော်လွန်မြင့်မားပြီး ချောင်းမြောင်းအင်းအိုင်တွေလဲမရှိတာကြောင့် မီးသဂြိုလ်ခြင်း။ ရေမျှောခြင်းတို့လိုနည်းလမ်းတွေနဲ့လဲ မဖြစ်နိုင်ပါဘူး။တိဘက်တွေရဲ့ သဂြိုလ်နည်းဟာ တကယ်တော့ ကောင်းကင် သဂြိုလ်နည်းတခုထဲမဟုတ်ပါဘူး။ ပိုက်ဆံတတ်နိုင်သူများ အတွက်တော့ မီးသဂြိုလ်နိုင်ပေမဲ့ တိဘက်ဒေသမှာလောင်စာဈေးနှုန်းဟာ အလွန်ကြီးမြင့်ပြီး ရှားပါးလှတဲ့အတွက်ကြောင့် အများစုအတွက်တော့ အဆင်မပြေလှပါဘူး။ ထိုနည်းလည်းကောင်းပဲ ရေချ သဂြိုလ်နည်းဟာ မြစ်များ၊ချောင်းများနဲ့ အလွန်ဝေးကွာလှတာကြောင့် အဆင်မပြေလှပါဘူး။ တကယ်လက်တွေ့မှာတော့ ဒီကောင်းကင် သဂြိုလ်နည်းဟာ အကျယ်ပြန့်ဆုံးနဲ့ အသုံးအဝင်ဆုံးဖြစ်နေပါတယ်။ ဒီလို သဂြိုလ်လိုက်ချင်းအားဖြင့် သေဆုံးသူရဲ့ဝိညာဉ်ဟာ ကောင်းကင်ဘုံကို ရောက်ရှိသွားစေနိုင်တယ်လို့လဲ ယုံကြည်ကြပါတယ်။


တိဘက်တွေဟာ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး သေဆုံးကွယ်လွန်ပြီးနောက် လူအဖြစ်ပြန်လည်မွေးဖွားရမယ်လို့ယုံကြည်ကြပါတယ်။
၁၉၅၀ ခုနှစ် ၌ တိဘက်ဒေသဟာ တရုတ်အစိုးရရဲ့ထိန်းချုပ်မှူအောက်ကို ရောက်ရှိသွားပြီးတဲ့နောက်မှာတော့ ဒီသဂြိုလ်နည်းကို ပိတ်ပင်လိုက်ပေမဲ့ ၁၉၈၀ခုနှစ်လောက်မှာတော့ ပြန်လည် သဂြိုလ်ခွင့်ပြုလိုက်ရပါတယ်။ သို့သော်လည်း တစိမ်းတရံများနှင့် ကမ္ဘာလှည့်ခရီးသွားများ ကို တော့ အသုဘ အခမ်းအနား ကြည့်ရှူခွင့်နဲ့ အနီးကပ်ဓာတ်ပုံဗီဒီယို ရိုက်ကူးခွင့်ကိုတော့ ယေဘူယျအားဖြင့် တားမြစ်ပိတ်ပင်ထားတုန်းပါပဲ။တိဘက်ဒေသခံတွေဟာလည်း အသုဘအခမ်းအနားကို ဓာတ်ပုံရိုက်ခြင်းဟာ ထွက်ခွါသွားတော့မဲ့ ဝိညာဉ် ကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့လဲ လေ့လာချင်သူတွေဟာ အဝေးကနေဖြစ်စေ၊ ကျန်ရစ်သူမိသားစုရဲ့ ခွင့်ပြုချက်ရရင် အနီးကပ် ဓာတ်ပုံရိုက်ခွင့်၊လေ့လာခွင့်ရနိုင်ပါတယ်။

"အသုဘ အခမ်းအနားအတွက်ပြင်ဆင်ပုံ"
တိဘက်လူမျိုးတယောက်သေဆုံးကွယ်လွန်သွားပြီဆိုရင် ကြွင်းကျန်ရစ်တဲ့ ခန္ဓာကို သုံးရက်တိတိ အိမ်မှာပဲထားရှိပါတယ်။သုံးရက်ပြည့်မြောက်တဲ့ မနက်စောစောမှာတော့ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို နောက်ပြန်အနေအထားဖြင့် ခြေရော၊လက်ရော တင်းတင်းကျပ်ကျပ် တုပ်ပြီး အဝတ်အိပ်ထဲထည့်ကာ စနစ်တကျထုပ်ပိုးပါတယ်။ဒီလိုထုတ်ပိုးပြီးတဲ့ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုဝင်ထဲမှ တယောက်ဟာ ကျောပိုးသယ်ဆောင်ကာ သဂြိုလ်ရန် သတ်မှတ်ထားတဲ့ကွင်းပြင် ကို သယ်ဆောင်သွားပါတော့တယ်။ သတ်မှတ်ထားတဲ့ ကွင်းပြင်ကိုရောက်ရင်တော့ အဲဒီ အလောင်းကောင်အထုတ်အတိုင်းပဲ တိဘက် လားမားဘုန်းတော်ကြီးများက သရဏ ဂုံ တင်ပေးရပါတယ်။ သရဏ ဂုံတင်အပြီးမှာတော့ ကျန်ရစ်သူ မိသားစုဝင်များက ကွယ်လွန်သူကိုနောက်ဆုံးအနေနဲ့ကန်တော့ကြပါတယ်။ ကန်တော့ပြီးတာနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ အသုဘအခမ်းအနားကို ပြင်ဆင်မဲ့လူ(သုဘရာဇာ)လက်ထဲကိုအပ်လိုက်ကြပါတော့တယ်။ မကျွမ်းကျင်သူလုပ်ခွင့်မရှိပါဘူး။ သုဘရာဇာဟာ အထုပ်ကြီးကိုဖြေချလိုက်ပြီး ပထမဆုံး အလောင်းကောင်ရဲ့ ကျောဘက်ကို ဓားဖြင့် စနစ်တကျမြန်မြန်ဆန်ဆန် စပြီးခွဲလိုက်ပါတော့တယ်။ ဒီအချိန်မှာ ဠင်းတများကတော့ ခေါင်းပေါ်မှာ ဝဲပျံပြီး စောင့်ဆိုင်းနေပါတယ်။ သုဘရာဇာဟာ စနစ်တကျနဲ့ တဆင့်ချင်း အလောင်းကောင်ကို တစစီ ခုတ်ထစ် ဖြတ်တောက်လိုက်ပြီး အတွင်းမှကလီစာများကိုတော့ သက်သက်ထုတ်ယူထားလိုက်ပါတယ်။ ပြီးထားတဲ့ အလောင်းကောင်ကို ဠင်းတများအလယ်မှာထားလိုက်ပြီး ခပ်ဝေးဝေးမှ အကဲခတ်နေပါတော့တယ်။ တချိန်ထဲမှာပဲ ဆာလောင်နေတဲ့ဠင်းတ တသိုက်ဟာ အလောင်းကောင်အနားကို စုပြုံတိုးဝှေ့လာကြပြီး မိနစ်ပိုင်းအတွင်းမှာပဲ အရိုးကြီးသက်သက်ပဲ ကျန်နေအောင် စားသောက်လိုက်ကြပြီး တချို့အရိုးများကိုတော့ ချီမယူဆောင်ပြီးထွက်သွားပါတော့တယ်။အဲ အခါမှာတော့ သုဘရာဇာဟာ ပြန်လည်ရောက်ရှိလာပြီး ကျန်ရှိနေတဲ့ အရိုးများကို ညက်ညက်ကျေအောင် ထုထောင်းကာ စောစောက သီးသန့်ဖယ်ထားတဲ့ ကလီစာများနဲ့ရောနှောပြီး တဖန်ပြန်လည်ကျွေးမွေးရပါတယ်၊ ဒီတခါမှာတော့ အစာမဝသေးတဲ့ ဠင်းတတချို့နဲ့ စွန်ရဲများ၊ကျီးကန်းများလို ငှက်ငယ်များ ထိုးဆိတ် ကာ အစအနမကျန်ပဲ ပြောင်ရှင်းနေအောင်စားသောက်လိုက်ကြပါတော့တယ်။
တိဘက်တွေဟာ ဒီလို အသုဘ အခန်းအနားကို ကျန်ရစ်သူ မိသားစုတွေအနေနဲ့ ကြည့်ရှုဖို့ကို အားပေးတိုက်တွန်းပြီး သေခြင်းတရားကို ကြောက်ရွံချင်း စက်ဆုတ်ခြင်း အလျှင်း မရှိပါဘူး။ အခုအခါမှာတော့ ဗုဒ္ဓတရားဓမ္မရဲ့ ဆုံးမမှူသံတွေ၊ ငြိမ်းချမ်းမှူတွေနဲ့ ထုံမွှန်းနေပြီး မသေဆေးနဲ့ ရှန်ဂရီလာတောအုပ် ခေါ်ထွက်ရပ်ပေါက်ဝိဇ္ဇာ ဇော်ဂျီ တပသီများ ပျော်စံရာရှန်ဂရီလာတောအုပ် ရှိရာ ဟိမဝန္တာတောင်တန်းများကြားက ကမ္ဘာရဲ့ ခေါင်မိုးလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ တိဘက်ဒေသဟာ တရုတ်အစိုးရရဲ့ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပြောင်းလဲသွားပြီးနောက်မှာတော့ အသေခံ မီးရှို့ ဆန္ဒပြမှူတွေ ၊ပစ်သံ၊ခတ်သံများနဲ့ အတူ တိဘက်အမျိုးသား အများစုဟာ အိမ်နီးချင်း အိန္ဒိယနဲ့ အနောက်နိုင်ငံများကို တစတစ ပြောင်းရွှေ့အခြေချ ထွက်ခွါသွားကြနေပြီဖြစ်ပါတယ်။
အများပြည်သူ ဗဟုသုတရရှိရန်နှင့် လေ့လာနိုင်ရန် တိဘက်အမျိုးသားတို့ရဲ့ ကောင်းကင် သဂြိုလ်ခြင်း 

အသုဘ အခမ်းအနားတခုရဲ့ မှတ်တမ်းတင် ဗီဒီယိုဖိုင် လင့်ကိုပါပေးလိုက်ပါ့မယ်။ ကြောက်ရွံ အသည်းငယ်သူများ၊ နှလုံးအားနည်းသူများ၊သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကြည့်ရှူဖို့ လုံးဝ(လုံးဝ) မသင့်တော်ကြောင်းကိုတော့ ကြိုတင်အသိပေးလိုက်ပါတယ်။



အတီး( ဝါးလုံးရှည်)