Showing posts with label Historical Research. Show all posts
Showing posts with label Historical Research. Show all posts

Friday, September 27, 2013

on Leave a Comment

ကုန်းဘောင်ဆက် မြန်မာ ရာဇဝင်မှ မိန်းမလည် မိန်းမထက် မိဖုရား သုံးပါး အပိုင်း(၁) - နန်းမတော်မယ်နု

ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား - ငယ် အမည် မောင်မောင်စိန် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ (နန်းကျပြီးနောက် ၈-နှစ်ကြာမှ) နတ်ရွာစံသည် ဟူ၏။

မြန်မာ သမိုင်း၊ ကမ္ဘာ့သမိုင်းရာဇ၀င်တွေကို လှန်လှောဖတ်ရှူမိတဲ့ အခါတိုင်း ရှင်ဘုရင် ဧကရာဇ်မင်းယောက်ျားများသည်သာ အထင်ကရ ထင်ရှားကျော်ကြားပြီး အဓိက ဇာတ်လိုက်အဖြစ် ပါဝင်တတ်ကြပါတယ်။ မိန်းမသားများထဲမှာတော့ ထင်ရှားကျော်ကြားသူကတော့ အင်မတန်မှကို နည်းပါးလှပြီး အဲဒီ အထဲမှာမှနာမည်ဆိုးနဲ့ ကျော်ကြားသူမိန်းမသားများကိုသာ လူအများက ပိုပြီး အမှတ်ရလွယ်တတ်ကြပါတယ်။
(ဥပမာ ကလီယိုပတ်ထရာ )
သို့သော်လည်း ခေတ် အဆက်ဆက်ပြောင်းလာခဲ့ကြတဲ့နောက် အချို့သော ရာဇဝင်ဆရာ၊စာရေးဆရာ တို့ရဲ့ "အာဘော်" ဟူသော စကားလုံး လှလှလေးကို သုံးပြီး ကိုယ်ထင်ရာ မြင်ရာကို ရမ်းသန်းပြီး ဇာတ်နာအောင် သာသာထိုးထိုးလေး ရေးကြပြန်တော့ အနှီ မိန်းမသားများခမျာ နဂိုရှိရင်းစွဲထက်ပိုပြီး ကြမ်း ရမ်း တဲ့ မိန်းမရိုင်းကြီးများ အဖြစ် အသွင်ပြောင်းကာ သေပြီးနောက် နှစ်ပေါင်းအတန်ကြာမှ ပိုပြီး အရှက်ကွဲရ ပိုပြီး နာမည်ကျော်ကြားရ ဖြစ်ကြရတယ်။ ဒါကြောင့် မို့လို့ ရှေး ယခင် စာရေးဆရာများ၏ အာဘော်များ စွပ်စွဲချက်များ မပါရှိပဲ ရာဇဝင် အထောက်အထားများနှင့် ညှိနှိုင်းကာ ကုန်းဘောင်ဆက် မြန်မာ ရာဇဝင်မှ မိန်းမလည် မိန်းမထက် မိဖုရား သုံးပါး ဆောင်းပါး အား ယနေ့ခေတ်အမြင်ဖြင့် နှိုင်းယှဉ်၍ ရေးသားတင်ပြအပ်ပါသည်။

နံပါတ်(၁) နန်းမတော်မယ် နု

နန်းမတော် မယ်နု ဟု အသိများသည့် ရှင်မင်းနုကို မြန်မာ သက္ကရာဇ် ၁၁၄၆ ဝါဆိုလဆုတ် ၅ ရက် အင်းဝမြို့၌ ဖွားမြင်သည်။ မိဘများမှာ ထောင်မှူး ဦးလွှတ်နှင့် ဇနီး မယ်မှန်တို့ ဖြစ်သည်။ မွေးချင်းနှစ်ယောက်ရှိပြီး အကြီးမှာ မောင်အို (စလင်းမင်းသားကြီးဖြစ်လာမည့်သူ)ဖြစ်သည်။နန်းမတော်မယ်နု၏ မျိုးရိုးမှာ ထောင်မှူးသမီး ၊ငါးစိမ်းသည် ၊ကုန်သည် မျိုးရိုး၊မင်းမှူထမ်းမျိုးရိုး ဟု အကွဲကွဲအပြားပြား ပေါက်ပန်းလေးဆယ် ပါးစပ်ရာဇဝင်များဖြင့် ရေးသားကြသော်လည်း တူညီစွာတူသည့် သေချာသည့်အချက်မှာကား မင်းမျိုးမင်းနွယ် နန်းတွင်းသူ မဟုတ်ခြင်းပင်ဖြစ်သည်။ မယ်နု ငယ်စဉ်က အိမ်မှ လူကြီးမိဘများနှင့် တရွာမှ တရွာသို့ သွားလာရာ လမ်းတွင် ဇရပ်တစ်ခု၌ အိပ်ကြ၏။မယ်နုက ထမင်းချက် တာဝန်ယူ၍ ချက်ပြုတ်ရာ မနက်မိုးလင်းသော အခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့် ပေါက်လာရာ လူကြီးများက အံ့ဘွယ် နိမိတ်ကောင်းဟု မှတ်ယူကြသည်။ မယ်နု နန်းတွင်းရောက်လာပုံမှာ ဘယ်သူမှ အတိအကျ မသိသော်လည်း ရာဇဝင်များ အရ ထူးခြားလှ၏။ အသက် ၁၂နှစ်သမီး မယ်နု မြစ်ဆိပ်၌ ရေချိုးချိန်တွင် ရေလဲ လုံချည်ကို စွန်ရဲတစ်ကောင်မှ ဘာမှတ်သည်မသိ၊ ချီယူသွားပြီး နန်းတော် အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင်၌ ပစ်ချထားခဲ့သည်။ ဘိုးတော် မင်းတရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေး စစ်ဆေးကာ တောင်နန်း အပျိုတော်အဖြစ် ခန့်ထားလိုက်၏။

ဘိုးတော် ဘုရား၏ အမှတ်မထင် မြှောက်စားလိုက်သော လုပ်ရပ်မှာ အပျိုတော်တစ်ဦးအားခန့်ထားလိုက်သည်သာ မဟုတ်ပဲ မြန်မာ ရာဇဝင်ကို ပြောင်းပြန်လှန်ကာ အရှုပ်တော်ပုံဖန်တီးမည့် အဓိက ဇာတ်ဆောင်နှင့် ဒါရိုက်တာတစ်ဦး အား " နန်းတွင်းကို လာမွှေစမ်းဟေ့" လို့ လက်ယက်လှမ်းခေါ်လိုက်သလိုသာ ဖြစ်ပြီး ထိုမှ အစပြု၏။ ထိုသို့ ရောက်ရှိလာရာမှ မှန်နန်းရှင်ခေါ် ဘကြီးတော် စစ်ကိုင်းမင်းက အပျိုတော်များကြားထဲတွင် ထင်ထင်ရှားရှားဖြစ်နေသော မယ်နုကို ခေါ်ယူ မြှောက်စားခြင်းဖြစ်သည်။ နန်းမတော် မယ်နု၏ ရုပ်ရည် လက္ခဏာမှာ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိသော်လည်း ကိုယ်ဟန် အနေအထားမှာမှူ ပြေပြစ်လှပ တောင့်တင်း၍ သွားလာလုပ်ရှားမှူ ကိုယ်ဟန်အမှူအရာမှာလည်း သိမ်မွေ့၍ ထီးဟန် နန်းဟန် ရှိကြောင်းကိုတော့ ရာဇဝင်စာပေများ၊ အင်းဝရောက် အင်္ဂလိပ် သံအဖွဲ့များ၊ ကုန်သည် များ၏ မှတ်တမ်းတင်ချက်များတွင် ညီညွတ်စွာ မှတ်တမ်းတင်ခဲ့ပါသည်။

မယ်နုကို မြှောက်စားစဉ်က ဘကြီးတော် စစ်ကိုင်းမင်းမှာအိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ မိဖုရားကြီး ဆင်ဖြူရှင်မယ် မှာရှေ့မှ ဘိုးတော်ဦးဝိုင်းမှာ (၁၇၈၂-၁၈၁၉)ထိ ၃၇နှစ်တိုင် အောင် တဝကြီး နန်းစံသွားလို့ မိဖုရားခေါင်ကြီး မဖြစ်လိုက်ပဲ သူကဦးအောင် အရင် သေရှာသည်။ ထို့ကြောင့် ဘိုးတော် ဦးဝိုင်းက အိမ်ရှေ့မင်း အား မဟာ ဆီ မဟာသွေး အချင်းချင်း အိမ်ထောင်ပြုလိုသည့် သဘောဖြင့် မက္ခရာ မင်းသားကြီး ၏သမီး တော်ဖြစ်သူ ပန်းတောင်း မင်းသမီးလေးနှင့် အိမ်ထောင်ပြုစေသည်၊ သို့သော်လည်း ထိုအချိန်က ပန်းတောင်းမင်းသမီးလေး၏ အသက်မှာ ၈နှစ်အရွယ်သာရှိသောကြောင့် လက်ထပ်ပွဲမှာ လက်ထပ်ပွဲနှင့် မတူပဲ ကလေးထိန်းပွဲနှင့် တူသည်ဟု နန်းတွင်း၌ ရယ်စရာသာဖြစ်တော့သည်။ ထို့ကြောင့်လည်း ဘကြီးတော် စစ်ကိုင်းမင်းကောင်းစားသည့်အခါ ဘိုးတော် ဦးဝိုင်းမှာကြားချက်ကို လျစ်လျှူရှူကာ မယ်နုကိုပင် တောင်ညာစံမိဖုရားကြီးအဖြစ် မြှောက်စားခဲ့ခြင်းဖြစ်ဟန်တူသည်။

"မြန်မာ့သမိုင်းတွင် ထိုသို့ အသက် ၈နှစ်အရွယ် ကလေးဘဝနှင့် အတင်းအကြပ် အိမ်ထောင်ပြုရခြင်းမှာ ဤ ပန်းတောင်းမင်းသမီးလေးမှာ ပထမဆုံး တော့ မဟုတ်ပါပေ၊အင်းဝခေတ် မှ အိမ်ထောင် ငါးဆက်ပြုခဲ့သည့် မိဖုရားကြီး ရှင်ဘို့မယ်သည်လည်း အသက်၈နှစ် အရွယ်မှာပင် အင်းဝဘုရင် မင်းခေါင်နှင့် ပထမ အိမ်ထောင်ကို ပြူခဲ့ရကြောင်းကို သတိချပ်သင့်သည်။ ဤကား စကားချပ်"

ထိုသို့ ပန်းတောင်းမင်းသမီးလေးမှာ ဤမှ ငယ်ရွယ်သော်လည်း မယ်နု အဖို့ မိမိ၏ ရာဇပလ္လင်ကို ထိပါးလာနိုင်မည့် ဆူးငြှောင့်ခလုတ်လေးကိုတော့ အလွတ်မပေး အခွင့်အခါရတိုင်း သတ်ဖြတ်ရန်သာ ချောင်းနေလေတော့သည်။ တစ်ခါသော် မယ်နု၏ လူများဖြစ်ကြသော မင်းလုလင်များမှ ပန်းတောင်းမင်းသမီးလေး အားဖမ်းကာ ကျွန်းသေတ္တာကြီးထဲထည့်၍ ပိတ်ထားရာ ဘယ်သူမှ ရှာမရ ဖွမရနှင့် နန်းတော်တစ်ခုလုံး ယောက်ယက်ခတ်ကုန်ပါတော့သည်။ နောက်ဆုံး မယ်နု၏ ရန်ဘက် သာယာဝတီ မင်းသားကြီး ကိုယ်တော်တိုင် လိုက်ရှာသည့်အခါတွင်တော့ သေတ္တာကြီး အတွင်းတွင် အသက်မျော့မျော့လေးသာ ကျန်တော့သည့် နှမတော် မင်းသမီးလေးကို တွေ့ကာ ကယ်တင်နိုင်တော့လေသည်။ သို့သော်လည်း ပန်းတောင်းမင်းသမီးလေးမှာ မယ်နုမှ လုပ်ကြံသည့်အထောက်အထားသာရှိပြီး လုပ်ကြံခံရပြီး သေသွားသည့်အထောက်အထားများကိုတော့ မတွေ့ရပါ။ နန်းတွင်းမှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာတော့ ဓားထက်လို့သာ ကြောက်ရတယ် ဘယ်သူကမှ မယ်နုကို မကြည်ဖြူ မချစ်ခင်ပါဘူး။ ဒါ့အပြင် မယ်နုက သူ့မောင်အရင်းဖြစ်တဲ့ မောင်အိုကို စလင်းမြို့စားအရာထားပြီး နန်းတော်တွင်းမှာ သူရဲ့ အာဏာစက်ကို ခိုင်မာအောင် တည်ထောင် အားမွေးပါတော့တယ်။ "တို့ဘုရားလည်းမယားဘက်ခပ်ပါပါဆိုသလို" ဘကြီးတော် မင်းဟာလည်း သူ့ယောက်ဖ ကို မယားမျက်နှာနဲ့ မြှောက်စားလိုက်တာမှ ထိပ်တန်း မင်းညီမင်းသား စာရင်းသွင်း၊ လွှတ်တော်တက်ခွင့်ပေးတဲ့ အပြင် ရွှေထီး ရှစ်ချက်မိုး ခစားခွင့်ပေးပါတယ်။ ရှေးခေတ်က မင်းသားတွေရဲ့ အဆင့်အတန်းကို ဒီလို ထီးဆောင်း အရေအတွက် အနည်းအများကို လိုက်ပြီး ခွဲခြားလေ့ရှိပါတယ်။ ညီတော် သာယာဝတီမင်း တောင်မှ ထီးဆယ်ချက်ပဲ မိုးခွင့်ရှိတာဆိုတော့ သူ့ယောက်ဖ မောင်အိုဟာ သူ့ညီ အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်တယ် ဆိုတဲ့ သဘောပေါ့။၊ ဒီလိုနဲ့ မဟာဆီ မဟာသွေး မျိုးရိုးလည်းမပါ၊ အရည်အချင်းကြောင့် မြှောတ်စားခံတာလည်း မဟုတ် အမတော်မျက်နှာတစ်ခုတည်းကြောင့် နန်းတွင်းရောက်လာတဲ့ အရှင်မွေးလို့ နေ့ချင်းကြီး မောင်အိုဟာ တန်ခိုးထွားလာလိုက်တာမှ ကုန်းဘောင်မျိုးဆက်ကို အပြုတ်နှံပြီး သူကိုယ်တိုင် ဘုရင်တက်လုပ်ဖို့ ကြံပါတော့တယ်။ ဒါ့အပြင် နန်းမတော် မယ်နုကို မကျေနပ်သူတွေထဲမှာ ထိပ်သီး များဖြစ်တဲ့ ဆင်ဖြူမယ် ခမည်းတော် ပြည်မြို့စားနဲ့ ဘထွေးတော် တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တဲ့ နောက်ပိုင်းမှာတော့ မည်သူမျှ တုပ်တုပ်မလှုပ်ဝံ့တော့ပါဘူး။ မိဖုရားနဲ့ ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြား သွားခဲ့ပါတယ်။ နန်းမတော် မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံး နီးပါ ဟာ နိုင်ငံရေး လုံးဝ မငြိမ်သက်ခဲ့ ပါဘူး။

ဒီနေရာမှာ စာရှူသူတို့ နားမရှင်းမှာစိုးလို့ အဲဒီခေတ်က နိုင်ငံရေး အခင်းအကျင်း နဲ့ ကြီးသုံးကြီးတို့ ပါဝါ ပြိုင်ကြပုံကို ကြိုရှင်းထားပါရစေ။ ဘကြီးတော် မင်းပြီးနောက် နန်းညွန့်နန်းလျာ ဆက်ခံဖို့ အခွင့်အရေး ရှိသူထဲမှာ သာယာဝတီမင်းကတော့ ထိပ်ဆုံး ကပင်။ သူ့မှာ သူကိုယ်တိုင်လဲ လက်ရုံးရည်နဲ့ ပြည့်စုံသလို နောက်လိုက် အင်အား မိုက်ခဲများမှာလည်း ဇ မသေးလှ၊ သူ့ကိုသစ္စာခံသည့် နယ်ပယ်များမှာလည်း အများကြီးပင်၊ ထို့ကြောင့် ယနေ့ခေတ်စကားနဲ့ ပြောရရင် လက်နက်အာဏာ(Military Power) ပိုင်ဆိုင်သူ ပေါ့။

နံပတ်နှစ်ကတော့ မယ်နု၏မောင် စလင်းမင်းသားကြီး မောင်အို သူကတော့ နန်းတွင်းမှာ လွှတ်ရုံးတတ် အခွင့်အရေး ရာထူး အတင်အချကိုလဲ စိတ်ကြိုက်ပြုလုပ်နိုင်သည့်အပြင် ဓားထက်လှသည့်အတွက် မှူးမတ်များ၊ အရာရှိအရာခံ များကိုပါ အိတ်ထဲထည့် လက်ခုပ်ထဲက ရေဖြစ်အောင်စီရင်ထားနိုင်သည့် နိုင်ငံရေး အာဏာ(Political Power) ပိုင်ဆိုင်သူ

နံပါတ်သုံး စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးမှာတော့ မွေးဖွားစဉ်က စကြဝတေးမင်းတို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည် ၊လက်ဝါးများတွင် ..ခရုပတ်.. နှင့် ..မှဲ့ရှင်.. များ ထူးခြားထင်ရှားစွာ တွေ့ရ။ အချင်းစလွယ်သိုင်း။ ခုနစ်ရက်ရလျှင် မယ်တော် ကွယ်လွန်။ ဖွားဖက်တော် ခုနစ်ဦးလည်း ပေါ်။ရုပ်ရည် လက္ခဏာအနေဖြင့်လည်း အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ အောက်ခြေ ပြည်သူများက အလွန် ချစ်ခင် နှစ်သက်ကြသည့် မင်းသားလေး ၊တနည်းဆိုရသော် ပြည်သူ့အင်အား ၊လူထုအင်အား(People Power) ရှိတဲ့ သူ

သို့သော်လည်း နောက်ဆုံးမှာတော့ အချင်းချင်း အာဏာရူးနှင့် စိတ်ကူးယဉ်မှူ တို့ကိုသာ အခြေခံသည့် မောင်အို၊ မယ်နုနှင့် စကြာမင်းသားလေးတို့မှာ ရေချကွပ်မျက်ခြင်းသာ ခံလိုက်ရပြီး လက်တွေ့ဆန်လှသည့် သာယာဝတီမင်း၏ လက်နက်အာဏာ(Military Power) သည်သာလျှင် အားလုံးကို သိမ်းကျုံးကာ ဆော်ပလော်တီးသွားသည်ကိုတွေ့နိုင်သည်၊ ခေတ်တွေ အလီလီ ပြောင်းလာခဲ့ပြီဖြစ်သော်လည်း သဘော သဘာဝမှာမူ လက်တွေ့ ဆန်ဆန်ရှိနေသေးသည်ကို ကျွန်တော်တို့ မြန်မာပြည်သူများ သတိကြီးစွာ ထားသင့်ပေသည်။ ဤကား စကားချပ်

"မယ်နုနှင့် ကောလဟာလ"

အချို့သော မှတ်တမ်းမှတ်ရာများတွင် မယ်နုသည် စုန်းမကြီးဖြစ်သည်။ စုန်း အတတ်နှင့် လင်ဖြစ်သူ ဘကြီးတော် စစ်ကိုင်းမင်းအား ပြုစားထားသည်။ စလင်းမင်းသားကြီး မောင်အိုမှာလည်း မောင်အရင်း မဟုတ်၊ ငယ်ရည်းစားဖြစ်သည်ဟု ပါးစပ် ရာဇဝင်များဖြင့် အတော်ပင် ပြောကောင်းဆိုကောင်းရှိကြ၏။တကယ့်တကယ်တမ်း ဆင်ခြင်သုံးသပ်ကြည့်ရာတွင် ထိုခေတ်ထိုအခါကတည်းက မိမိ၏ နိုင်ငံရေးပြိုင်ဘက်ကို အလဲထိုးရာတွင် ဝါဒဖြန့်မှူများ(propaganda)လည်း ရှိရ၏။ ယနေ့ခေတ်လို မီဒီယာ၊ဂျာနယ်၊အင်တာနက်တို့ ဖေ့ဘုတ်တို့ မပေါ်သေးသော ကာလဖြစ်သောကြောင့် ဖေ့ဘုတ်ပေါ် ပို့စ်တင်ရုံဖြင့် မဖြစ်နိုင်။ အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ လူများအကြား အတင်းလည်တုတ်တတ်သော လူများ ငှါးရမ်း၍ အရပ်တကာလှည့်ကာ မိမိပြိုင်ဘက် ၏ငယ်ကျိုးငယ်နာဖော် အတင်းတုတ်ပြီး ကောလဟာလ ဖြန့်ခြင်းပင်ဖြစ်သည်။ ထိုထက် ကောင်းသောနည်းလမ်းတစ်ချို့မှာကား လက်စလက်နရှိသော တေးထပ်ဆရာ သီချင်းရေးဆရာ များကို အသုံးပြုကာ ကိုယ်အလိုရှိရာကို အတိတ်နိမိတ်ပြ တဘောင်လိုလို တေးထပ်လိုလို ဖြင့် လူအများ ပါးစပ်ဖျားတွင် စွဲသွားအောင်ပြုလုပ်ခြင်း၊ နန်းတွင်း ရုပ်စုံ အငြိမ့်များတွင် သီချင်းလုပ်ဆိုစေ၍ ရှင်ဘုရင် နားထိ ပေါက်ရောက်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထို ကောလဟာလ များမှာ သာယာဝတီမင်းဘက်မှ မယ်နုအားနည်း လျော့ပါးစေရန် ပြုလုပ်ခဲ့သော ကောလဟာလများကို နှောင်းလူတို့မှ အဟုတ်ကြီးမှတ်ကာ ပြောဆိုနေခြင်းသာဖြစ်တန်ရာသည်။မယ်နုတို့ဘက်မှလည်း သာယာဝတီမင်းအား သူခိုး၊ဓားပြ တေလေ ဂျပိုးများအား နောက်လိုက်အဖြစ် မွေးစားကာ ရှင်ဘုရင်ကို ပုန်ကန်ဖို့ကြံစည်နေကြသည်ဟု သတင်းလွှင့်ခဲ့ကြသည်မဟုတ်ပါကလား။

"နန်းတွင်း ထိုင်ခုံလုပွဲနှင့် ပထမ အင်္ဂလိပ် - မြန်မာစစ်"

ဘကြီးတော်မင်း ဘိသိက် မင်္ဂလာ ဆင်ယင်သောအခါ၌ မဏိပူရ ရာဇာ မတက်ရောက် ခြင်းသည် မြန်မာတို့ကို မထီလေးစား ပြု၍ ပုန်ကန်ခြင်း ဖြစ်သည်ဟု နန်းတွင်းကလွဲ၍ ပထဝီ နိုင်ငံရေး မသိရှာပဲ သွေးနားထင်ရောက်နေကြသော မယ်နု၊မောင်အိုတို့ လူစုမှလည်း စစ်ကိုင်းမင်းအား ကျပ်ပေးကြ၏။ ထိုသို့ ဆေးထိုးခံ၊ အောက်စီဂျင် အပေးခံပြီး ဉာဏ်နည်းလွန်းလှသော ဘုရင်လုပ်သူကလည်း နောင်ကျဉ် သွားစေရန် မဏိပူရ စော်ဘွားကို သင်ခန်းစာ ပေးရမည် ဖြစ်၍ မြန်မာ တပ်ကြီးကို မဏိပူရသို့ "သွားကာ တိုက်စေ" ဆိုပြီး အမိန့်ပေးပါတော့သည်။ ထို စော်ဘွား နောင်ကျဉ် မကျဉ်တော့ မသိ၊ ထိုပြဿနာမှ အစ ပြုကာ အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ အစပျိုး၍ ပထမ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ရကာ အာသံ၊ မဏိပူရ သာမက ရခိုင်နှင့် တနင်္သာရီဒေသ ပါ အဆစ်ပေးလိုက်ရသည့် အပြင် စစ်လျော်ကြေး ၁ ကုဋေ အရစ်ကျနှင့် ရန္တပိုစာချုပ်ပါ အချက်များကို အောင့်သက်သက်နှင့်လိုက်နာခဲ့ရသည်သာ အဖတ်တင်သွားရ၏။

စစ်စဖြစ်ချိန်က သာယာဝတီမင်းသားက အောက်ပြည်အောက်ရွာကိုကာကွယ်လိုကြောင်း သူစုဆောင်းထားသည့်လူသူများနှင့် ရန်ကုန်သို့ချီတက်လာသည့် အင်္ဂလိပ်စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်းတင်ပြ၏။ နောင်တော် ဘုရင်ကလည်း သဘောတူကာ အမြန်စေလွှတ်စေချင်၏။ သို့သော်လည်း ရန်ဘက် စလင်းမင်းသားကြီးမောင်အိုနှင့် မှူးမတ်များက သာယာဝတီမင်းသားအား လက်နက်ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန်ကာ မိမိတို့ ခေါင်းပြတ်မည်ကို အင်္ဂလိပ် အရေးထက် ပိုပြီးကြောက်ကြ၏။သဘောမတူကြ။နောက်ဆုံးတွင်တော့ ယောက်ဖတော် ဦးအိုတို့ဘက်မှ စကား အနိုင်ရကာ သူတို့လူ မဟာဗန္ဒုလ ပြန်လာသည် အထိ စောင့်ပြီးမှ သွားရောက် တိုက်ခိုက်စေဟု မယုတ်မလွန် အမိန့်ချလိုက်လေသည်။သို့ဖြင့်ပင် ရခိုင်မှ ပြန်လာသည့် ဗန္ဒုလကို စောင့်ရင်း ၅လ မကြာသင့်ပဲ ကြာသွားခဲ့သည်။ ထိုသို့ အချိန်အတွင်း အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံ ကုန်းတော်တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲပြီး ဖြစ်ကာ အထက်မှ ဆင်းလာသည့် မြန်မာတပ်များကို အမြောက်နှင့် ဆီးကာ ထုရုံနှင့် ပင် အသာစီးရသွားတော့သည်။ လက်တွေ့တင်မူ သာယာဝတီမင်းလို မင်းသားကြီးတစ်ပါးက သူ့လူတစ်သောင်းနှင့် အောက်အရပ်မှ လှည့်ဝင်လာသော အင်္ဂလိပ်တပ်များကို ဆီးကြိုတိုက်ခိုက်ပါမူ မြန်မာတို့ ဘက်မှ အလုံးစုံ မနိုင်စေကာမူ ဤမျှလောက် သိက္ခာကျစရာ အကြောင်းမရှိ။ မြန်မာတို့ထက် သာလွန်ကောင်းမွန်သော အင်္ဂလိပ်တို့၏လက်နက်များကို နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရသော သာယာဝတီမင်းသားကြီးက စောစောစီးစီး စစ်ပြေငြိမ်း ရန် နောင်တော်ဘုရင်ထံတင်ပြ၏၊ သို့သော်လည်း မောင်အို၊မယ်နုတို့မှ လက်မခံပဲ စစ်ကိုသာ ထပ်တိုးတိုက်ရန် နန်းတွင်းမှ အခန့်သား အမိန့်သာတွင်တွင်ပေး၏။ ထိုမျှမကသေးဖမ်းမိသော အင်္ဂလိပ်စစ်သုံ့ပန်းများအား သာယာဝတီမင်းသားက ကောင်းစွာထားလိုသော်လည်း မယ်နုတို့မှ တိတ်တဆိတ်သတ်ရန် ကြံသည်။ ထို့အတွက် နောက်ဆုံး ရလဒ်ကား အပြောကြီးသော ဗန္ဒုလလည်း ဓနုဖြူမှာ ကျ၊ အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင်၄၀သာဝေးသည့် ရန္တပိုရွာသို့ ရောက်တော့မှသာလျှင်ညီတော် သာယာဝတီမင်း၏ စကားကိုနာခံပြီး အပြေးအလွှား စစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။

ထို အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် ထူးခြားချက်မှာကား ရခိုင်တိုင်းရင်းသားတို့သည် အင်္ဂလိပ်တို့ဘက်မှ စစ်ကူပေး၍ မြန်မာတို့အားပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် မြန်မာတို့အား တိုက်ခိုက်မည့်ရခိုင် စစ်တပ် တတပ်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ထွက်ခွာ သွားစေရန်ကိုသာ အလိုရှိသူများ ဖြစ်၍ မြန်မာတို့ ဆုတ်ခွာရလျင်ပင် ဗြိတိသျှ အုပ်ချုပ်မှုကိုလည်း အလိုမရှိ ဖြစ်ကြသော်လည်း အလွန်နောက်ကျသွားပြီဖြစ်ကာ ရခိုင်သားတို့မှာ ဘကြီးလည်း မမှီ ၊ထီးတင်ပွဲလည်း မတွေ့ ဖြစ်သွားရရှာတော့သည်။

"မယ်နုတို့ တန်ခိုးထက်ပြီ"

သာမန် အရပ်သူမှ ပြည့်ရှင်မင်း၏ အချစ်တော်ဖြစ်ပြီး နောက်ပိုင်းတန်ခိုးထက်ပုံကတော့ မြန်မာတစ်နိုင်ငံလုံး" နု "ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင့် မရှိခဲ့ပါဘူး ။၊မန်ကျည်းရွက်တွေကို ခေါ်ရင်တောင်မှ နုနု ထွဋ်ထွဋ် ဆိုတဲ့ စကားလုံး အစား အိအိ ထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ် ဆိုသတဲ့။ အဲဒီ အရင် ဘိုးတော်ဘုရားလက်ထက်တုန်းကတော့ ပလ္လင်ပေါ်မှာ ဘုရင်နဲ့ မိဖုရားနှစ်ပါး လူရှေ့သူရှေ့မှာ တွဲထိုင်ပြီး အပူဇော်ခံလေ့မရှိပါဘူး။ အဲဒီဓလေ့ထုံးစံလည်း မယ်နုလက်ထက်လောက်မှာ တော်လှန်ခဲ့လို့ ပျက်ရတယ်နဲ့ တူပါတယ်။ အင်္ဂလိပ် သံအဖွဲ့ လာရောက်စဉ်က ပလ္လင်ပေါ်မှာ ဘုရင်၊မိဘုရားပါ မကလို့ ကြားမှာ သမီးတော် ဘုစုခရုလေးပါတက်ထိုင်နေတာကို မှတ်တမ်းတင်သွားခဲ့တယ်။

ဘကြီးတော် စစ်ကိုင်းမင်းနှင့် နန်းမတော်မယ်နု၌ သားသမီး သုံးပါးထွန်းကား၏၊ 
(၁) သမီးတော် ကြီး ငယ်စဉ်က လွန်
(၂) ပလိုင်းရွာစား လေး ကျောက်ရောဂါဖြင့်ပင် အသက် ၆နှစ်၌ ကွယ်လွန်ပြန်
(၃) ငယ်အမည် မယ်သဲ( နောင်အခါ မင်းတုန်းမင်း၏မိဘုရား ဆင်ဖြုမရှင်ဟု ဖြစ်လာမည့်သူ) တို့ပင်ဖြစ်သည်။

မယ်နု အနေဖြင့် အတ္တကြီးခြင်း၊ မကောင်းကြံစည်ခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော်လည်း သာသနာတော် အတွက် ချီးမြှင့်ခဲ့သော ကုသိုလ်တော်များလည်း မနည်းလှပါ။
(၁) အမရပူရ ပုထိုးတော်ကြီး
(၂) အင်းဝ နန်းတွင်း မှ အုတ်ကျောင်း
(၃)မဟာ သကျသီဟ ရုပ်ပွါးတော်
(၄)စစ်ကိုင်းမှ ရှင်ဖြူ ရှင်လှ စေတီနှင့် စောင်းတန်း
(၅)အမရပူရမှ ကြေးချိန် တစ်သိန်း ခေါင်းလောင်း
(၆)ဖလံခုံ ရွာ အနောက်တိုက် ဘုရားကြီး
(၇) ဗုဒ္ဓဂယာမှ မြန်မာ ဇရပ်တို့ပင်ဖြစ်သည်။

"မယ်နု၏ဇာတ်သိမ်း"

ဘကြီးတော် စစ်ကိုင်းမင်းသည်လည်း ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲ နောက်ပိုင်းတွင် စိတ်နောက် ရှုပ်ထွေးကာ သူ့လက်ထက်တွင်မှ ကုန်းဘောင်ဆက် မြန်မာနိုင်ငံတော်ကြီး တစစီပဲ့ထွက်ရပါသည်ဟု စိတ္တဇ ဝေဒနာ စွဲကပ်ကာ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ မိမိရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်တဲ့ သာယာဝတီမင်းကို ရှင်းချင်နေတဲ့ မောင်အိုတို့ လူစုအတွက်တော့ အကြိုက်ပေါ့။ထုံးစံ အတိုင်း ပါပဲ။ ဓားမြမှူဖြင့် အမှူဆင်ကာ သာယာဝတီမင်း၏ ညီမတော် အရင်း ပုဂံမင်းသမီး၏ ကျွန်အား မောင်အိုတို့လူစုမှ အမှူဆင် ဖမ်းရာတွင် ပါးနပ်သော သာယာဝတီမင်းက မောင်အိုတို့ လူစုလက်မဦးခင် ရွှေဘိုသို့ သွားရောက် ရှောင်တိမ်းကာ စတင် ပုန်ကန်ပါတော့သည်၊ အဆုံးတွင်တော့ ပုန်ကန်မှူ အောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း နန်းကျ မယ်နုနှင့် အတူ အကျယ်ချုပ်စံရ၊ မောင်အိုတို့ လူစုမှာလည်း ထောင်ထဲရောက်နှင့် ဇာတ်သိမ်းရတော့သည်။ ဒါတောင်မှ အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိသမျှ အကုန်ပေးပါ့မည်။ ညီတော်အား အမြန်လာတိုက်၍ ဘကြီးတော်အား ပြန်လည်နန်းတင်ပေးရန် အကြံကြီးလိုက်ကြသေး၏၊သို့သော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်တပါးအနေဖြင့် ဂရုပင် မစိုက်တော့ပဲ ဘာအကြောင်းမှမပြန်တော့သဖြင့် ခဲလေသမျှ သဲရေကျရလေတော့သည်။ သာယာဝတီမင်းလည်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာ ထားသော်လည်း အငြိမ်မနေ အပြင်မှ မောင်အိုတို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်တွင် ချုပ်ထားသော စလင်းမင်းသားကြီး မောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေ သာ၊ ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ တသီတတန်းကြီး ကွပ်မျက်လိုက်ခြင်းခံရပါသည်။

အကောင်းမြင် ရှူထောင့်နဲ့ ကြည့်ရရင် မယ်နုကိုတော့ သေခါနီး မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုလိုက်ပြီး မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင် ဖျောက်ဖျက်ဖို့ အမိန့်တော်ရှိ၏။ မယ်နုကို ရေချဖို့ လမ်းတွင်ခေါ်လာရာတွင် တငိုငိုနှင့် လိုက်ပါလာသော သမီးတော် မယ်သဲလေး(နောင်တွင် ဆင်ဖြူမရှင်)အား လမ်းတွင် ပုဂံမင်း၏ နှမတော်၊ မင်းတုန်းမင်း၏ မိဘုရားခေါင်ကြီးဖြစ်လာမည့် စကြာဒေဝီ မိဘုရားမှ လမ်းတွင် ဆွဲယူကာ မွေးစားခဲ့ရလေသည်။ နောက်ဆုံးအနေဖြင့် မယ်နုမှာ မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ကို မြို့ဝန်နှင့် အာဏာပါးကွက်သားတို့အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ကျောင်းသို့ရောက်အောင်ပို့ဆောင်လေ၏ ။မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော်မှာ စာကြည့်နေခိုက်ဖြစ်၏။မယ်နုမှ ဆရာတော် အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဒ်မှ ရာဇဝင် တွင်မည့်တရားကို ဤသို့ တိုတိုတုတ်တုတ် ဟောတော်မူ၏။

"ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်" ဟူသတဲ့။

မယ်နုလည်း ဦးချပြီး ပြန်ဆင်းလာရာ လှေကားအရောက်တွင် "တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကိုနှစ်ပေါင်းများစွာ ကိုးကွယ်လာတာ ဘယ်အခါမှ ငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ငါ့ဘက်သို့ လှည့်၍ကြည့်သည်ဟူ၍လည်းမရှိ၊သည်ကနေ့မှပဲ ငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော်မူတယ်။ဟောလိုက်တဲ့ တရားကလည်း ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည် တဲ့။တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ" ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာကို ပျော်ပျော်ကြီးလိုက်ပါသွားလေတော့သည်။

တစ်ချိန်က နန်းတွင်း၌ ဓားထက်ခဲ့သော မိဖုရားခေါင်ကြီး နန်းမတော်မယ်နုမှာကား သူနှင့် သူ၏ လင်တော်မောင် ဘကြီးတော် စစ်ကိုင်းမင်း၏ အကျယ်ချုပ်စံမြန်းရာ နန်းတွင်းအိမ်တော်နှင့် သိပ်မဝေးလှသော တောင်သမန် အင်းရေပြင်ရဲ့ အရှေ့မြောက်ထောင့် မယ်ဘယက်ကုန်းကမ်းစပ်မှာ ကတ္တီပါအိတ်အနီအတွင်း ထည့်သွင်းပြီးရေချကွပ်မျက်ခဲ့ပါတော့သည်။ ဤတွင် ပြီး၏။ ဆက်ရန် အပိုင်း(၂) အပိုင်း(၃)တို့ကိုတော့ မကြာမှီ အတွင်း ရေးသားတင်ဆက်ပါ့မည်ဖြစ်သည်။

ကိုးကား
-မြန်မာနိုင်ငံရေး သမိုင်း ဒုတိယတွဲ၊ပထမပိုင်း
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရာတနာပုံ၏ နိဒါန်းနှင့် နိဂုံး)

လေးစားစွာဖြင့်
အတီး(ဝါးလုံးရှည်)


Wednesday, September 25, 2013

on Leave a Comment

သီပေါမင်း ၏ နှမတော် အရင်းဖြစ်သော မိတ္ထီလာ စုဖုရားလေး



သီပေါမင်းတွင် မောင်နှမ အရင်း သုံးယောက်ရှိသည့်အနက်မှ အထွေးဆုံး နှမတော် ဖြစ်သည်။

ခမည်းတော် မင်းတုန်းမင်းကြီးနှင့် မယ်တော် လောင်းရှည် မိဖုရားတို့တွင် သားတော်၊ သမီးတော် လေးပါးထွန်းကားခဲ့ရာ အကြီးဆုံး သမီးတော် ချွန်းတော်မြို့စား၊ (နောက်) မိုင်းကိုင်းမြို့စား မင်းသမီး သုသီရိပဘာဝတီ မှာ အသက်(၈)နှစ် အရွယ်ကပင် ကံကုန်တော်မူသွားသည်။ ဒုတိယသမီးတော်မှာ သုသီရိ ရတနာဒေ၀ီ ဖြစ်၍ မောင်တော် သီပေါမင်း လက်ထက်တွင် ပုခန်းကြီးမြို့စား ပေး၍ ပုခန်းကြီးစုဖုရားကြီးဟု ထင်ရှားလေသည်။ တတိယနှင့် နို့ညာမှာ သီပေါမင်း ပင်ဖြစ်၍ ဓာတ်ပုံထဲမှ မင်းသမီးလေးမှာ စတုတ္ထနှင့် အထွေးဆုံး သမီးတော် သီရိသုရုဇာဝတီ နောင် တော် သီပေါမင်း လက်ထက် တွင် မိတ္ထီလာမြို့ကို မြို့စားပေး၍ မိတ္ထီလာ စုဖုရားကလေး ဟု ထင်ရှားလေသည်။ မိခင် ဖြစ်သည့် လောင်းရှည် မိဖုရားမှာသည် ရှမ်း အနွယ်ဖြစ်၍ သီပေါမင်းတို့ မောင်နှမ တစ်သိုက်မှာ ရှမ်း မြန်မာ ကပြား များပင်ဖြစ်သည်။

မိတ္ထီလာ စုဖုရားလေးသည် သီပေါမင်း ပါတော်မူချိန် ၁၈၈၅ ခုနှစ်တွင် အသက် ၂၆ နှစ် ရှိပြီဟု ဆိုသောကြောင့်မွေးသက္ကရာဇ်မှာ အင်္ဂလိပ် သက္ကရာဇ် ၁၈၅၉ ခုနှစ် ဟု အနီးစပ်ဆုံး ခန့်မှန်းနိုင်သည်။ပါတော်မူစဉ်က သီပေါမင်း၏အစ်မတော် ပုခန်းကြီး စုဖုရားကြီး နှင့် ညီမတော် မိတ္ထီလာ စုဖုရားကလေးတို့သည် ဗြိတိသျှအစိုးရက အိန္ဒိယသို့ အတူလိုက် မလိုက် မေးတော်မူသေးသည်။ သို့ရာတွင် မင်းသမီးများက "မလိုက်လို" ဟု ငြင်းကာ မန္တလေး တွင် ဆက်နေခဲ့ပြီး အခြားမိဖုရား၊ မင်းသား၊ မင်းသမီး များကဲ့သို့ နယ်ပြောင်း မခံကြရပေ။ အင်္ဂလိပ်တို့ အုပ်ချုပ်စဉ် အတွင်း မင်းဆွေ မင်းမျိုး များအား ပင်စင်လစာ သတ်မှတ်ရာတွင် ပထမတန်းစား မင်းသမီးများ အဖြစ် သတ်မှတ်ခံရပြီး တစ်လ ရူပီငွေ ၁၅၀ ရသည်။ ၁၉၀၁ ခုနှစ်မှစ၍ ရူပီငွေ ၃၀၀ စီ တိုးမြှင့်ပေးလေသည်။ ပါတော်မူစဉ်က နှမတော်များမှာ အပျိုစင် မင်းသမီးများဖြစ်ကြကာ အမတော် ပုခန်းကြီး စုဖုရားမှာ သီပေါစော်ဘွားကြီး စောခွန်ဆိုင်နှင့် လက်ဆက်ကာ မဟာဒေဝီဖြစ်သွားပြီး မန္တလေးမြို့ဆိုင်းတန်းရပ်၌ စော်ဘွား တော်ကြီး က အုတ်တိုက်တော်ကြီး တည်ဆောက်ပေး၍ အခြွေအရံများနှင့် တခမ်းတနား စံရသည်။ပုခန်းကြီး စုဖုရားကြီး သည် သီပေါစော်ဘွားကြီး နှင့် သားသမီးရတနာ မထွန်းကား၍ ဤတွင် မျိုးဆက်ပြတ်လေသည်။

ပုံပါ မိတ္ထီလာ စုဖုရားလေး သည် သူမ၏အပျိုတော် ခင်လေးပု ၏မောင် မောင်ကျော်လှိမ့် ဆိုသူနှင့် နီးစပ်ခါ လက်ဆက် ခဲ့ပြီး သားတော် သမီးတော် လေးဦး ထွန်းကားခဲ့သည်။(၁)သမီးတော်ကြီး၊ (၂)သမီးတော်လတ်၊ (၃)သားတော်ကြီး၊ (၄)သမီးတော်ကလေးဟု အမည်တွင်ကြလေသည်။ မိတ္ထီလာစုဖုရားကလေး သည် ငယ်ငယ်ရွယ်ရွယ် သက်တော် ၃၆ နှစ်တွင် ၂၉ လမ်းထောင့် ကျောက်သွေးတန်း နေအိမ်တော်တွင်ပင် ကံကုန်တော်မူသည်။ ကျန်ရစ်သည့် သားတော်၊ သမီးတော် များကို အဒေါ်ဖြစ်သူ ပုခန်းကြီးစုဖုရားကြီး ကပင် ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး ဆိုင်းတန်းရှိ အစ်မ တော် ဘုရားဝင်း အုတ်တိုက်တော် သို့ ခေါ်ယူကာ အမွေစား အမွေခံ အဖြစ် မွေးစားခဲ့လေသည်။

သမီးတော်ကြီးဆိုသူမှာ မြို့အုပ် ဦးမောင်ကလေး နှင့် လက်ဆက်သည်။ သားသမီးမထွန်းကားပေ။ သမီးတော်လတ် မှာ ထိပ်တင်ဦးကြီး ဆိုသူ နှင့် လက်ဆက်သည်။ ပုခန်းကြီး စုဖုရားကြီး ကံကုန်တော်မူ၍ စုဖုရားကြီး၏ ကျန်ရစ်သော အမွေပုံ နှင့် ပတ်သက်၍ အမွေမှု မန္တလေး၌ဖြစ်သည်။ တစ်ဖက်က အိန္ဒိယမှ မောင်တော်ရင်း သီပေါမင်းမှ တစ်ဖက် ၊ အမွေစား အမွေခံ သမီးတော်ကြီးနှင့် ခင်ပွန်း ဦးမောင်ကလေးတို့က တစ်ဖက်ဖြစ်၏။ ကြီးတော် ဖြစ်သူ၏ အမွေကို အမွေစား အမွေခံ တူမ အရင်း နှင့် ဦးလေးဖြစ်သူတို့ ဆွေမျိုး အချင်းချင်း ဖြစ်ကြရ သော အမွေမှူပင်ဖြစ်သည်။ သီပေါ မင်း ကိုယ်စား မြန်မာ နိုင်ငံမှ နေ၍ မင်းတုန်းမင်း၏ သမီးတော် ချွန်းတောင်ထိပ်ခေါင်တင်၊ လှေသင်းအတွင်းဝန်နှင့် ၀က်မစွတ်ဝန်ထောက်တို့က ဆောင်ရွက် ရသည်။ အဆုံးသတ်တွင်တော့ သီပေါမင်းဘက်မှ ကလေးတွေနှင့် ဖက်မဖြစ်တော့ ဟူ၍သာ သဘောပိုက်ကာ အရေးတယူ ဆောင်ရွက် အမှူ ဆိုင်ချင်း မပြုခဲ့တော့ပေ၊ ဥပဒေ ကြောင်း အရလည်း တူမတော်တို့အား ပုခန်းကြီး စုဖုရားကြီးမှ အမွေ စား အမွေခံ အဖြစ် မွေးစားပြီးဖြစ်၍ သမီးတော်ကြီးတို့ဘက်မှပင် အနိုင်ရမည်ဖြစ်သည်။ ထိုသို့ သီပေါမင်း နှမတော် မိတ္ထီလာစုဖုရားကလေး၏ သားသမီးများသည် ပုခန်းကြီး စုဖုရားကြီး၏ အမွေမှု ကြောင့် တစ်ဖက်နှင့်တစ်ဖက် တင်းမာသွားပြီး ကင်းကွာသွားကြပုံရသည်။ သို့သော်လည်း သီပေါမင်း တရား နတ်ရွာစံပြီးနောက် စုဖုရားလတ် မြန်မာပြည်သို့ ပြန်လာ၍ စံနေတော် မူသည့် နောက်ပိုင်း တွင်တော့ ဆွေမျိုး အချင်းချင်း ပြန်၍ အဆက်အသွယ်ရှိသွားကြသည် ဟု လေ့လာမိသလောက်ကို မှတ်တမ်းတင်အပ်ပါသည်။

ကိုးကား
-ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ ရတနာပုံ နိဒါန်းနှင့် နိဂုံး
- မောင်သန်းဆွေ (ထားဝယ်) ရေးသားသော ပုခန်းကြီး စုဖုရားကြီး၏အမွေမှု ကလျာမဂ္ဂဇင်း ဧပြီလ ၂ဝ၁၁ ခုနှစ်

အတီး (ဝါးလုံးရှည်)

Tuesday, September 17, 2013

on Leave a Comment

ဒေါက်တာသန်းထွန်း၏ ဆေးခါးကြီး





အတီး (ဝါးလုံးရှည်)

Tuesday, September 3, 2013

on Leave a Comment

ကိုမြတ်သိန်းထွန်း ဆီသို့ ပြန်ကြားချက် (ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း၁၀(က))

ထင်တောင်မထင်ထားပါဘူး၊ တကယ်ပါ။ ကိုမြတ်သိန်းထွန်းကိုယ်တိုင်ရေးထားတာမှဟုတ်ရဲ့လားတောင် သံသယဖြစ်မိပါတယ်။

ကိုမြတ်သိန်းထွန်းရဲ့ သမိုင်းကြောင်းဆိုင်ရာချေပချက်တွေကို တောက်လျှောက်ဖတ်လာလိုက်တာ အခုနောက်ပိုင်း ကိုမြတ်သိန်းထွန်းရဲ့ ပြန်ကြားချက်တွေဟာ သမိုင်းနဲ့ မတူပဲ ပိုပြီး စိတ်ကူးယဉ်ဆန်လာတယ်လို့ထင်ပါတယ်။ အစပိုင်း ရေးတဲ့ ပို့စ်တွေမှာတော့ ကိုမြတ်သိန်းထွန်းရဲ့ ချေပချက်တွေဟာ အထောက်အထား စုံလင်စွာနဲ့ သမိုင်းအမြင်ကို မတူညီတဲ့ ရှူထောင့်တွေမှ ဖတ်ရှူခဲ့ရလို့ ကျွန်တော်ဟာ ကိုမြတ်သိန်းထွန်းရဲ့ စာဖတ် ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဘာ အထောက်အထားမှမတင်ပြတော့ပဲသမိုင်းအဖြစ်အပျက်တွေကို လူတစ်ယောက်က စိတ်ကူး ကွန့်မြူးပြီး ရေးသားထားတာကို ဖတ်နေရပါတယ်။

ကိုရဲရင့် သစ္စာ နေရာမှာ ကျွန်တော်သာဆိုရင်တော့ အထောက်အထား မယ်မယ်ရရမပါရှိတဲ့ပါတဲ့ စာတစ်ပုဒ်ကို အဖတ်လုပ်ပြီး အကြောင်းပြန်ချင်မှာတောင်မဟုတ်ပါ။

အခု ကိုမြတ်သိန်းထွန်း ရေးသားထားသည့် ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း၁၀(က) မှာ ပါရှိသည့် သမိုင်းအထောက်အထားဆိုလို့ ရခိုင်မင်းသမီး ဧချင်းတစ်ပုဒ်သာပါတာကိုတွေ့ရသည်။

"ဧချင်းဆိုတာက အားလုံးသိကြတဲ့အတိုင်းပါပဲ မင်းသမီး၊ မင်းသားငယ်များအား ဧယင်တော် မင်္ဂလာကျင်းပသည့် အခါများတွင် ပုခက်တွင်း၌သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတ အမျိုးအစား သီချင်းတစ်ပုဒ် ပင်ဖြစ်သည်။ "

ကိုမြတ်သိန်းထွန်း အနေနဲ့ ရှေးဟောင်းရခိုင်ရာဇဝင် ပေစာတွေ အားလုံးကို ပယ်ပြီး ဒီလို ပုခက်လွှဲ သားချော့တေး တစ်ပုဒ်ကို တင်ပြကာ မူလ ရှေး ရခိုင်ရာဇဝင် သမိုင်းကို ငြင်းဆန်ရဲတဲ့ စိတ်ကူးကိုတော့ ကျွန်တော် မစဉ်းစားရဲလောက်အောင်ကို ဖြစ်မိပါတယ်။ သားချော့တေးဟာ စာပေ ယဉ်ကျေးမှူ၊ စကားလုံး ဝေါဟာရတွေရဲ့ သမိုင်းကြောင်းကို ကောင်းကောင်းကြီးဖော်ပြနိုင်ပေမဲ့ အဲဒီထဲကပါတဲ့ အကြောင်းအရာတွေကို ရာဇဝင် အထောက်အထားအနေနဲ့ မှတ်ယူဖို့ကတော့ သမိုင်းပညာရှင်တွေအနေနဲ့ လက်ခံလို့ မရနိုင်ပါဘူး။ သားချော့တေးနဲ့ ရာဇဝင်ကျမ်း တစ်စောင်ဟာ ဘယ်ဟာက ခိုင်မာ တိကျနိုင်သလဲဆိုတာ အသိဉာဏ် ပုံမှန်ရှိတဲ့ လူတစ်ယောက်တောင် စဉ်းစားမိနိုင်ပါတယ်။ ရှေးခေတ်က ရှေးရခိုင်ဘုရင်တွေ ဟာ ဘင်္ဂလီကုလားတွေဆီက စစ်ကူ မယူခဲ့ဘူးဆိုတာကို အကြောင်းပြချင်ယုံသက်သက်နဲ့တော့ ဒီသားချော့တေးတစ်ပုဒ်နဲ့ ရှေးရခိုင်ရာဇဝင်ကို ဘယ်လိုမှ ချေပလို့မရနိုင်သလို ပြုစုတဲ့ ရခိုင်ရာဇဝင်ဆရာ တွေဟာ ရာဇဝင်ဆရာမဖြစ်ထိုက်တဲ့ အရည်အချင်း မရှိလို့ ရခိုင်ရာဇဝင်ကျမ်း အကုန်လုံးကို ပယ်ချလို့လဲ မဖြစ်နိုင်ပါဘူး။ (ဘာဖြစ်လို့လဲ ဆိုတော့ ရာဇဝင်ကျမ်းတွေက သိပ်မှမရှိတာ။ ရှိတဲ့ဟာလေးကို ပယ်ချလိုက်ရင် နောက်ပိုင်း ကိုးကားစရာမရှိတော့လို့)

တကယ့်တကယ်တမ်းမှာတော့ ရှေးဟောင်း ရခိုင်ဘုရင်တွေဟာ ဘင်္ဂလီကုလားတွေဆီက စစ်ကူယူခဲ့တာပဲ ဖြစ်ဖြစ်၊ မယူခဲ့တာပဲဖြစ်ဖြစ် အဲဒီ ကိစ္စကြီးက ဘာမှ ရှက်စရာမဟုတ်သလို ကျေးဇူးတင်စရာလဲမလိုပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီခေတ် အခါက အင်အားကြီးသူက အနိုင်ရတတ်တဲ့ လျှင်သူစား စတမ်း ပဒေသရာဇ် ခေတ်ဖြစ်နေလို့ပါပဲ။

အနီးစပ်ဆုံး ဥပမာ အနေနဲ့ပြရရင် သမိုင်းတစ်လျှောက်လုံးမှာ မြန်မာတွေ မွန်တွေဟာ အင်အားနည်းနေတဲ့ အချိန်မျိုးမှာ အိမ်နီးချင်း ယိုးဒယားတွေကို လက်ဆောင်ပဏ္ဏာဆက်၊ သမီးကညာ ပို့ရင်း အပြိုင် အဆိုင် သမီး ယောက်ဖ သားမက်နဲ့ ယောက္ခမ ပြေးတော်ကြပေမဲ့လည်း အချင်းချင်းညီညွှတ်ပြီး အားကောင်းလာတဲ့ အချိန်ကျရင်တော့ ယိုးဒယားထိ တကူးတက သွားပြီး စွာတတ်ကြတာ ပါပဲ။ ယိုးဒယားဘက်မှလည်း အခါအခွင့်သာရင် မြန်မာနယ်တွေကို တက်တက်သိမ်းနေခဲ့ဖူးတာပါပဲ။(မဂဒူးမင်းနောက်ပိုင်း မွန်မင်းတွေဟာ ဒါကြောင့် မွန်သွေးတစ်ဝက် ယိုးဒယားသွေးတစ်ဝက်တောင်ဖြစ်နေပါပြီ)ဒါတွေဟာ သမိုင်းအမှန်တွေဖြစ်လို့ လက်ခံရမှာပါပဲ။ ရှေးရခိုင်တွေဟာ ဘင်္ဂလီတွေဆီက စစ်ကူယူခဲ့ဘူးပြီး နောက်ပိုင်းကျတော့ ဘင်္ဂါ ၁၂မြို့ကို ပြန်သိမ်းခဲ့လို့ ရခိုင်လူမျိုးတွေဟာ ကျေးဇူးကန်းတဲ့လူမျိုးတွေဖြစ်တယ်လို့ မယူဆနိုင်ပါ။

အချုပ်အားဖြင့် ပြောရရင်တော့ သမိုင်းကွက်လပ်တစ်ခုကို ဖြည့်ဖို့ရာမှာ ခိုင်လုံအထောက်အထားမရှိပဲ မိမိအထင် အမြင် စိတ်ကူးသက်သက်ကြီးနဲ့ ဝင်ရောက်ဖြည့်ပေးလို့မရနိုင်ပါ။ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ခေတ်က နိုင်ငံရေးစနစ်၊ လူမှူရေး စနစ် အပြင် လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံတွေဟာ ယခုလက်ရှိ ခေတ် လူတွေရဲ့ ဦးနှောက်နဲ့ စဉ်းစားတွေ့ခေါ်ပုံတွေဟာ မတူလို့ပါပဲ။ ဒီလိုကွက်လပ်တွေကို ဖြည့်ချင်ရင်တော့ ဒီထက်ပိုပြီး စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုတေသန လုပ်သင့်ပါတယ်။

ဒါကြောင့် ဘင်္ဂလီတွေ ဆီက စစ်ကူမယူခဲ့ဖူးလို့ ငြင်းချင်တာကြောင့် ရာဇဝင်စာပေတွေကို ငြင်းပယ်ပြီး သားချော့တေးတစ်ပုဒ်ကို တင်ပြရဲတဲ့ ကိုမြတ်သိန်းထွန်းရဲ့ အဖြစ်ဟာ ဒယ်အိုးထဲမှာပူလို့ မီးပုံထဲခုန်ချတဲ့ အဖြစ်နဲ့တူနေပါကြောင်း။

အပိုင်း(ခ) အတွက် ထပ်မံရေးသားပါမည်။

အတီး (ဝါးလုံးရှည်)


Friday, August 16, 2013

on Leave a Comment

ငရန်မန်ကန်းသည် မွတ်စလင် ဟုတ်မဟုတ်

ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ ဆိုတာက စစ်တပ်ရဲ့ အာဘော် သတင်းစာ ဆိုတာ အားလုံး သိပြီးသားဖြစ်လို့ ဘာမှတော့ အထွေအထူးပြောစရာ မရှိပါဘူး၊ ဒါပေမဲ့လဲ ပြောစရာရှိလာတာကတော့ အခုလတ်တလော ဖတ်လိုက်ရတဲ့ ဦးမြင့်ဝေ(ကြို့ပင်ကောက်)ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပုဂံခေတ်မှာ ပုန်ကန်တဲ့ ငရန်မန်ကန်း ကို မွတ်စလင် တစ်ယောက်ဆိုပြီး ရေးထားတာကြောင့် ထင်ပါတယ်။အချို့ သူငယ်ချင်းများအတော်များများက ကျွန်တော့ကို ငရန်မန်ကန်းက မွတ်စလင် ဟုတ်၊မဟုတ် ဆိုတာကို မက်စေ့ကနေ့တဆင့် အမေးများလာကြတာကြောင့် အားလုံးသိရှိနိုင်အောင် ပို့စ်တင်ပြီး တခါတည်းရှင်းပြလိုက်ပါရစေ၊ဒီလိုမရှင်းပြမှီ ဝန်ခံလိုတာကတော ကျွန်တော်ဟာ သမိုင်းပညာရှင်၊ သုတေသီ တစ်ဦးမဟုတ်ပဲ အားလပ်ချိန်မှာ လေ့လာလိုက်စားတဲ့ သာမန် ဝါသနာရှင်တစ်ဦးသာဖြစ်ကြောင်းကို ကြိုပြီး အသိပေးအပ်ပါတယ်။

ဆက်လက်ပြီး ငရန်မန်ကန်းဟာ မွတ်စလင် ဟုတ်မဟုတ်ကို လေ့လာ သိရှိထားတဲ့ အထောက်အထားများနဲ့ ရှင်းလင်းတင်ပြပေးပါရစေ။ ဆောင်းပါးရေးသူ ဦးမြင့်ဝေ(ကြို့ပင်ကောက်)က Moshe Yegar ရေးတဲ့ Muslims of Burma စာအုပ်ကို ကိုးကားထားပြီး ခန်း Khan ဆိုတဲ့ အမည်ဟာ မွတ်စလင် မျိုးရိုး နာမည်ဖြစ်လို့ ငရမန်ကန်းဟာ မွတ်စလင်တစ်ယောက်ဖြစ်ရပါတယ် ဆိုပြီး မရမက ဆက်စပ်ရေးသားထားတာကို တွေ့ရပါတယ်၊ ဒါပေမဲ့ ဦးမြင့်ဝေ သတိမထားမိလိုက်တဲ့ အချက်တစ်ခုကတော့ (လုံးဝကို မသိတာလဲဖြစ်နိုင်ပါသည်) အဲဒီ Khan ဆိုတဲ့ နာမည်ဟာ ဂျင်ဂစ်ခန်း၊ ကူဗလိုင်ခန်း စတဲ့ မွန်ဂိုလီးယားစစ်ဘုရင် တွေရဲ့ မျိုးရိုး စဉ်ဆက်နာမည်ဖြစ်တယ်ဆိုတာပါ။အားလုံးသိကြတဲ့ အတိုင်း ပါပဲ၊ မွန်ဂိုတွေဟာ အရှေ့အလယ်ပိုင်းဒေသကို အောင်နိုင်ပြီးနောက်ပိုင်းမှ အစ္စလာမ်ဘာသာကို နှိပ်ကွပ်ဖိနှိပ်ရာကနေ နောက်ဆုံးမှာ ဖိနှိပ်ဖို့ ကြိုးစားခဲ့တဲ့ မွန်ဂိုတွေကိုယ်တိုင် အကုန် မွတ်စလင်ဖြစ်ကုန်ကြပါတော့တယ်။

လက်ရှိရေးသားတဲ့ အကြောင်းအရာနဲ့ မပတ်သက်လို့ အဖိနှိပ်ခံ လူတန်းစားတစ်ရပ်က ဖိနှိပ်တဲ့အုပ်ချုပ်သူ လူတန်းစားကို နှလုံးရည် နဲ့ ဘယ်လို အနိုင်ယူခဲ့သလဲဆိုတာကိုတော့ နောက်နောင် အကြောင်းတိုက်ဆိုင်တော့မှပဲ တင်ပြပါမည်ဖြစ်ပါသောကြောင့် ဒီအကြောင်းကို ချန်လှပ်ပြီး ငရန်မန်ကန်း အကြောင်းကိုသာ ဆက်လက်တင်ပြသွားမည်ပြီဖြစ်ပါသည်။ ဒီနေရာမှာ ရှည်ရှည်ဝေးဝေး တွေးစရာမလိုပဲ သမိုင်းထဲက ခုနှစ် သက္ကရာဇ်များနဲ့ လေ့လာတိုက်ဆိုင် စစ်ဆေးကြည့်လိုက်ရုံနဲ့တင် အမှန်တရားကို သိရှိနိုင်ပါတယ်၊ ငရန်မန်ကန်းဟာ စောလူးမင်းလက်ထက် အေဒီ( ၁၀၇၈-၁၀၈၄) ခုနှစ်မှာ လူဖြစ်ပြီး ဘုရင် ဖြစ်တဲ့ စောလူးမင်းကို ဖမ်းဆီး ထောင်ချဝံ့တဲ့ မွန်လူမျိုး စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ က ဘဂ္ဂဒက် မြို့ကို မွန်ဂိုလီးယားစစ်တပ်တွေ ဝင်ရောက် ကျူးကျော် သိမ်းပိုက်တာက အေဒီ ၁၂၅၈ ခုနှစ် မှသာဖြစ်ပါတယ်။ နှစ်အားဖြင့် နှစ်ပေါင်း ၁၇၀ကျော်တောင် ကွာခြားပြီး ခန်း နာမည်နဲ့ မွန်ဂိုတွေ ကိုယ်တိုင်တောင်မှ မွတ်စလင် မဖြစ်ရသေးပါဘူး။ ဒီလောက် ဆိုရင်တော့ ခန်းနာမည်ပါရှိတဲ့ အတွက်ကြောင့် ပုဂံခေတ်မှ ငရန်မန်ကန်းကြီးဟာ သေပြီးနောက် နှစ်အတန်ကြာမှ မွတ်စလင် အဖြစ် ဘာသာကူးပြောင်းခံလိုက်ရတဲ့ အဖြစ်ကြီးဟာ အင်မတန်မှ ရယ်ရွှင်ဖွယ်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်သာ ဖြစ်ကြောင်း အားလုံးလဲ ရှင်းလင်းလောက်ပြီထင်ပါတယ်၊ ငရန်မန်ကန်းဟာ မျက်လုံးတစ်ဖက်ကန်းနေလို့ ဒီလိုပဲ အခေါ်ခံရခြင်းလား၊ မွတ်စလင်တစ်ယောက်ပဲလား ဆိုတာ မသေချာပေမဲ့ ကျန်စစ်သားက လွှတ်လိုက်တဲ့ မုဆိုး ငစဥ့်က တီးထည့်လိုက်လို့ လူ့လောကထဲက ထွက်သွားရတယ်ဆိုတာတော့ အသေအချာပါပဲ။

ဦးမြင့်ဝေရဲ့ ဆောင်းပါးထဲမှာ ဆက်ပြီး ရေးသားထားတဲ့ နောက်တစ်ခုက ပုဂံခေတ်က ဗျတ်ဝိ၊ ဗျတ္တဟာ Byat ဆိုတဲ့ နာမည်ပါနေလို့ အခုလက်ရှိ ခေတ် အာရပ် စော်ဘွားများနိုင်ငံ ဝန်ကြီးလုပ်ခဲ့တဲ့အမတ် ဘင်ဗျတ် (Aumad Bin Byat)နဲ့ တောင် ဆွေမျိုး ဖမ်းပြီး တော်ပေးလိုက်ပါသေးတယ်။ တကယ်တော့ မြန်မာ့သမိုင်းမှာ ကုလားနဲ့ ခင်ရာ ဆွေမျိုးဖမ်းတော်ပြတဲ့ ဒီလိုအဖြစ်မျိုးတွေဟာ အခုမှဖြစ်လာတဲ့အဆန်းတကြယ် အဖြစ်မျိုးတွေမဟုတ်ပဲ ဟိုး အရင်ကတည်းက ရှိပြီးသားပါပဲ။ ခုနစ်ဆောင် တိုက်ခန်းကို မီးမထွန်းပဲ လင်းတဲ့ ပပဝတီ ဆိုတာက ပါရှား(အီရန်)က ကုလားမလေး၊ ကလိင်္ဂ တိုင်း က ကျောက်ပေါက်မာနဲ့ မင်းကုသ ကဂေါ်ရင်ဂျီ ကုလား။ မြန်မာ ရာဇဝင်တွေရဲ့ ကောင်းမှူ ကြောင့် ရွှေတိဂုံ စေတီတော် ရဲ့ အခြောက်တိုက် ဘုရားဒါယကာဖြစ်ရရှာတဲ့ တဖုဿနဲ့ ဘလ္လိက ဆိုတာက အာဂဖန်နစ္စတန်က ကုန်သည် ကုလား ညီနောင်၊(ရွှေမော်ဓော ဘုရားသမိုင်းက ဆံတော်သွားပင့်တဲ့ မွန်ညီနောင်နှစ်ပါးနဲ့ ခပ်ဆင်ဆင်ရှိသေးသည်)။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ထဲက မြန်မာ မင်းညီမင်းသားတွေ အဌာရသ ၁၈ရပ်ကို သွားရောက်ပညာသင်ကြားရတဲ့ တက္ကသီလာ တက္ကသိုလ်ကြီးက အခု ပါကစ္စတန်နဲ့ အိန္ဒိယ ကြား ကက်ရှ်မီးယားနယ်မှာ ရှိတယ်။ မင်းမျိုးမင်းနွယ် မဟုတ်ပဲ အရည်အချင်းကြောင့် မင်းတက်ဖြစ်ကြတဲ့ ငတပါး ဘုရင်တွေ တက်လာရင်မှူးမတ်တွေကစားကောင်းသောက်ကောင်းအောင် ဘုရင်ကို ဘုရားနဲ့အမျိုးစပ်ပေးရာမှနေပြီး ကာလ ရှည်ကြာလာတော့ သာကီဝင် တကောင်း အဘိရာဇာ ခေါ် မြတ်စွာ ဘုရား ရဲ့  ဆွေတော် မျိုးတော် ဇာတ်မြင့် ကုလား တွေ ကနေ တိုက်ရိုက် ဆင်းသက် တဲ့လူမျိုးတွေ ဖြစ်သွားကြတာပေါ့ကွယ်။

အချို့က ပြောတယ်၊ မြန်မာဆိုတာ ပျူက ဆင်းသက်လာတာ၊ ပျူစစ်လျှင် မြန်မာ၊ အချို့ကတော့ နန်ကျောင် တရုတ်တွေ ဧရာဝတီမြစ် အတိုင်း စုန်ဆင်းလာပြီး နေကြရာက မြန်မာတွေ ဖြစ်လာတာ၊ နိုးနိုးနိုး မဟုတ်သေးဘူး၊ ဗြဟ္မာ ကြီးလေးဦး လူ့ပြည် ကို အလည်ရောက်လာ၊ အရသာ ရှိတဲ့ မြေဆီ မြေနှစ် တွေ ခြေဆော့လက်ဆော့ကောက်စားပြီး လူ့ အသွင် ပြောင်း လာရာ ကဗမာ၊ နောက် မြန်မာဖြစ်လာ ကြသတဲ့၊ တကယ်တမ်းတော့ မြန်မာ ဆိုတာဘယ်က စစ၊ တရုတ်ကပဲ လာလာ၊ ကုလားပြည်က ရောက်လာတဲ့ ကုလားမျိုးကွဲ ပူတူးတူးလေးတွေပဲဖြစ်ဖြစ် ဘာမှ ရှက်စရာမှ မရှိတာ၊ တကယ်တမ်းရှက်ရမှာက ကိုယ့်လူမျိုး က ဘယ်ကဘယ်လို စလို့စမှန်း မသိပဲ လက်ဆုပ်လက်ကိုင်မရှိတဲ့ အဖြစ်မျိုးကမှသာလျှင် ရှက်ရမှာဖြစ်ပါတယ်။ အခြား လူမျိုး၊ နိုင်ငံတွေရဲ့ သမိုင်းကို ကြည့်လိုက်ရင် ဟိုး နှစ်ပေါင်း ဘယ်လောက်အရင်က ၊ ဘုရားမပွင့်မှီ၊ ခရစ်တော် မပေါ်မှီက ဘယ်လို သမိုင်းကြောင်းတွေကို ကောင်းကောင်းကြီး ဆက်စပ်ပြနိုင်ပေမဲ့လို့ ကိုယ့်မြန်မာတွေကို ကြည့်လိုက်၊ ပုဂံခေတ်က အနော်ရထာ မင်းလက်ထက်လောက်မှာတင် တိုင်ပတ်နေကြပြီ၊ ရှေ့ဆက်မသွားနိုင်ကြတော့ဘူး။ ဒါတောင် သိကြားမင်း ဆက်သတဲ့ လှံပျံကြီး ဖင်ကြားညှပ်ပြီး တိုင်းခန်း လှည့်လည်တာတို့၊ တရုတ်သမိုင်းမှာ တကယ်မရှိတဲ့ ဥတည်ဘွားဘုရင်ကို ရွှေဖျဉ်းညီနောင်က လည်ပင်းကို ထုံးသုံးရစ်သွားတားတာတို့လိုမျိုး နားထောင်ကောင်းတဲအိပ်ရာဝင် ပုံပြင်တွေ ပါလာသေးတယ်၊ တရုတ်ကို ဆံတော်လိုချင်လို့ သွားပြီး ရန်စ မစဆိုတာ မသေချာပေမဲ့ ပုဂံပြည်ကို တရုတ်ဖျက်လို့ ပျက်ရတယ် ဆိုတာတော့ အသေအချာပဲ။ ကမ္ဘာဦး အစ မဟာ သမ္မတမင်းကနေ အလောင်းမင်းတရားကြီး အထိ ဆွေမျိုးစပ်ပြီး အတိအကျ သန်းခေါင်စာရင်း ကောက်နိုင်တဲ့ မြန်မာ ရာဇဝင် ဆရာတွေရဲ့ ကြိုးပန်းမှူ ကို စစ်တိုက်ရာမှာလည်း တော်သလို မျိုးဆက်ဖြန့်ရာမှာ တရွာတကျီ ဆောက် ထူးချွန်တဲ့ ကျန်စစ်မင်းကြီး သိရှိနိုင်ခဲ့ရင်တော့ ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး၊ ဆိုပြီး သာဓု အနုမောဓနာ ခေါ်ဆိုခဲ့မှာ အသေအချာပါပဲ။ မြန်မာ ရာဇဝင်ရဲ့ လွဲမှားမှူတွေ၊ ကုလားနဲ့ ဖမ်းပြီး ဆွေမျိုးစပ်ပြတာတွေကို အကုန်လိုက်ပြောနေရင်တော့ လူမုန်းများပြီး အတီးတစ်ယောက် ငပွကြီးဖြစ်လာတာကလွဲပြီး ဘာမှ အကျိုးအမြတ် မရှိတာကြောင့် ဒီကိစ္စကို ဒီနေရာမှာပဲ ထားပြီး ပို့စ်ရဲ့ ဆိုလိုရင်းကို ပြန်ဆက်ပါ့မယ်။

မွတ်စလင်တွေဟာ မြန်မာနိုင်ငံကို ကိုလိုနီခေတ်လက်ထက်လောက်မှ အင်္ဂလိပ်တွေနဲ့ အတူပါလာတဲ့ လူတွေလောက်လို့သာ လက်ခံချင်တဲ့ မျိုးချစ်များဟာ ဟိုး ရှေး ပုဂံခေတ်က လူတစ်ယောက်ကိုဇာတ်နာအောင် မွတ်စလင် လုပ်ပြီး ဆွေမျိုးစပ်ပြလိုက်တော့ မျက်ကန်း များခမျာ ဘုမသိဘမသိနဲ့ တန်းပြီး ယုံလိုက်ကြတော့တာပါပဲ။ ဒါကြီးက ဘာနဲ့ တူသလဲ ဆိုတော့ မြက်ခြောက်သာဝါးနေရတဲ့ နွားတွေကို အစိမ်းရောင် ရေဘင် မျက်မှန်တပ်ပေးလိုက်တော့ နွားတွေခမျာ နဂို ရှိရင်းစွဲ မြက်ခြောက်တွေကို စိမ်းစိုလတ်ဆတ်တဲ့ မြက်စိမ်းများ အထင်နဲ့ အားရပါးရ စားသုံးကြတာမျိုးနဲ့သာ အတူတူပဲ ဖြစ်ပါကြောင်း။


အတီး (ဝါးလုံးရှည်)


Friday, August 2, 2013

on Leave a Comment

အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံသမိုင်းနှင့် ရှေးဟောင်းစေတီပုထိုးများ ပျောက်ကွယ်သွားရခြင်း အကြောင်း



ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင်ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီးပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ၏ ပုံပင် ဖြစ်ပါသည်။

ယနေ့ရန်ကုန်ဟုဖြစ်လာလတ္တံ့သော အရပ်ဒေသသည် ခိုင်မာသောသမိုင်းကြောင်းများအရ အေဒီ၆ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက်ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက်လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။ပိုမိုရှင်းလင်း လွယ်ကူအောင် ကြည့်ရှူလိုသူများ အနေဖြင့် ကျွန်တော်ရေးသားတင်ဆက်ပြီးဖြစ်သည့်ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ ပို့စ် တွင် ထိုခေတ်မြေပုံနှင့်တကွသွားရောက် ဖတ်ရှူနိုင်ပါသည်။ http://www.ateewarloneshay.com/2013/02/blog-post_2858.html

ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၂၄-၂၆)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေး အာဏာကို မြန်မာ မင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။ ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ တစ်လုံးအား သိမ်းယူ၍ ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒ္နြား ဖရေဇာ၏ ဒီဇိုင်း ကို အခြေခံကာ ယနေ့ခေတ် ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုခေတ်ကာလမှရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။ ဆူးလေစေတီတော် ၏ ပတ်ပတ်လည်သည် အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် ရန်ကုန်မြစ်မှ တဆင့် စေတီတော်သို့ လှေ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။ ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာယခု မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိရေကန်ကြီးမှာ ထို အင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။

ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်း အတိဖြစ်ကာ သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူး လာသူများသည် လူအုပ်စု အများဖြင့်သာ လာရောက်လေ့ရှိကြပြီး ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။ ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေရွာတွင် ရေကန် ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က အိုင်ကို ကန်တော်ကလေးအိုင် (Kandawgalay Tank) လို့ ခေါ်ပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခေါ်ပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှော်ကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။

ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင် ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များ ကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက်ခဲ့ကြလေသည်။ ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊ စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။

မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသား သည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။ "ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံ နေရာတွင် ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး ၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခေါ်များကြသည်။"

"ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတော်လမ်း ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတော်များ ခြင်္သေ့ရုပ်များ ရှေးကရှိခဲ့ဖူးသည်။ ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။"

"ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း ကို သစ်သားဖြင့် ကာရံထားသည်။ ၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။ ကျိုက်မဲသံကရော(ခ) ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟန်းတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတော်ကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။ "

"ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။ ကျောင်းတော်တိုက် ခေါ်သည်။ "၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။"

မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ ထိုခေတ်ကာလမှ ရန်ကုန်မြို့ ရှိ သာသနိက အဆောက် အအုံများ အကြောင်း တစွန်းတစ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်း အရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်း စေတီ ပုထိုး အတော်များများပါသွားကြောင်း သိသာထင်ရှားပါလေသည်။ ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊ လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။

ဒီနေရာ မှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်းတင်ပြပေးပါရစေ၊ ကျွန်တော် ဟိုတလောက ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး ရှိပြီး မွတ် စလင်တွေက ဈေးဆောက်ဖို့ တောင်းလို့ ပဲ ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊ ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့် ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့ အမှတ် အမှား နိုင်ရန် အတွက် သမိုင်း အမှန်ကို ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။

မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီး ခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထို အရင် က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလဲ အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။ သမိုင်း အမှန်မှာထိုသို့ ဖြိုချဖျက်စီးခံလိုက်ရပြီး နှစ်နှစ် ကြာသော အခါတွင်မှ ၁၈၅၄ ခုနှစ်တွင် ယခု သိမ်ကြီးဈေး ဟုဖြစ်ပေါ်လာမည့်နေရာကို မော်လမြိုင် အခြေစိုက် "စူရတီဘရားဘဇားရ် ကုမ္ပဏီ လီမိတက်"မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးဈေးသာဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သိမ်ကြီးဈေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်းဖြစ်ဟန်တူသည်။ထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို ဖြိုပြီး ဗလီကိုချန်ကာ ဈေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို သက်သေပြအပ်ပါသည်။

အပြည့်အစုံကို ဖတ်ရှူလိုသူများ အတွက် http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false

ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် အထား နောက်တစ်ခုမှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းနှင့် မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်သိမ်ကြီးဈေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီး အား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင် ဤသို့ ဖော်ပြထားခြင်းဖြစ်ပေသည်။

A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a "Mogul Mosque" was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the "Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the "Thaingee" on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the "Foken Chinese temple"on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between "Mg Taw Lay" and 31st Streets.

ဒါကို ကြည့်ခြင်း အားဖြင့် အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ ပြန်လည် ရောင်းစားခဲ့သော်လည်း၊ ရဟန္တာ သိမ်တော်ကြီးနှင့် တကွ၊ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊တရုတ်ဘုံကျောင်းများ၊ ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့ အား အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။ ဆူးလေ စေတီတော်ကြီး ၏ ဝတ္တက မြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။ ထိုစဉ်က ဆူးလေစေတီတော်သည် ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ သာယာဝတီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ်သမုတ်ကာ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။

ထို့နောက် စီမံကိန်းနှင့် မလွတ်ဟု အကြောင်း ပြကာစေတီ ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိသရက်တော ကျောင်းတိုက်များ)တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား ဆက်လက် ဖြိုဖျက်ရန် ကြိုးပန်းကြ၏။

သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်းဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။

တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေ အနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင်ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးဖြစ်ပြီး ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် မြန်မာစစ်ပြီးနောက် ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာ အား လှူဒါန်းပေးသနားတော်မူခဲ့လေသည်။ တစ်နေရာမှာ ယခု အောင်ဆန်းကွင်းဟုဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ ပိန္နဲကုန်း ရခိုင် ဂျာမေ ဗလီ တို့ဖြစ်ကြသည်။၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ ရာလမ်း နှင့်မ လွတ်၍ ဖဲ့ချခဲ့ရပြီး ဘီအေအေကွင်း(ယခု အောင်ဆန်းကွင်းဘေး)တွင် နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော အမည်တွင် ခဲ့ခြင်းဖြစ်လေသည်။ ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့် အထဲတင် ပါသွား ကြလေသည်။

အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ် နာမည်ကျော်ကြားခဲ့ဖူးလေသည်။ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း လမ်းအမည်၊ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ် အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား "Rangoon "မှ " Yangon"သို့ ပြောင်းလဲ သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။

နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏ သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူဖျက်ဆီးသွားကြသည်သာဖြစ်သည်။အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး နှစ်တစ်ရာကျော် အုပ်ချုပ်သွားသလို ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း အင်အားကောင်းစဉ် အချိန်က အိမ်နီးချင်း အယု ဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့် သမိုင်းလည်း ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင်ဖြစ်သည်။

နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရှိတရား အတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။ ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက် ရမည်ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် များ ပေါ်ထွက်လာအောင် ပညာပေးရမည်သာဖြစ်ပါတယ်။

သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့် မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော် တဲ့ နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လဲကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ရပါတယ်။

သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့ မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာဖြစ်ပါတော့သည်။

အတီး (ဝါးလုံးရှည်)

ကိုးကား
- Journal of the Burma Research Society (JBRS) http://igpweb.igpublish.com/igp/journal-of-the-burma-research-society-jbrs-ejournal

- B.R. PEARN ရေးသားသည့် History of Rangoon

- Megacity Yangon: Transformation Processes and Modern Developments http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false


Tuesday, July 30, 2013

on Leave a Comment

သာယာဝတီမင်း(ခ) ရွှေဘိုမင်း လက်ထက်(၁၈၃၇-၁၈၄၆) ရန်ကုန်မြို့ မြေပုံ


ရန်ကုန်မြို့ကို အင်္ဂလိပ် တို့၏ အာဏာ မသက်ရောက်မှီ မြန်မာ မင်းများလက်ထက်ထဲကပင် စေတီများ၊ ရှေးဟောင်း ရိုမန် ကက်သလစ် ချာခ်ျ၊ အာမေးနီးယန်း ချာခ်ျ၊ ဗလီများ အစရှိသည်ဖြင့် လူမျိုး၊ဘာသာ မှီတင်းနေထိုင်ရာ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ပုံထဲတွင် တွေ့မြင်ရသော အာမေးနီးယန်း ချာခ်ျမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တွင် တည်ရှိပြီး ယနေ့ထက်တိုင် တွေ့မြင်နိုင်သေးပါသည်။ မြေပုံထဲတွင်ပါရှိသော ဗလီ သုံးလုံး အနက် အနောက်ဘက် ဆုံးကျသည့် ဗလီမှာ ဆူးလေ နှင့် အနီးတဝိုက်၊ အလယ် မှ တစ်လုံးမှာ ကျောက်တံတား မြို့နယ် ၃၉လမ်းနှင့် လမ်း၄၀နား၊ အရှေ့ ဘက်ရှိ ဗလီတစ်လုံးမှာမူ ပုဇွန်တောင် မြို့နယ် အတွင်း နေရာများတွင် တည်ရှိခဲ့မည်ဟူ ခန့်မှန်းရသည်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အတွင်းတွင် ရန်ကုန်မြို့ရှိ အဆောက်အအုံ များ ပျက်စီးခဲ့ရပြီး စစ်အပြီး ယနေ့ ရန်ကုန်မြို့၏ လက်ရှိ အနေအထား အတိုင်းဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သော ဖရေဇာ စီမံကိန်း အရ လမ်းနှင့် မလွတ်သည့် စေတီများ၊ သိမ်များ၊ ဗလီများ အစရှိသည့် ဘာသာရေး အဆောက်အအုံ အတော်များများကို ဖြိုချပြီး လမ်းများကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်၊

မြေပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ် မှ ရရှိပါသည်။

အတီး (ဝါးလုံးရှည်)

Saturday, February 23, 2013

on Leave a Comment

ကိုမြတ်သိန်းထွန်း ဆီသို့ ဆွေးနွေးပန်ကြားချက်

လေးစားအပ်ပါသော ကိုမြတ်သိန်းထွန်း ခင်မျာ၊ပထမဆုံးအနေနဲ့ ဝန်ခံချင်တာကတော့ အခုတလော အကို့ရဲ့ ပို့စ်တွေကို လိုက်ဖတ်နေရင်းက အမြင်မတူတာလေးတွေ ဝင်ပြောမိရင်း ကိုမြတ်သိန်းထွန်းနဲ့ တမင်တကာလိုက်ပြီး ဆန့်ကျင်ဖက် လိုက်ပြောနေသလို ဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိပါတယ်။
ဒါပေမဲ့လဲ အကို့လို ပညာရှင်တယောက်အနေနဲ့ ကျွန်တော့ရဲ့ ဆွေးနွေးချက် ထောက်ပြချက်တွေကို အရေးတယူ လေးလေးစားစားနဲ့ အလျင်အမြန် တုံ့ပြန်လာတာကို တွေ့ရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကျွန်တော့အနေနဲ့ အလွန် အားတက်မိကြောင်းပြောချင်ပါသည်။

ဆက်လက်ပြီးတော့ ကိုမြတ်သိန်းထွန်းရဲ့ ရေးသားချက်၊ခံယူချက်လေးတွေ အပေါ်မှာ ကျွန်တော်ဖတ်ဖူး၊မှတ်ဖူးတဲ့ ဗဟုသုတလေးတွေနဲ့ ကိုက်ညီမှူ မရှိ၊ဘဝင်ကျ မှူ မရှိတဲ့ အချက် အနည်းငယ်ကို  ဆွေးနွေးခွင့်ပြူပါလို့ အရင် တောင်းဆိုပါရစေခင်မျာ။ကိုမြတ်သိန်းထွန်းရေးသားထားတဲ့ ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၈) မှာပါရှိတဲ့ ၃။ဘင်္ဂလီစာပေကို မြောက်ဦးခေတ်နန်းသုံးစာပေအဖြစ် သတ်မှတ်ခြင်း ရှိ/မရှိ။ ဆိုတဲ့ စာပိုဒ်တနေရာမှာ ကိုမြတ်သိန်းထွန်းက ဒီလိုရေးသားထားတာကို တွေ့ရပါတယ်။

( မြောက်ဦးဘုရင်အပါအ၀င် မင်းဆွေမင်းမျိုး ရခိုင်နန်းတွင်းအသိုင်းအ၀ိုင်းက လှူဒါန်းခဲ့တဲ့ ဘုရားစေတီပုထိုးတွေမှာ ပုဂံခေတ်က ရာဇကုမာရ်ရေးထိုးခဲ့တဲ့ မြစေတီဘုရားကျောက်စာတို့လိုမျိုး မွန်၊ပျူ၊မြန်မာ၊ပါဠိ စာပေလေးမျိုးနဲ့ရေးထိုးခဲ့သလို ဘင်္ဂလီ၊ရခိုင်စာပေနှစ်မျိုးစလုံးနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ တစ်ချပ်တလေလေးများ ဆွဲထုတ်သက်သေပြနိုင်မလား သိချင်ပါတယ်။ ပြနိုင်တယ်ဆိုရင်တော့ ကျွန်တော်အပါအ၀င် ရခိုင်တစ်မျိုးသားလုံး Dr. Sukumar Sen နဲ့ ကိုရဲရင့်သစ္စာတို့ တင်ပြတဲ့ ဘင်္ဂလီစာပေကို မြောက်ဦးခေတ်နန်းသုံးစာပေအဖြစ် သတ်မှတ်ခဲ့တာကို ချွင်းချက်မရှိ လက်ခံပေးပါ့မယ်။) လို့ ရေးသားထားတာကို တွေ့ရပါတယ်။)

 ကိုမြတ်သိန်းထွန်းအနေနဲ့ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုပြီး  ချွင်းချက်မရှိ လက်ခံခြင်းရှိမရှိ ဆိုတာကိုတော့ အလျင်စလို မဆုံးဖြတ်ပဲ ကျွန်တော် ပေးမဲ့ အထောက်အထားလေးတွေကို ကြည့်ပြီး မှ ဆုံးဖြတ်ပေးပါလို့ အရင် တောင်းဆိုပါရစေ။

ကောင်းပါပြီ။  ကျွန်တော်ပေးမဲ့ အထောက်အထားကတော့  ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှစ်သောင်းဘုရားသို့ အတက်မြေညီပြင် မှ လှေကား ၏လက်ဝဲဘက်ရှိ ၁၆ ပေမြင့်သော နေရာတွင် စိုက်ထူထားသော အာနန္ဒာ စန္ဒြားမင်းကျောက်စာတိုင်ပဲဖြစ်ပါတယ်။
ယင်း ကျောက်စာတိုင်ကြီးကို အေဒီ ၁၅၃၆ ခုနှစ် ရှစ်သောင်းဘုရားကို တည်သောအခါ ဝေသာလီမြို့ဟောင်းမှ ပြောင်းရွှေ့ယူဆောင်လာပြီး လှေကားဝ တဖက်ရှိ တံခါးမုဒ်တိုင် အဖြစ် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်တင်ပြချင်တာကတော့  ရခိုင်လူမျိုး ပညာရှင် တယောက်ဖြစ်တဲ့ ဦးစံသာအောင် ရေးသားထားတဲ့ ၁၉၇၉ ခုနှစ်ထုတ် ရခိုင် ဒင်္ဂါးများ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့  အခန်း ၂ စာမျက်နှာ ၉မှာ ဒီလို ရေးသားထားပါတယ် ခင်မျာ။ ကိုမြတ်သိန်းထွန်းအနေနဲ့ ဖတ်ရှူလ့လာနိုင်ရန် အတွက်သော်လည်းကောင်း၊ စာရှူသူ ပရိသတ်များ အဆင်ပြေနိုင်ရန် အတွက် ကျွန်တော် ဓာတ်ပုံပါ တခါတည်းတင်ပေးလိုက်ပါ့မယ်။
Excerpts from U San Thar Aung's Rakine Coins

ရခိုင် အက္ခရာတွေဟာ ဗြာဟ္မီ ပွါး အက္ခရာ ကနေဆင်းသက်လာတာဖြစ်ကြောင်း ကို ပညာရှင်အားလုံးက ချွင်းချက်မရှိလက်ခံပြီးသားဖြစ်လို့ ကိုမြတ်သိန်းထွန်းအနေနဲ့လဲ လက်ခံမယ်လို့ ယုံကြည်ပါတယ်။
ဒီလို အယူအဆမျိုးကို ယူဆသုံးသပ်ပုံဟာ ရခိုင်လူမျိုး ဦးစံသာအောင် တယောက်တည်းမဟုတ်ပါဘူးခင်မျာ။

ကိုမြတ်သိန်းထွန်းက လိုချင်သေးတယ်ဆိုရင်ဖြင့် ကျွန်တော် နောက်ထပ်တခုတင်ပြပေးပါ့မယ်။ အဲဒါကတော့  ၁၉၈၃ ခုနှစ် ဇန်နဝါရီလ ထုတ် ရခိုင် မဂ္ဂဇင်း အမှတ် ၇ မှာ  ဆရာတော် အသျှင်စက္ကိန္ဒ( ရခိုင်ပြည်နယ်) ရေးသား တင်ဆက်သော  ရခိုင် အက္ခရာ စာပေ ခရီးလမ်းကြောင်းဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးမှာ ပါရှိတဲ့ ဝေသာလီ ခေတ် အက္ခရာ အခန်းမှာ ဆရာတော်က ဒီလို သုံးသပ်ထားပါတယ်။

မြောက်ဦးမြို့ သျှစ်သောင်းဘုရား မုဒ်ဝ၌ရှိသော အာနန္ဒားစန္ဒြားကျောက်စာ( အနောက်ဘက်ထိုး)ဆိုလျှင် ရှေ့ပြေး နာဂရီ အက္ခရာကဲ့သို့ဖြစ်နေသည်။ ထိုကျောက်စာ အရှေ့ဘက်မျက်နှာရေးထိုး အက္ခရာဆိုလျှင် (ခန့်မှန်းအေဒီ ၃၀၀မှ ၆၀၀)အတွင်းဖြစ်ရာ ထိုစာကိုဖတ်မရသေးပါ။မြောက်ဘက်မျက်နှာရေးထိုးပါစာမှာ ၁၀ရာစုကဟုခန့်မှန်းကြရာ အက္ခရာတို့မှာ ရှေ့ပြေး ဘင်္ဂလီ အက္ခရာတို့ကဲ့သို့ ဆင်တူလေသည်။
ဟူ၍ရေးသားထားပါတယ်။ အပြည့်အစုံကိုဖတ်ချင်ရင်တော့ ကျွန်တော် အောက်မှာ လင့်ပေးထားလိုက်ပါ့မယ်။

အာနန္ဒာစန္ဒြား ကျောက်စာတိုင် ရဲ့မျက်နှာသုံးဖက် က စာတွေဟာ ဗြဟ္မီပွါးတွေနဲ့ ရေးထားတဲ့ အက္ခရာတွေပါပဲ။ကျောက်စာတိုင်ရဲ့ မူရင်း အရေးအသား စာမျက်နှာများကို လေ့လာနိုင်ရန် ကျွန်တော် အောက်မှာ လင့်ပေးလိုက်ပါ့မယ် ခင်မျာ။

တိုက်ဆိုင်လေ့လာချင်သူများ အနေနဲ့ ယနေ့ခေတ်သုံး ဘင်္ဂလီ အက္ခရာ တွေကို အလွယ်တကူ အင်တာနက်ပေါ်ကနေ ရှာဖွေပြီး တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်ခင်မျာ။ကိုမြတ်သိန်းထွန်း အနေနဲ့ ဒီအထောက်အထားများကို လေ့လာ သုံးသပ်ပြီးရင်တော့ဖြင့် ကိုမြတ်သိန်းထွန်းဟာ ရခိုင် တမျိုးသားလုံးကို ကိုယ်စားပြူမပြုဆို တာကို ဆုံးဖြတ်ချက်ချလို့ရပြီလို့ထင်ပါတယ်ခင်များ။

ဒီလောက်ဆိုရင်တော့ ရှေးဟောင်း ဘင်္ဂလီ အက္ခရာတွေနဲ့   ရခိုင် အက္ခရာ ဆိုပြီး ဖြစ်လာမဲ့ ရှေးဟောင်း ရခိုင် အက္ခရာတွေဟာ ကျောက်စာတချပ်တည်းမှာ ရေးထိုးထားခြင်းမရှိဘူးဆိုတဲ့ ကိုမြတ်သိန်းထွန်းရဲ့ ငြင်းဆိုချက်ကို ချေဖျက်နိုင်မယ်လို့ ထင်ပါတယ်။ ဤကျောက်စာပါ ဘုရင်တပါးဖြစ်တဲ့ သိံဃဂဏ္ဌ စန္ဒြားမင်းရဲ့ ဒင်္ဂါးတပြားပုံကိုတော့ ဤပို့စ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အတွက် မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ (ကိုမြတ်သိန်းထွန်းက လိုအပ်တယ်လို့ထင်ပြီး အလိုရှိပါက ကျွန်တော်တင်ပေးပါ့မယ် ခင်မျာ။) နောက်ထပ်ပြောကြားချင်တာကတော့  Noel. F. Singer ရေးသားတဲ့  Vaishali And The Indianization of Arakan စာအုပ် ကို လေ့လာပါ ကိုမြတ်သိန်းထွန်း။ ဒီလိုဆိုရင်တော့ကိုရဲရင့်သစ္စာရေးသားတဲ့ သမိုင်းအမှန်တို့ အသံမည်လေသော်ဆိုတဲ့ ပို့စ်အောက်မှာ  ကိုရဲရင့်သစ္စာ က ဒေါက်တာအေးချမ်းကို မေးခွန်း ၃ ခုမေးတာ ဒေါက်တာအေးချမ်း ဘာလို့ မဖြေလဲ ဆိုတာ ကိုမြတ်သိန်းထွန်းအနေနဲ့ သဘောပေါက်သွားနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်မိပါတယ်။

ဒေါက်တာအေးချမ်းအနေနဲ့ ပြန်လည် အမှတ်ရနိုင်ရန် အတွက်လည်းကောင်း၊ စာရှူသူ ပရိသတ်များ အဆင်ပြေလွယ်ကူစေရန်အတွက်လည်းကောင်း ကိုရဲရင့် သစ္စာရဲ့မေးခွန်း ၃ခုကို ကျွန်တော်ပြန်လည်ထုတ်နှူတ် တင်ပြပေးလိုက်ပါ့မယ်ခင်မျာ။


လေးစားအပ်ပါသော ဒေါက်တာအေးချမ်းခင်ဗျား၊

ဒေါက်တာ ဟာ သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့အတွက ကျွန်တော် ရခိုင်ပြည် /  မျိုးသမိုင်းဆိုင်ရာ မေးခွန်းလေးတွေ နည်းနည်း လောက်မေးချင်ပါတယ်။ မေးမြန်းရတဲ့ရည်ရွယ်ချက်ကို ပွင့်ပွင့်
လင်းလင်းပြောပါ့မယ်။ ဒေါက်တာ ကိုယ်တိုင်ရဲ့ ဖြေကြားချက် ကို proof အဖြစ်ယူထားလိုက်ချင်လို့ပါခင်ဗျာ။
မေးခွန်းတွေ က (၃) ခု ထဲပါခင်ဗျာ။

၁။ ဘင်္ဂါလီ လူမျိုးတွေဟာ ရခိုင်ပြည်နယ် မှာ မြောက်ဦးခေတ်က တည်း က အခြေချနေထိုင်ခဲ့တယ် ဆိုတာ ဟုတ်ပါသလား? 
မြောက်ဦးခေတ်မတိုင်ခင် က တည်း က စတင်အခြေချ နေထိုင်
ခဲ့တာရော ဖြစ်နိုင်ချေရှိပါသလား?

၂။ ရခိုင်ပြည်မှာ ဝေသာလီ ခေတ် မတိုင်ခင် (သို့) ဝေသာလီခေတ် ကတည်းက အိန္ဒိယ လွှမ်းမိုးမှုရှိခဲ့တယ် ဆိုတာ ဟုတ်ပါသလား?

၃။ လက်ရှိ ဘင်္ဂလားဒေ့ရှ် မှာ နေထိုင်နေကြတဲ့ မရ်မာ လူမျိုးတွေ ဟာ ဘယ်ခုနှစ်လောက် က စပြီး ဘင်္ဂလားဒေ့ရှ် မှာအခြေချ ခဲ့တာပါလဲ?

ကျေးဇူးတင်ပါတယ်။
ရဲရင့်သစ္စာ

ကျွန်တော့ရဲ့ ဆွေးနွေးချက်ကို လက်ခံပြန်ကြားပေးမယ်လို့မျှော်လင့်ပါတယ် ကိုမြတ်သိန်းထွန်းခင်မျာ။ ကိုမြတ်သိန်းထွန်း အနေနဲ့ ကျွန်တော်တင်ပြထားတဲ့ စာအုပ်စာတမ်းအထောက်ထားများနဲ့ အာနန္ဒာ စန္ဒြားမင်းကျောက်စာတိုင် မူရင်းများကို လေ့လာဖို့ လက်လှမ်းမမှီပဲ အခက်အခဲရှိမယ်ဆိုရင်ဖြင့် ပွင့်ပွင့်လင်းလင်းပြောကြားနိုင်ပါတယ်။ ကျွန်တော့ အနေနဲ့ ကူညီ ဖို့ အဆင့်သင့်ရှိပါတယ်လို့ လေးစားစွာပန်ကြားအပ်ပါတယ်ခင်မျာ။

အတီး( ဝါးလုံးရှည်)

၁၉၈၃ ခုနှစ် ဇန်နဝါရီလ ထုတ် ရခိုင် မဂ္ဂဇင်း အမှတ် ၇ မှာ  ဆရာတော် အသျှင်စက္ကိန္ဒ( ရခိုင်ပြည်နယ်) ရေးသား တင်ဆက်သော  ရခိုင် အက္ခရာ စာပေခရီးလမ်းကြောင်း
https://docs.google.com/file/d/0Bx1Bi8oWwznHMzk1OTZhMWItMTI2Zi00MDA5LWJkZTEtM2RhZTc3NTU4MzM2/edit?hl=en&pli=1

အာနန္ဒာစန္ဒြား ကျောက်စာတိုင်
https://docs.google.com/file/d/0Bx1Bi8oWwznHOGY2MDQzY2EtODkyOC00MjU2LTk2ZWYtM2JjZDEzZjM4N2I1/edit?hl=en&pli=1

Monday, February 11, 2013

on Leave a Comment

ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ

The photo of map of colonial Rangoon

တို့မြန်မာတွေရဲ့ အမြင်စူးရှပြီး တလွဲဆံပင်ကောင်းပုံတချို့ကိုအနည်းငယ်ထင်ပြလိုပါတယ်ခင်မျာ။ အခုတလော အတီးတင်တဲ့ရှေးဟောင်းပုံတွေမှာပါလာတတ်တဲ့ ကိုယ့်အဘိုးအဘွား အရွယ်လောက်ရှိတဲ့ လူမျိုးခြားတွေကို တချို့ကဘုမသိ၊ဘမသိနဲ့ အသားလွတ် ဝင်ရောက် ဆဲဆိုတာတွေ၊နောက်ပိုင်းမှ နိုင်ငံကို အခြေချလာပြီး အောက်တန်းစားအလုပ်တွေကို လုပ်ကိုင်နေကြသူတွေ အဖြစ် ရှု့မြင်လာကြတာကို အတော်များများတွေ့လာရပါတယ်။
ဒီလို မိုက်ရိုင်းတဲ့ အယုတ္တ အနတ္တ စကားလုံးတွေကိုတော့ ကောမန့်ကနေဖယ်ရှားတာကလွဲပြီး ဘာမှတုံ့ပြန်မှာမဟုတ်ပေမဲ့လဲ ပြန်ကြားရေး စာအုပ်ထဲက လေသံဖြင့် ရန်ကုန်မြို့ သမိုင်းကို ဝေဖန်မိသော လူများအတွက်တော့ ဖြေရှင်းချက်ပေးပါရစေ။ တကယ်တော့ ဒါတွေဟာ သိပ်အထူးအဆန်းတော့လဲ မဟုတ်လှပါဘူး။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီးဟာ မျိုးဆက်နှစ်ခုစာမက အမှောင်ချခံထားရတဲ့ ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရလို့ပါပဲ။ ဒီလိုပြောလို့ ကျွန်တော်ဟာလဲ သမိုင်းပညာရှင်ကြီးမဟုတ်ပဲ ဝါသနာအရ အလွတ်တန်း လေ့လာလိုက်စားတဲ့ ဝါသနာရှင်တဦးသာဖြစ်ကြောင်းကိုကြိုတင်အသိပေးထားပါရစေ။ ဆက်လက်ပြီး “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက်အခြေချနေထိုင်ပုံကို ကျွန်တော် လက်လှမ်းမှီသလောက်လေး တင်ပြပေးပါရစေ။
တကယ်တော့ ဒီ တရုတ်၊ကုလားစတဲ့ လူမျိုးတွေဟာ အများထင်သလို အင်္ဂလိပ်လက်ထက်လောက်မှာမှ ရုတ်တရက်ကြီး ဝင်ရောက်အခြေချပြီး လူဦးရေဗုံးဘောလလော တိုးပွါးလာတာမဟုတ်ပါဘူး။ကိုလိုနီခေတ်မရောက်မှီ အောက်မြန်မာနိုင်ငံကိုမြန်မာများမသိမ်းပိုက်မှီ မွန်ဘုရင်များ အာဏာသက်ရောက်စဉ်ကာလတွင်းမှာပင် ဒဂုံ၊သန်လျင်၊ အစရှိတဲ့ အရပ်ဒေသများကိုဝင်ရောက်အခြေချနေထိုင်မှူတွေရှိနေပြီဖြစ်ပြီး မြန်မာဘုရင်များ ရန်ကုန်မြို့ကို အာဏာသက်ရောက်စဉ်မှာတော့ သူတို့ရဲ့အခြေချမှုဟာ အတော်လေးကို ခိုင်မာနေပြီဖြစ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်လက်လွတ်စံပယ်ရမ်းပြောတာမဟုတ်ပါဘူး။ တကယ်ရှိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းအမှန်ကိုတင်ပြနေခြင်းသာဖြစ်ပါတယ်။ကောင်းပါပြီ။ ဆက်လက်ပြီး အထောက်အထားများနဲ့တင်ပြပေးပါ့မယ်။
၁၃ ရာစုမတိုင်မှီကပင် အိန္ဒိယ၊အာရပ် ရေကြောင်းသွား ကုန်သည်တို့သည်မလက္ကာရေလက်ကြားနှင့် အင်ဒိုနီးရှား ဂျာဗားကျွန်းသို့ အသွား သန်လျင်မြို့တွင် ခရီးတထောက် နားကာ ရေချိုနှင့်စားနပ်ရိက္ခာဖြည့်တင်းခြင်း၊ သင်္ဘောကြံ့ခိုင်မှူများ ပြန်လည်စစ်ဆေးခြင်း၊တည်ဆောက်ခြင်းများရှိနေပြီဖြစ်ပါသည်။
မွန်ဘုရင် ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဟာ အိမ်နိမ့်စံ မင်းသားဘဝနှင့် ဒဂုံ(ရန်ကုန်)အရပ်ကို အခြေစိုက်ပြီး ဟံသာဝတီထီးနန်းကို ပုန်ကန်ခြားနားစဉ်က ရာဇာဓိရာဇ်ဟာ အိန္ဒိယပင်လယ်မှရောက်ရှိလာကြတဲ့ မွတ်စလင် အာရပ် သင်္ဘောသားတွေရဲ့အကူအညီကို ရယူခဲ့တာ ယုံမှားသံသယဖြစ်ဖွယ် မရှိကြောင်းကို B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်မှာ ဒီလိုရေးသားထားပါတယ်။
During his occupation of Dagon, Razadarit had been aided by certain Muslim seamen, doubtless some of the Arabs who traded across the Indian Ocean so freely in these days; and this would suggest that the River was now being frequented by foreign sailors who took their merchandise through the Delta creeks to Pegu.
အလောင်းမင်းတရားကြီး လက်ထက် ၁၇၅၅ အရောက်မှာတော့ လူမျိုးခြားများရဲ့ ရန်ကုန်မြို့မှာ အခြေချနေထိုင်မှူကို နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့ သမိုင်းစာအုပ်ရဲ့ စာမျက်နှာ ၂၄ မှာဒီလိုရေးသားထားပါတယ်။
(အရှေ့နှင့်အနောက်ဖောက်လုပ်ထားသော လမ်းမှာယခုကမ်းနားလမ်း မြောက်ဘက်အနီးတွင်ရှိ၍ကုလားတန်းဟုခေါ်သည်။ကုလားတန်းဟုခေါ်ခြင်းမှာ အိန္ဒိယတိုင်းသားများနှင့် ဥရောပတိုက်သားများ ထိုစဉ်အခါက ဝင်ရောက်အခြေချနေထိုင်သည်ကို အစွဲပြု၍ကုလားတန်းဟုခေါ်သည်။အင်္ဂလိပ်ကိုကုလားဖြုဟုခေါ်၍ အိန္ဒိယတိုင်းသားများကို ကုလားမဲဟုခေါ်သည်။မြို့တွင်း၌ မြို့ဝန်မင်းအိမ်တော်နှင့် ရုံးတော် စစ်ကဲ၊စစ်ကြပ်၊ဗိုလ်မှူးစသော အရာရှိအိမ်များ၊ မဟာမေဒင် ဘလီ ၊ဘုရင်ဂျီ ဘုရားရှိခိုးကျောင်း၊အာမေနိယံ ဘုရားရှိခိုးကျောင်းနှင့် အကောက်ရုံးတော်နှင့် ဆင်းရဲသားအိမ်များရှိသည်။နိုင်ငံခြားသားများသည် ရောင်းဝယ်ဘောက်ကား၍နေထိုင်ကြသည်။သင်္ဘောဆိပ်များနားတွင် ကုန်တင်ကုန်ချရန်ပစ္စည်းများကို သိုလှောင်ရန်ဂိုဒေါင်များရှိသည်။၎င်းသင်္ဘေင်္ာဆိပ်သုံးခုအနက် တခုမှာ ယခုလတ္တာလမ်းတွင် တရုတ်လူမျိုးတို့၏ သင်္ဘောများ ဆိုက်ကပ်ရန်မြန်မာမင်း၏ ခွင့်ပြုချက်အရ သင်္ဘောဆိပ် တခုရှိသည်။တရုတ်လူမျိုးများလည်းတစတစဝင်ရောက်စီးပွါးရှာပြီးလျှင် ဆိပ်ကမ်းအနီးတွင် ရပ်ကွက် သီးခြားနေထိုင်ကြသည်။ ကျန်သင်္ဘောဆိပ်တခုမှာ အခြားနိုင်ငံများမှလာသော သင်္ဘေင်္ာများဆိုက်ကပ်ရန်ဖြစ်သည်။ဥရောပတိုက်သားများသည် ရန်ကုန်မြို့၌လာရောက်နေထိုင်ကြသည်။၎င်းတို့အနက် အချို့ကား ကုန်သည်များဖြစ်ကြ၏။ တချို့ကား မြန်မာဘုရင်များထံ၌ ကျေးတော်မျိုး၊ကျွန်တော်မျိုး အဖြစ် ဝင်ရောက်အမှုထမ်းကြ၏။မစ္စတာ ဂျောင်းဆေးဆိုသူနှင့် ဘာဘာရှိန်(Mr Jhaunsay and Baba Sheen)တို့သည် အကောက်ခွန်အရာရှိနှင့် အခွန်ဝန်အဖြစ် ဆောင်ရွက်ကြသည်။) ဟူ၍ အထင်အရှားပါရှိပါသည်။
တဖန် B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်ထဲမှာလဲ ဒီလိုဖော်ပြထားပါသေးပါတယ်။
inside the stockade, which, as suburbs grew up, came to be known as “the Fort” (the strict meaning of the Burmese myo), the town consisted primarily of three streets running east to west, and two running south to north; l there were other minor streets also, including one immediately behind and parallel to the southern side of the sodckade. The southernmost of the major east-west streets, running slightly north of the present Strand Road, came to be known as the Kaladan, “the street of the foreigners”, because most of the foreign merchants lived there.
အင်္ဂလိပ်လူမျိုးကော၊မြန်မာလူမျိုးက ပါပြုစုထားတဲ့ရာဇဝင်ကျမ်းအချက်မှန်၊မမှန်ကို ကျွန်တော်တင်ပြထားတဲ့ပုံမှာပါရှိတဲ့ ဗလီများ။ ဘုရားရှိခိုးကျောင်းများ၊အာမေးနီးယမ်း သချိုင်းနေရာများနဲ့တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။
ဒီအထောက်အထားတွေကိုကြည့်ချင်းအားဖြင့် ဝင်ရောက်အခြေချနေထိုင်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သာသနာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသလိုဒေသခံများကနေ တခြားဘာသာများကို ကူးပြောင်းကိုးကွယ်တာမျိုးရှိနိုင်သလို လူမျိုးခြားကနေ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုမိမိနှလုံးသားမှ ကြည်ဖြူစွာကူးပြောင်းသွားသူများလဲ ရှိပါတယ်။ သက်သေအဖြစ်ပြရမယ်ဆိုရင်ဖြင့် B. R. Pearn ရဲ့ A History of Rangoon စာအုပ်မှာပဲ ဒီလိုဖော်ပြထားပါတယ်။
The easternmost road, which was an extension of the town road corresponding with modern Lewis Street, passed out through the Wungyi’s gate and was known as the Wungyi’s Road; the name was derived from the circumstance that the town road of which the Wungyi’s Road was the extension ran past the Myowun’s residence. This road ran from the gate in a direction slightly west of north and at about the point where the Sots Kirk now stands came on to the line of the modern Signal Pagoda Road and so to the Pagoda. These roads were both paved with bricks by a Muslim merchant who turned Buddhist.
ဒါကိုကြည့်ချင်းအားဖြင့် ဝန်ကြီးလမ်း(ယခု အလံပြဘုရားလမ်း အနီးဟုခန့်မှန်းရ)လို့ခေါ်တဲ့ လမ်းကို အလံပြဘုရားလမ်းနှင့် ရွှေတိဂုံဘုရားထိရောက်အောင် ဖောက်လုပ်လှုဒါန်းခဲ့သူမှာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာသူ မွတ်စလင် ကုန်သည်တယောက် ( Muslim merchant who turned Buddhist.) ဖြစ်ခဲ့တယ်ဆိုတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ လူမျိုးခြားတွေဟာ အင်္ဂလိပ်ခေတ်လောက်မှ တပြုံတခေါင်းကြီးဝင်ရောက်လာတာမဟုတ်ဘူးဆိုတာကိုအားလုံး သဘောပေါက်ကျေနပ်နိုင်ကြမယ်ထင်ပါတယ်။ ကိုလိုနီခေတ်ရောက်မှ လူဦးရေတိုးတက်လာတာတော့ အမှန်ပါပဲ။ ဒီအကြောင်းကို လက်လှမ်းမှီသလောက်လေး ကျွန်တော်တင်ပြပေးပါရစေ။ အင်္ဂလိပ်တွေဟာ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ မြို့များတည်ဆောက်ရန်နှင့် မီးရထားလမ်းဖောက်လုပ်ရန် အတွက် လိုအပ်တဲ့လုပ်သားအများအပြင် စီးပွါးရေးလုပ်ကိုင်နိုင်တဲ့ အရင်းရှင်ကုန်သည်တချို့ကိုပါ အိန္ဒိယနိုင်ငံမှတဆင့်ခေါ်သွင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ဘာသာရေးနဲ့မဆိုင်တော့ဘူးလို့ထင်ပါတယ်၊ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုတော့ ဝင်ရောက်လာတဲ့ အလုပ်သမားအများစုမှာ ယေဘုယျအားဖြင့် အိန္ဒိယလူမျိုး ဟိန္ဒုဘာသာဝင်တွေဟာ မြို့ပြတည်ဆောက်ရေးလုပ်ငန်းခွင်တွေနဲ့အခြေခံလုပ်ငန်းခွင်များ။ အိန္ဒိယလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အတော်များများဟာ မီးရထားလမ်းဖောက်ရေး လုပ်ငန်းခွင်အတွင်း(ရန်ကုန် ပဲခူးမီးရထားလမ်းမတလျှောက် ထို အိန္ဒိယ -ခရစ်ယာန် ဘာသာဝင် ကျေးရွာကြီး တွေကို အခုထိတွေ့မြင်နိုင်ပါတယ်)အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ အရောင်းအဝယ်နှင့် ကုန်သည်လုပ်ငန်း၊အိန္ဒိယတောင်ပိုင်းသားဖြစ်တဲ့ ချစ်တီးလူမျိုးတွေဟာ ငွေတိုးချေးတဲ့လုပ်ငန်းတွေကို အားသန်လုပ်ကိုင်ကြတာကိုတွေ့ရပါတယ်။ ဒီတင်ပြချက်ဟာ ကျွန်တော်သိထားသလောက် အကြမ်းဖျင်းတင်ပြချက်သာဖြစ်ပြီး လူမျိုးတမျိုးကို အလုပ်အကိုင်တခုနဲ့ ဘယ်လိုမှတရားသေ တွဲစပ်လို့မရနိုင်ပါဘူးခင်မျာ။မည်သည့်လူမျိုးက မည်သည့်လုပ်ငန်းကိုလုပ်ကိုင်သည်ဖြစ်ပါစေ သမ္မာအာဇီဝါကျပြီး ရိုးသားဖို့ပဲလိုအပ်ပါတယ်။သူ့ဟာသူ ချီးပုံးပဲထမ်းထမ်း၊အမှိုက်ပဲ ကျုံးကျုံး ရိုးသားစွာရတဲ့ ငွေဖြစ်တဲ့ အလွန်ဖြုစင်ပါတယ်။
ဒီအလုပ်တွေကိုအောက်တန်းစားအလုပ်အဖြစ် နှိမ့်ချရှုမြင်တဲ့လူဟာ သူရဲ့ပင်ကိုယ်အတွင်းစိတ်မကောင်းမှူနဲ့ စာဖတ်အားနည်းသူများလို့ပဲကျွန်တော်ရှူမြင်မိပါတယ်။ နောက်ပြီး တချိန်က ဒီလိုဘယ်သူမှမလုပ်ချင်ခဲ့တဲ့ အလုပ်တွေကိုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အနူမြုဗုံးတောင် ပိုင်ဆိုင်နိုင်ပြီး ကျွန်တော်တော့ ရွှေမြန်မာတွေကတော့ လူများနိုင်ငံတွေမှာ ဒီလိုအလုပ်တွေလုပ်ဖို့ တစတစနဲ့ မွေးရပ်မြေကို စွန့်ခွါနေရတာကို လူတိုင်းသိနိုင်ပါတယ်။ ကံကြမ္မာ လှည်းဘီးဆိုတာမျိုးဟာ တပတ်လည်တတ်ပါတယ်။ဆင်ခြင်နိုင်ကြပါစေ။
ဒီနေရာမှာ ကြုံလို့ပြောချင်တာကတော့ အများသိထားတဲ့နာမည်ကျော် ချစ်တီးလူမျိုးတွေဟာ မွတ်စလင်တွေမဟုတ်ကြပါဘူး။ခရစ်ယာန်ဘာသာကိုးကွယ်တဲ့လူများရှိသလို အမဲသား၊ဝက်သား မစားပဲ ဟိန္ဒု၊ဗုဒ္ဒဘာသာများဖြစ်ပါတယ်။ ကျွန်တော်ပြောတာကို မယုံဘူးဆိုရင်တော့ ရန်ကုန်မြို့က ချစ်တီးထမင်းဆိုင်တဆိုင်ထဲကို ဝင်ထိုင်ပြီး ဟေ့၊ အမဲသားဟင်းနဲ့တပွဲပေးစမ်းကွာလို့သာမှာကြည့်လိုက်ကြပါခင်မျာ။ နောက်ပြီး ကျွန်တော်တို့ ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ တောင်သူလယ်သမားတွေကိုနှိပ်စက်ခဲ့တဲ့ ချစ်တီးတွေရဲ့ အတိုးနှုန်းဟာလေးကျပ်တိုးပါ။ ယခုအချိန်ကိုယ့်မြန်မာအချင်းချင်း အပေါင်မပါပဲချေးငှါးကြည့်လိုက်ပါ။ အနည်းဆုံး ၂၀ တိုးနဲ့ပဲရပါလိမ့်မယ်။ အပေါင်ပစ္စည်းပါရင်တော့ ဘယ်ဈေးလဲဆိုတာလူတိုင်းသိမှာပါ။ အင်္ဂလိပ်ခေတ်နဲ့ လက်ရှိခေတ်ငွေဖောင်းပွမှူကတော့ ကွာတာပေါ့လေ။
တကယ်တော့ ဒီလိုပုံထဲမှာပါလာကြပြီး ဆဲဆိုခံနေရတဲ့လူတွေဟာ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံကို ကူးစက်လာချိန် ၁၉၄၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဘက်ကို မှီရာ သင်္ဘော၊ကား၊ရထားသုံးပြီး အမြန်ပြန်ပြေးရပါတော့တယ်။ဘာယာဉ်မှ အသုံးပြုဖို့ မမှီလိုက်သူတွေကတော့ ကြမ်းတမ်းတဲ့လမ်းခရီး ကို ကခြေလျင် ပြန်ပြေးရပါတော့တယ်။ အဲလိုပြန်ပြီး စစ်ဘေးဒါဏ်ရှောင်တဲ့လူတွေရဲ့တဝက်လောက်ကတော့ စစ်ဘေးဒါဏ်၊ရာသီဥတု၊ငတ်မွတ်ခေါင်းပါးမှူနဲ့ ရောဂါဘယများအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံဘက်ကို မရောက်မှီလမ်းမှာပဲ ဇီဝန်ကြွှေသွားကြပါတော့တယ်။
ကိုလိုနီခေတ်ရန်ကုန်မြို့နေလူထုဟာ မြန်မာလူမျိုးများထက် ဥရာပတိုက်သားများ၊ လူမျိုးခြားများက ပိုမိုများပြားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရောင်စုံသူပုန်သာင်းကျန်းသူတွေရဲ့ ရန်ကြောင့် နယ်ဝေးနေ မြန်မာလူမျိုးများရန်ကုန်မြို့ကိုတိုးတက် အခြေချလာခြင်းသာဖြစ်ပါတယ်။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဖြင့် အတီးတင်ပေးထားတဲ့ဓာတ်ပုံဟာ တချိန်ကကိုယ့်နိုင်ငံရဲ့ သမိုင်းဟာ ဒီလိုတောက်ပြောင်ခဲ့တယ်ဆိုတာတယ်၊ အများပြည်သူ ဗဟုသုတရစေနိုင်ဖို့သာရည်ရွယ်ပါတယ်ခင်မျာ။သူ့ဟာသူ တကယ်တည်ရှိခဲ့လို့ ဓာတ်ပုံထဲမှာပါလာတဲ့ ကိုယ့်အဘိုး၊အဘွားအရွယ်တွေကို တလွဲမာန နဲ့ အသားလွတ်ထိုင်ဆဲဖို့မဟုတ်ပါဘူးခင်မျာ။ ဒါမှ မဟုတ်ပဲ ဒါငါ့နိုင်ငံကွ မနေချင်ထွက်သွားဆိုတဲ့လူများအတွက်လဲ တခုပြောချင်ပါတယ်။ သူတို့တွေကို ဘယ်သူမှ မောင်းထုတ်ဖို့မလိုပါဘူးခင်မျာ။ တစတစ ယိုယွင်းလာပြီဖြစ်တဲ့ မွေးရပ်မြေကို လူမျိုးခြားတွေရော၊ မြန်မာလူမျိုးတွေ ကိုယ်တိုင်ပါ ရေကြည်ရာမျက်နုရာ ထွက်ခွါနေကြတာ လူတိုင်းအမြင်ပါပဲ။ဒါမှ မဟုတ်ရင်လဲ အတီးတင်ပေးထားတဲ့ ပုံလေးတွေကို ဒေါင်းလုပ်ချ။ ပြီးရင် ဖိုတိုရှော့ထဲထည့်။ မမြင်ချင်တဲ့ ကုလားများ၊တရုတ်များ ကို ဖယ်ရှားပစ်ပြီးတော့ “တချိန်တုန်းက အရှေ့တောင်အာရှမှာ အလှဆုံးဖြစ်ခဲ့ဖူးသော မြန်မာလူမျိုးသီးသန့် နေထိုင်သည့် မဟာရန်ကုန်ရွှေမြို့တော်” တို့ “လူမျိုးခြား ကင်းစင် မြန်ပြည်တခွင်” တို့ဘာတို့လို ခေါင်းစဉ်များတပ်ပြီး ပျော်ပျော်ပါးပါးကြီးသာ ရှဲကြပေလေတော့။
ကျွန်တော်ဟာ သမိုင်းပညာရှင်မဟုတ်ပဲ အလွတ်တန်း လေ့လာတဲ့ ဝါသနာရှင်တယောက်သာဖြစ်တဲ့ အတွက် ကျွန်တော့တင်ပြချက်မှာ အမှားအယွင်းများ ပါရှိခဲ့သည်ရှိသော် ထောက်ပြဝေဖန်ပေးပါရန်စာရှူသူမိတ်ဆွေများအား လေးစားစွာပန်ကြားအပ်ပါသည်။ ဒီပို့စ်ဟာ ကုလားသမိုင်း၊တရုတ်သမိုင်း မဟုတ်သလို ရိုဟင်ဂျာသမိုင်းလဲမဟုတ်ပါ။ရန်ကုန်မြို့သမိုင်းစစ်စစ်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပြုသဘော ဆောင်သော ဆွေးနွေးချက်များ၊ဝေဖန်ချက်များကို တလေးတစားနှင့်ပြန်လည်ဖြေကြားမှာဖြစ်သောလည်း ပို့စ့်နှင့်မဆိုင်သော ကိစ္စများနှင့် ရိုင်းစိုင်းသော ကောမန့်များကိုတော့ ဖယ်ရှားရမည်ဖြစ်ကြောင်းကိုဝမ်းနည်းစွာဖြင့် ကြိုတင်အသိပေးလိုက်ရပါတယ်ခင်ဗျာ။

အကိုးအကား
1) နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့သမိုင်း
2) http://www.scribd.com/doc/100740788/History-of-Yangon-by-Nagarbo-Htake-Tin-Dwe
3) B. R. Pearn, Corporation of Rangoon, American Baptist Mission Press, Rangoon, 1939 ရေးသားသော A History of Rangoon
4) http://www.tuninst.net/Myanmar/Hist_Rgn/found-rgn/alaungpaya-rgn1/alaungpaya-rng1.htm#ALAUNGPAYAS-RANGOON-1
5) Photo via Ye Myat Thu

အတီး( ဝါးလုံးရှည်)

on 1 comment

ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သော ခေါင်းဆောင်းတော် နှင့်မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်

The photo of the ceremonial helmet worn by the famed Mon Queen Shin-saw-bu (r.1453-1460)

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ပုံမှာ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီး နောက် လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ယခုထက်တိုင် ပြသလျှက်ရှိသည်။ဖော်ပြပါပုံကိုကြည့်ချင်းအားဖြင့် ထိုခေတ်ကတဲက မြန်မာတို့၏လက်မှူပညာရပ်များဖြစ်ကြသော ပန်းထိမ်ပညာ၊ကြေးသွန်းပညာတို့ ခန့်မှန်းထားသည်ထက်ပိုမို ထွန်းကားခဲ့ကြောင်းသုံးသပ်နိုင်ပေသည်။ ဘုရင်မကြီး၏ သားမက်တော် ရာမာဓိပတိမင်းလက်ထက်တွင်မူ မြန်မာတို့၏ စက္ကောမ ပညာရပ်(Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။ ထို အကြောင်းကိုမတင်ပြမီ ရာမာဓိပတိဟု အမည်ရသော်လည်း ယခုထက်တိုင်အောင် ရန်ကုန်မြစ်ဝ၌နစ်မြုတ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား လှုဒါန်း၍ ဓမ္မစေတီ မင်းကြီး ၏ ကြံရည်ဖန် ရည် နှင့် စွမ်းဆောင်းနိုင်မှုတို့ ကို တင်ပြနိုင်မှ ပြည့်စုံမည်ထင်ပါသည်။

ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဥာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။
ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။
မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ရှင်စောပုဘုရင်မကြီးသည် ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ 

ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ဤကားဓမ္မစေတီ မင်း၏ မည်သူမျှမလုပ်ရဲသော ၊ မလုပ်နိုင်ခဲ့သော အလုပ်ကို ခဲရာခဲဆစ် ကြံဆောင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ ထိုမင်းလက်ထက်တွင် မူ စစ်မက် မဖြစ်ပွါးပဲ တိုင်းပြည် ငြိမ်းချမ်းသောကြောင့် တိုင်းပြည်တိုးတက်စေနိုင်သော စက်မှူလက်မှူပညာရပ်များနှင့် သာသနာပြုကိစ္စများကို အထူးပင်အားပေးခဲ့လေသည်။ ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည်(Upgrade) မွမ်းမံပုံများကို ဖော်ပြထားသည်။ 

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ ဒါ့အပြင်ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။ ထို့သို့ လှူဒါန်းပြီးနောက်တွင်ကား မသမာသူသို့ မလွယ်တကူမဖျက်စီးစေနိုင်ရန် ဘုရားကြီး၏ဌာပနာတိုက်အတွင်း စက္ကောမ ပညာရပ်ဖြင့် စီရင်ထားသော ဓားစက်၊လှံစက်များ၊ လူကိုမြင်သည် နှင့် ပြေး၍ ထိုးခုတ်သတ်ဖြတ်တတ်သော စက်ရုပ်များကိုပါ တခါတည်းထည့်သွင်းစီရင်ခဲ့ပေသည်။ သုံးစက္ကန့် လည်ပြီး တစက္ကန့် နားသော ဓားစက်၊လှံစက်ကြီး ဆိုသည်မှာလည်း တခြားမဟုတ် ၊ရန်ကုန်မြစ်၏ ဒီရေအားဖြင့်လည်ပတ်သော စက်တမျိုးပင်ဖြစ်ပေသည်။
သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီးအလွန်ဝေးကွာသောကြောင့် မဖြစ်နိုင်ဟု ထင်မည့်သူများအားရှင်းပါမည်၊ရှေးယခင်က ရွှေတိဂုံဘုရား၏ကုန်းတော်မှာ မြစ်ဝ၌ပင် ရှိ၍ဘုရားပေါ်သို့ လှေများဖြင့်ပင် သွားရောက်နိုင်ကြောင်းမှတ်တမ်းများ၌လာရှိပေသည်။နောက်တချက်မူကား ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှာ ရှေးက ကျွန်းငယ်တကျွန်းသာ ဖြစ်ခဲ့၍ သိမ်းငှက်များ ကုပ်ကုပ်ကပ်ကပ်နားခိုသောကြောင့် သိမ်းကုပ်တရဟု သဘောင်္သားများက ခေါ်တွင်ခဲ့ရာမှ သိဂုင်္တ္တရ ဟု အမည်တွင်ခဲ့သော အချက်အား ထောက်ရှု၍ ရှေးရှေးက အတတ်ပညာရှင်တို့က စေတီတော်ကြီး၏ငှါပနာတိုက်သို့ ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ကာ ရန်ကုန်မြစ်ရေကိုဝင်စေပြီး ထိုရေအားဖြင့်ပင်စက်များကို လည်ပတ်စေသည်မှာ များစွာဖြစ်နိုင်ပေသည်။

ထပ်မံ၍ သေချာစေသောလက်ထက်မှာ ဓမ္မစေတီမင်းလက်ထက်တွင် ပြင်သစ် (သို့)ပေါ်တူဂီ သံအဖွဲ့(အင်္ဂလိပ်မဟုတ်။ ကျွန်တော် သေချာ မမှတ်မိသည့်အတွက်တောင်းပန်ပါရစေ) ရောက်ရှိလာချိန်တွင် မြန်မာတို့က ကောင်းစွာဧည့်ခံကာ မိမိတို့ တတ်ကျွမ်းထားသော လေးအတတ်။ လှံအတတ်မနှင့် ယန္တရားအတတ်များကို ပြသသည့်ပြပွဲလေးတရပ် (Exhibition)လုပ်ခဲ့လေသည်။အမှန်မှာတော့ ပြပွဲသာမဟုတ်ပဲ မိမိ၏စစ်အင်အားကို ပရိယာယ်ဖြင့် ပြသခဲ့ခြင်းသာဖြစ်ပေသည်။(ယနေ့ကမ္ဘာပေါ်တွင် ပြုလုပ်လျှက်ရှိသော စစ်ရေးလေ့ကျင့်မှူများမှာ ပိုက်ဆံပေါ၍မဟုတ်။ ရည်ရွယ်ချက်ရှိရှိနှင့် မိမိစစ်အင်အားကို ပြသချင်းပင်ဖြစ်သည်။)
ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။ လက်နက်ပုံးများကို သံအဖွဲ့များကို မျက်လှည့်အတတ်နှင့်ရောနှောကာ ပြသခဲ့လေသည်။ထိုသို့ မိမိနယ်မြေအားနယ်ချဲ့ရန် လာအကဲစမ်းသော နိုင်ငံခြားသားများအား စစ်မဖြစ်လိုက်ရပဲ ကောင်းစွာ တွန်းလှန်ခဲ့ပေသည်။

သို့သော် ဟံသာဝတီ နိုင်ငံတော်ပျက်စီး ပြီးသည့်နောက်တွင်ကား ဤအတတ်ပညာသည်လည်း တိမ်မမြူပ်ပျောက်ကွယ်သွားရတော့လေသည်။ အမှန်မှာ ဤအတတ်ပညာများနှင့်ပင် နယ်ချဲ့လာသူအင်္ဂလိပ်တို့အား ကောင်းစွာ ဒုက္ဒပေးနိုင်သည်ဟု မိမိယူဆလိုက်ပါတယ်။ထိုသို ကြိုမြင်ခဲ့၍ကြံဆောင်ခဲ့သော ကနောင်မင်းသားကြီးအား မိမိ ၏ တူတော်နှင့် သားမက်တော်စပ်သော(အမျိုးအရင်းကြီး) အာဏာရူး မြင်ကွန်း။မြင်းခုံတိုင်မင်းသားတို့က တီးထည့်လိုက်ခြင်း၊ အချင်းချင်းမညီညွတ်ပဲ ပြည်တွင်းစစ်များသာဖြစ်ပွါးနေချင်းတို့ကြောင့် သာ ပျောက်ပျက်သွားလေတော့သည်။ ကြုံတောင့်ကြုံခဲ အချင်းချင်းညီညွတ်ပြီ ဆိုပါကလဲ အဲ ယိုးဒယားကို သွားစွာပါလေပြီ။ ဒုက္ခ။ သမိုင်းတလျှောက်လုံး ယိုးဒယားပြည်သူတို့မှာ မြန်မာတို့၏ အရိပ်အကဲကိုကြည့်ကာ အထုပ်တပြင်ပြင်နဲ့ နေခဲ့ရသည်ဆိုပါက မလွန်ချေ။-အချုပ်ဆိုရသော် မြန်မာတို့၏ ယန္တရား အတတ်ပညာသည် ရှေးအခါက အတော်အတန်ထွန်းကားခဲ့ကြောင်းနှင့် ယခုအခါတွင်မူ အကြောင်းကြောင်း ကြောင့်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းပြောကြားရင်းနိဂုံး ချုဎ်လိုက်ရပါသည်။

ကိုးကား -- မြန်မာ ဝီကီ

အတီး( ဝါးလုံးရှည်)

on Leave a Comment

မြန်မာ ၊ ဗမာ အခေါ် အဝေါ် ဝေါ်ဟာရ

မြန်မာ ၊ ဗမာ အခေါ် အဝေါ် ဝေါ်ဟာရ နဲ့ ပတ်သတ်ပြီး စိတ်ဝမ်းကွဲပြားနေ သူများအတွက် အထောက်အထားတခုတင်ပြပေးပါရစေ၊
ဒီသီချင်းကို နားထောင်ကြည့်လိုက်ကြပါ၊ အဲလောက်ဆိုရင်တော့ အဖြေပေါ်မယ်ထင်ပါတယ်။ သီချင်းထဲက ကျွန်တော်တို့ မြန်မာတွေနဲ့ ခွဲမရအောင် ရုပ်ကော၊ စကားကော တူနေတဲ့ လူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အာသံ နဲ့ အိန္ဒိယ နယ်အချို့မှာ နေထိုင်ကြတဲ့ မာရမာ လူမျိုးစုတွေပါ။
မာရမာတွေဟာ ဘုရင့်နောင် ဤမြေးတော် ဗိုလ်မင်းလက်ထက်မှ အဲဒီဒေသတွေကို ပြန်လည် ဝင်ရောက် အခြေချခဲ့ကြတယ်လို့ အများက သိထားခဲ့ကြပေမဲ့ တကယ်တော့ ဒီဒေသမှာ မာရမာလူမျိုးတွေရဲ့ အခြေချမှူဟာ အေဒီ ၂ ရာစုမှ ၃ ရာစုအတွင်း (ပုဂံခေတ်ပင် မထွန်းကားသေး)မှာပင်ရှိနှင့်နေပြီးဖြစ်ပါသည်။ နောက်ပိုင်း ဟိန္ဒု ဘာသာ ကိုးကွယ်သော ဘုရင်များနှင့် ရှင်ပြိုင်ကာ အရေးနိမ့်ပြီး မြန်မာနိုင်ငံအရပ်ကို ရွှေ့ပြောင်းလာခြင်းသာဖြစ်ပါတယ်။
မာရမာလူမျိုးများ မြန်မာနိုင်ငံကို ဝင်ရောက်လာခြင်းနဲ့အတူ ဗုဒ္ဓ ဘာသာဟာလည်း အဲဒီဒေသမှာ ချုပ်ငြိမ်းကွယ်ပျောက်သွားပါတော့တယ်။ကျွန်တော့ အမြင်ကတော့ ယနေ့ မြန်မာလူမျိုး ဆိုပြီး ဖြစ်လာမဲ့ ရှေး မာရမာ လူမျိုးတွေဟာ နဂိုရှိနှင့်ပြီး ဖြစ်တဲ့ ပျူ၊မွန်၊ သက် အစရှိတဲ့ တိုင်းရင်းသား များနဲ့ သွေးနှောပြီး ဖြစ်ပေါ်လာတယ်လို့ ယူဆလို့ မြန်မာဆိုတာ လူမျိုးတမျိုးကို ကိုယ်စားပြုပြီး၊ ဗမာဆိုတာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောပါရစေ။ အခုလောလောဆယ်တော့ အမြင်နဲ့သာ အရင်တင်ပြခြင်းဖြစ်လို့ ဒီလောက်ပဲပြောပါရစေ။ အထောက်အထား ကျမ်းကိုး ကို ပြန်ရှာပြီးတင်ပြနိုင်မှပဲ အလုံးစုံကို ခိုင်ခိုင်မာမာပြောပါရစေခင်မျာ။
တကယ်တော့ မြန်မာပဲခေါ်ခေါ်၊ ဗမာပဲ သုံးသုံး ဝေါဟာရ သည် ဝေါဟာရ စကားလုံးသာဖြစ်ပြီး တကယ်လက်တွေ့လုပ်ရပ်များဟာ တိုင်းရင်းသား အားလုံးကိုလဲ ကိုယ်စားမပြုနိုင်၊ တိုင်းရင်းသား များက လဲ သူတို့ အခွင့်အရေး ပြည့်ပြည့်ဝဝ မရရှိဘူးလို့ ခံစား ချက်ဖြစ်ပေါ်နေသမျှ တော့ ပြဿနာတွေက ရှိဦးမည်ဖြစ်တယ်လို့ယူဆပါတယ်။ အဓိက ပြောချင်တာကတော့ ဝေါဟာရ သက်သက်နဲ့တော့ အချိန်ကုန်၊လူပန်း၊ ခေါင်းရှူပ်ပြီး ဖေ့ဘုတ်ပေါ်မှာ ပွဲဆူရုံလောက်ပဲ မလုပ်ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။

အတီး( ဝါးလုံးရှည်)