Showing posts with label Tibet. Show all posts
Showing posts with label Tibet. Show all posts

Monday, February 11, 2013

on Leave a Comment

တိဘက်လူမျိုးတို့ရဲ့ ကောင်းကင် သဂြိုလ်နည်း

The photo of tibet funeral celeste

ပုံမှာ မြင်ရတာကတော့ တိဘက်ဒေသရှိ ဟိမဝန္တာတောင်တန်းဒေသပေါ်နေ တိဘက်လူမျိုးတို့ရဲ့ ကောင်းကင် သဂြိုလ်နည်းပဲဖြစ်ပါတယ်။ ကောင်းကင် သဂြိုလ်နည်းဆိုလို့ သိပ်ပြီးတော့ ထူးထူးဆန်းဆန်းတွေ မထင်ကြပါနဲ့။ လူတယောက် သေဆုံးသွားပြီဆိုရင် အသက်ကင်းမဲ့သွားပြီဖြစ်တဲ့ ခန္ဓာကိုယ် ကိုတစစီ ခုတ်ထစ်ဖြတ်တောက်ပြီး ဟိမဝန္တာဠင်းတလို ငှက်တွေကို ကျွေးလိုက်ခြင်းပဲ
ဖြစ်ပါတယ်။ တိဘက်လူမျိုးတို့ရဲ့ ဒီရိုးရာ သဂြိုလ်နည်းဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးလူလုပ် ဘာသာရေးအဆောက်အဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတဲ့နှစ်ပေါင်း ၁၁၅၀၀ ကျောက်ခေတ်ထက်စောတဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့အနီးရှိ "ဂိုဘက်ခ်လီတိုင်ပိုင်" Göbekli Tepe ယဉ်ကျေးမှုကနေဆင်းသက်လာကြတယ်လို့ ယူဆနိုင်ပြီး အစောဆုံးမှတ်တမ်းတင်နိုင်မှူကတော့ အေဒီ ၁၂ ရာစု မှပေါ်ထွက်ခဲ့တဲ့ Book of the Dead (Bardo Thodol) မှာပဲတွေ့ရှိခဲ့ပါတယ်။
တကယ်တော့ ဒီလို သဂြိုလ်နည်းဟာ အနောက်နိုင်ငံတွေရဲ့အမြင်မှာတော့ ရက်စက်လှပြီးထူးဆန်းနေပေမဲ့ တိဘက်ဒေသလို ကျောက်တောင်ထူထပ်ပြီး တူးဆွဖို့ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်မျိုးရှိတဲ့ဒေသမှာ ဒီသဂြိုလ်နည်းဟာအလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးနည်းတခုပါပဲ။ နောက်တချက်က တိဘက်လူမျိုးတွေနေထိုင်တဲ့ တိဘက်ဒေသဟာ သစ်ပင်များပေါက်ရောက်နိုင်တဲ့ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ထက်ကို ကျော်လွန်မြင့်မားပြီး ချောင်းမြောင်းအင်းအိုင်တွေလဲမရှိတာကြောင့် မီးသဂြိုလ်ခြင်း။ ရေမျှောခြင်းတို့လိုနည်းလမ်းတွေနဲ့လဲ မဖြစ်နိုင်ပါဘူး။တိဘက်တွေရဲ့ သဂြိုလ်နည်းဟာ တကယ်တော့ ကောင်းကင် သဂြိုလ်နည်းတခုထဲမဟုတ်ပါဘူး။ ပိုက်ဆံတတ်နိုင်သူများ အတွက်တော့ မီးသဂြိုလ်နိုင်ပေမဲ့ တိဘက်ဒေသမှာလောင်စာဈေးနှုန်းဟာ အလွန်ကြီးမြင့်ပြီး ရှားပါးလှတဲ့အတွက်ကြောင့် အများစုအတွက်တော့ အဆင်မပြေလှပါဘူး။ ထိုနည်းလည်းကောင်းပဲ ရေချ သဂြိုလ်နည်းဟာ မြစ်များ၊ချောင်းများနဲ့ အလွန်ဝေးကွာလှတာကြောင့် အဆင်မပြေလှပါဘူး။ တကယ်လက်တွေ့မှာတော့ ဒီကောင်းကင် သဂြိုလ်နည်းဟာ အကျယ်ပြန့်ဆုံးနဲ့ အသုံးအဝင်ဆုံးဖြစ်နေပါတယ်။ ဒီလို သဂြိုလ်လိုက်ချင်းအားဖြင့် သေဆုံးသူရဲ့ဝိညာဉ်ဟာ ကောင်းကင်ဘုံကို ရောက်ရှိသွားစေနိုင်တယ်လို့လဲ ယုံကြည်ကြပါတယ်။


တိဘက်တွေဟာ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး သေဆုံးကွယ်လွန်ပြီးနောက် လူအဖြစ်ပြန်လည်မွေးဖွားရမယ်လို့ယုံကြည်ကြပါတယ်။
၁၉၅၀ ခုနှစ် ၌ တိဘက်ဒေသဟာ တရုတ်အစိုးရရဲ့ထိန်းချုပ်မှူအောက်ကို ရောက်ရှိသွားပြီးတဲ့နောက်မှာတော့ ဒီသဂြိုလ်နည်းကို ပိတ်ပင်လိုက်ပေမဲ့ ၁၉၈၀ခုနှစ်လောက်မှာတော့ ပြန်လည် သဂြိုလ်ခွင့်ပြုလိုက်ရပါတယ်။ သို့သော်လည်း တစိမ်းတရံများနှင့် ကမ္ဘာလှည့်ခရီးသွားများ ကို တော့ အသုဘ အခမ်းအနား ကြည့်ရှူခွင့်နဲ့ အနီးကပ်ဓာတ်ပုံဗီဒီယို ရိုက်ကူးခွင့်ကိုတော့ ယေဘူယျအားဖြင့် တားမြစ်ပိတ်ပင်ထားတုန်းပါပဲ။တိဘက်ဒေသခံတွေဟာလည်း အသုဘအခမ်းအနားကို ဓာတ်ပုံရိုက်ခြင်းဟာ ထွက်ခွါသွားတော့မဲ့ ဝိညာဉ် ကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့လဲ လေ့လာချင်သူတွေဟာ အဝေးကနေဖြစ်စေ၊ ကျန်ရစ်သူမိသားစုရဲ့ ခွင့်ပြုချက်ရရင် အနီးကပ် ဓာတ်ပုံရိုက်ခွင့်၊လေ့လာခွင့်ရနိုင်ပါတယ်။

"အသုဘ အခမ်းအနားအတွက်ပြင်ဆင်ပုံ"
တိဘက်လူမျိုးတယောက်သေဆုံးကွယ်လွန်သွားပြီဆိုရင် ကြွင်းကျန်ရစ်တဲ့ ခန္ဓာကို သုံးရက်တိတိ အိမ်မှာပဲထားရှိပါတယ်။သုံးရက်ပြည့်မြောက်တဲ့ မနက်စောစောမှာတော့ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို နောက်ပြန်အနေအထားဖြင့် ခြေရော၊လက်ရော တင်းတင်းကျပ်ကျပ် တုပ်ပြီး အဝတ်အိပ်ထဲထည့်ကာ စနစ်တကျထုပ်ပိုးပါတယ်။ဒီလိုထုတ်ပိုးပြီးတဲ့ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုဝင်ထဲမှ တယောက်ဟာ ကျောပိုးသယ်ဆောင်ကာ သဂြိုလ်ရန် သတ်မှတ်ထားတဲ့ကွင်းပြင် ကို သယ်ဆောင်သွားပါတော့တယ်။ သတ်မှတ်ထားတဲ့ ကွင်းပြင်ကိုရောက်ရင်တော့ အဲဒီ အလောင်းကောင်အထုတ်အတိုင်းပဲ တိဘက် လားမားဘုန်းတော်ကြီးများက သရဏ ဂုံ တင်ပေးရပါတယ်။ သရဏ ဂုံတင်အပြီးမှာတော့ ကျန်ရစ်သူ မိသားစုဝင်များက ကွယ်လွန်သူကိုနောက်ဆုံးအနေနဲ့ကန်တော့ကြပါတယ်။ ကန်တော့ပြီးတာနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ အသုဘအခမ်းအနားကို ပြင်ဆင်မဲ့လူ(သုဘရာဇာ)လက်ထဲကိုအပ်လိုက်ကြပါတော့တယ်။ မကျွမ်းကျင်သူလုပ်ခွင့်မရှိပါဘူး။ သုဘရာဇာဟာ အထုပ်ကြီးကိုဖြေချလိုက်ပြီး ပထမဆုံး အလောင်းကောင်ရဲ့ ကျောဘက်ကို ဓားဖြင့် စနစ်တကျမြန်မြန်ဆန်ဆန် စပြီးခွဲလိုက်ပါတော့တယ်။ ဒီအချိန်မှာ ဠင်းတများကတော့ ခေါင်းပေါ်မှာ ဝဲပျံပြီး စောင့်ဆိုင်းနေပါတယ်။ သုဘရာဇာဟာ စနစ်တကျနဲ့ တဆင့်ချင်း အလောင်းကောင်ကို တစစီ ခုတ်ထစ် ဖြတ်တောက်လိုက်ပြီး အတွင်းမှကလီစာများကိုတော့ သက်သက်ထုတ်ယူထားလိုက်ပါတယ်။ ပြီးထားတဲ့ အလောင်းကောင်ကို ဠင်းတများအလယ်မှာထားလိုက်ပြီး ခပ်ဝေးဝေးမှ အကဲခတ်နေပါတော့တယ်။ တချိန်ထဲမှာပဲ ဆာလောင်နေတဲ့ဠင်းတ တသိုက်ဟာ အလောင်းကောင်အနားကို စုပြုံတိုးဝှေ့လာကြပြီး မိနစ်ပိုင်းအတွင်းမှာပဲ အရိုးကြီးသက်သက်ပဲ ကျန်နေအောင် စားသောက်လိုက်ကြပြီး တချို့အရိုးများကိုတော့ ချီမယူဆောင်ပြီးထွက်သွားပါတော့တယ်။အဲ အခါမှာတော့ သုဘရာဇာဟာ ပြန်လည်ရောက်ရှိလာပြီး ကျန်ရှိနေတဲ့ အရိုးများကို ညက်ညက်ကျေအောင် ထုထောင်းကာ စောစောက သီးသန့်ဖယ်ထားတဲ့ ကလီစာများနဲ့ရောနှောပြီး တဖန်ပြန်လည်ကျွေးမွေးရပါတယ်၊ ဒီတခါမှာတော့ အစာမဝသေးတဲ့ ဠင်းတတချို့နဲ့ စွန်ရဲများ၊ကျီးကန်းများလို ငှက်ငယ်များ ထိုးဆိတ် ကာ အစအနမကျန်ပဲ ပြောင်ရှင်းနေအောင်စားသောက်လိုက်ကြပါတော့တယ်။
တိဘက်တွေဟာ ဒီလို အသုဘ အခန်းအနားကို ကျန်ရစ်သူ မိသားစုတွေအနေနဲ့ ကြည့်ရှုဖို့ကို အားပေးတိုက်တွန်းပြီး သေခြင်းတရားကို ကြောက်ရွံချင်း စက်ဆုတ်ခြင်း အလျှင်း မရှိပါဘူး။ အခုအခါမှာတော့ ဗုဒ္ဓတရားဓမ္မရဲ့ ဆုံးမမှူသံတွေ၊ ငြိမ်းချမ်းမှူတွေနဲ့ ထုံမွှန်းနေပြီး မသေဆေးနဲ့ ရှန်ဂရီလာတောအုပ် ခေါ်ထွက်ရပ်ပေါက်ဝိဇ္ဇာ ဇော်ဂျီ တပသီများ ပျော်စံရာရှန်ဂရီလာတောအုပ် ရှိရာ ဟိမဝန္တာတောင်တန်းများကြားက ကမ္ဘာရဲ့ ခေါင်မိုးလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ တိဘက်ဒေသဟာ တရုတ်အစိုးရရဲ့ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပြောင်းလဲသွားပြီးနောက်မှာတော့ အသေခံ မီးရှို့ ဆန္ဒပြမှူတွေ ၊ပစ်သံ၊ခတ်သံများနဲ့ အတူ တိဘက်အမျိုးသား အများစုဟာ အိမ်နီးချင်း အိန္ဒိယနဲ့ အနောက်နိုင်ငံများကို တစတစ ပြောင်းရွှေ့အခြေချ ထွက်ခွါသွားကြနေပြီဖြစ်ပါတယ်။
အများပြည်သူ ဗဟုသုတရရှိရန်နှင့် လေ့လာနိုင်ရန် တိဘက်အမျိုးသားတို့ရဲ့ ကောင်းကင် သဂြိုလ်ခြင်း 

အသုဘ အခမ်းအနားတခုရဲ့ မှတ်တမ်းတင် ဗီဒီယိုဖိုင် လင့်ကိုပါပေးလိုက်ပါ့မယ်။ ကြောက်ရွံ အသည်းငယ်သူများ၊ နှလုံးအားနည်းသူများ၊သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကြည့်ရှူဖို့ လုံးဝ(လုံးဝ) မသင့်တော်ကြောင်းကိုတော့ ကြိုတင်အသိပေးလိုက်ပါတယ်။



အတီး( ဝါးလုံးရှည်)