Showing posts with label Nazi. Show all posts
Showing posts with label Nazi. Show all posts

Saturday, September 7, 2013

on Leave a Comment

မုန်းတီးရေး မီဒီယာ၊ သွေးထိုး လှူံ့ဆော်မှူနှင့် ဦးဆောင်ခဲ့သူတို့၏ နိဂုံး



Photo Credit: Internet

၁၉၉၄ခုနှစ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှူကြီး အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ ထူးခြားချက်အနေနဲ့ "ဟဆန်ဂီဇီ"၊ "ဂျင်း ဘော့စကို" နဲ့ "ဖာဒီနန် နဟီမားနား" လို့ အမည်ရတဲ့ နာမည်ကြီး မီဒီယာ သမားသုံးယောက်လဲ ပါဝင်ပါတယ်။

၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို "ဟဆန်ဂီဇီ" (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန်တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါအစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်းကာလအတွင်း အသံလွှင့်တဲ့နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိ ရေဒီယိုအစီအစဉ်နှစ်ခုက တာဝန်ရှိသူတွေဟာ တသက်တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ်တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။

"ဖာဒီနန် နဟီမားနား" ကတော့ Radio Télévision Libre des Mille Collines ကိုတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြင်သစ် ဒီးဒရော့ ယူနီဗာစီတီ ထွက် ပညာတတ်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် စာရေးဆရာနှင့် သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်ကာ ရဝမ်ဒါ သမိုင်းနှင့် ပတ်သတ်၍ အငြင်းပွါးဖွယ် စာအုပ်စာတမ်းများစွာကို ပြုစုရေးသားခဲ့သူတစ်ယောက်လည်းဖြစ်သည်။ အရေး အခင်း ကာလ အတွင်း သူတည်ထောင်ခဲ့သော ရေဒီယိုမှ မဟုတ်မမှန်သော သတင်းများနှင့် အမုန်းတရားများကို လေလှိုင်းမှ တဆင့် လှုံ့ဆော်ခဲ့သောကြောင့် နိုင်ငံတကာခုံရုံး၌ တစ်သက်တကျွန်း ပြစ်ဒါဏ်ကိုခံစားခဲ့ရသည်။ သို့သော်လည်း သူ၏ အယူခံဝင်မှူကြောင့် တစ်သက်တကျွန်း ပြစ်ဒါဏ်မှ အနှစ် ၃၀ သို့ ပြောင်းလဲ လျှော့ပေါ့ပေးကာ ယနေ့ထိတိုင်အောင် မာလီ နိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အပြစ်ဒါဏ်ကို ခံစားလျက်ရှိသေးသည်။

"ဂျင်း ဘော့စကို" ဟာလည်း Radio Télévision Libre des Mille Collines မှ တာဝန်ရှိသူတစ်ဦးဖြစ်ကာ မဟုတ်မမှန် ဝါဒဖြန့်မှူ များအတွက် ထောင်ဒါဏ် ၃၅ ပြစ်ဒါဏ်ချမှတ်ခံရကာ ဘီနင် ရီပတ်ဗလစ် နိုင်ငံရှိ အကျဉ်းထောင်အတွင်း အပြစ်ဒါဏ်ကို ခံစားနေဆဲတွင်ပင်ဧပြီလ ၂၅ ရက် ၂၀၁၀ ခုနှစ်၌တွင်ပင် အသည်းရောင် အသားဝါ စီပိုး ဖြင့် ကွယ်လွန်သွားရရှာလေသည်။

အထက်ပါ လူများ အားလုံး ကိုင်တွယ်ခဲ့သော ဂျာနယ်၊ ရေဒီယို အစီအစဉ် များမှာ ထို အချိန်က ရိုးသားသော ပြည်သူများအတွင်း အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုပြီး မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့် ထုတ်လွှင့်တင်ဆက်မှူကြောင့် လူကြိုက် အများဆုံး၊ရေပန်း အစားဆုံးနှင့် အောင်မြင်မှူ များ ဖြစ်ခဲ့သော်လည်း အရေးအခင်းကြီး ပြီးဆုံးသွားချိန်မှာတော့ ရည်ရွယ်ချက် မကောင်းမှူကြောင့် အထက်မှာ တင်ပြခဲ့သည့် အတိုင်း လူ့ဘဝ ၏နေဝင်ချိန်များကို သံတိုင်များနောက်တွင် လူမသိ၊သူမသိ ကုန်ဆုံးသွားခဲ့ရလေသည်။

တူညီသော အချက်များမှာကား ၄င်းတို့ မုန်းတီးခဲ့သည့်လူများအား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေ နှင့် မညီသော အမှူများကို ပြူလုပ်လေ့ရှိသူများ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သမားများ၊ ဖောက်ပြန်ရေး သမားများ၊ ယဉ်ကျေးမှူ ကို ဖျက်ဆီးမည့်သူများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး အလိုရှိသည့်ပစ်မှတ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင် အခြား နိုင်ငံသားများနှင့် မတူ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ ယဉ်ကျေးမှူ မြင့်မားသူများ၊ မြင့်မြတ်သောလူမျိုးများ၊ မဟုတ်မခံ စိတ်ရှိသူများ၊ သူရဲကောင်း စိတ်ဓာတ်ရှိသူများ၊ အမျိုးဘာသာသာသနာသန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ စသည်ဖြင့် မိမိတို့ကိုယ်မိမိ ပြန်သတ်မှတ်ကြခြင်းပင်ဖြစ်သည်။

တနည်းဆိုရသော် လူသားတိုင်းမှာ ပါရှိသည့် အတ္တ ဟူသော ချို့ယွင်းချက်ကို နားလည်ထားကြပြီး မိမိတို့ ကိုယ်ကျိုးနှင့် မုန်းတီးမှူများ အတွက် ပြည်သူများကို ချနင်း၍ အသုံးချသွားခြင်းပင်ဖြစ်သည်။ ထိုအတ္တလွန်ကဲ ချို့ယွင်းချက်သည် နဂို မွေးရာပါ ဉာဏ်ရည် ဉာဏ်မပြည့် မှီသောကြောင့်ဖြစ်နိုင်သလို ၊ ကိုယ်မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်မှ ငါတကောကောသည့် အယူအဆများ ငယ်စဉ်မှ စ၍ နှစ်ရှည်လများ တစတစ ရိုက်သွင်းခံထားခြင်း သို့ လူတန်းစား တစ်ရပ်ကိုဦးတည်၍ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စွာ မနေနိုင်စေရင် Brain wash လုပ်ခံထားရခြင်း (သို့) မှိုင်းတိုက်ခံထားရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် မြေယာ အငြင်းပွါးမှူ ပြဿနာများ၊ အလုပ်လက်မဲ့ နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် အလှမ်းဝေးနေသေးခြင်း တို့ကဲ့သို့သော အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲ ဆိုးရွားသော အခြေအနေကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်သလို ထို့ ဦးဆောင်သူများ၏ နိဂုံးဟာ လည်း သိပ်မကောင်းလှကြောင်းကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါသည်ဟု တင်ပြလိုက်ရပါသည်ခင်မျာ။

ဆက်စပ်ပို့စ် ဖတ်ရှုရန်=> ၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှု

အတီး (ဝါးလုံးရှည်)

Wednesday, June 26, 2013

on Leave a Comment

ဦးဝီရသူဟာ အကြမ်းဖက်သမား ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်းနှင့် သက်သေ အထောက်အထားများ


Photo Credit: http://img.timeinc.net/time/images/covers/europe/2013/20130701_600.jpg

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးမှာ ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးတော့ လက်ရှိ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်ကြောင်း လူအများ၏စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်စေမှူနဲ့ ပတ်သက်ပြီး အရင်လေ့လာ တင်ပြလိုပါတယ်။TIME မဂ္ဂဇင်းရဲ့ အသုံးအနှုံးဟာ The face of Buddhist Terror လို့ သုံးနှုံးထားတဲ့အတွက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား "တစ်ဦး" ဟူ၍သာ ဦးဝီရသူ တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း အဓိပ္ပာယ်တိတိကျကျရပါတယ်။

ဗုဒ္ဓဘာသာနှင့် ၊ ဗုဒ္ဓဘာသာဝင် အားလုံးသည်အကြမ်းဖက်ခြင်းဖြစ်သည်ဟု ရည်ရွယ်ရေးသားခြင်းမဟုတ်လို့ ဒီကိစ္စကို အကျယ်တဝင့် ရှင်းပြစရာမလိုတော့ပဲ ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အပေါ် ခြုံငုံရေးသားခြင်းသည်ဖြစ်သည်ဟု ထင်မြင်ချက်သည် မမှန်ကန်ပဲ မှားယွင်းချွတ်ချော်ချက်တစ်ခုသာဖြစ်သည်ဟုသာ ထင်ရှားပေါ်လွင်စေပါတယ်။

ဒီအချက်ကြောင့် ဒီလိုအရေးအသားမျိုးကို ကန့်ကွက်ခြင်းမျိုးဟာ ဦးဝီရသူအပေါ် ရေးသားချက်အားကန့်ကွက်ခြင်းသာ ဖြစ်စေပြီး ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားချက်အား ကန့်ကွက်ရာ မရောက်ကြောင်း အဓိပ္ပာယ် သက်ရောက်စေပါတယ်။

ထူးခြားတာတစ်ခုကတော့ ဒီကန့်ကွက်ချက်ကို မြန်မာအစိုးရပိုင် သမ္မတရုံး ၀က်ဆိုက်မှာဖော်ပြလာခဲ့ပြီး ပထမဆုံး အနေနဲ့ ရဟန်းသံဃာတော်တစ်ပါးတည်း ဘက်မှ ရပ်တည်ကန့်ကွက်ကြောင်း ဖော်ပြချက်ဖြစ်ပြီး မြန်မာဘာသာဖြင့်သာ ရေးသားဖော်ပြထားကာ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားခြင်းမျိုး မရှိပါဘူး။စိတ်ဝင်စားစရာကောင်းသည့်အချက်ကတော့ ထိုကန့်ကွက်ချက်နှင့် ဘယ်လိုမှ ပတ်သက်မှူ မရှိသည့် ၉၆၉ ဆိုသည့် ဂဏာန်း သင်္ကေတအား ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် မေတ္တာရပ်ခံထားသည့် အကြောင်းကိုပါ ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။

ရှင်းလင်းအောင် တင်ပြရမယ် ဆိုရင်တော့ ဒီအသုံးအနှုံး ဟာ ဦးဝီရသူ တစ်ယောက်ထဲနှင့်သာ သက်ဆိုင်သော အသုံးအနှူန်းဖြစ်ပါကြောင်းပေါ်လွင်စေပါတယ်။ ဒီအတွက်ကြောင့်ကန့်ကွက်မယ် ရှုံ့ချမယ်ဆိုရင်တော့ ဆရာတော် ဦးဝီရသူဟာ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ခဲ့ကြောင်း သက်သေပြဖို့လိုပါတယ်။

ကဲ ဒါဆို ဦးဝီရသူရဲ့ ရပ်တည်ချက်နဲ့ နောက်ခံ သမိုင်းကြောင်းကို စာရှူသူမိတ်ဆွေနဲ့ စာရေးသူ ကျွန်တော် အတူတကွလေ့လာကြည့်ရအောင်။ တွေရှိလာတဲ့ ဖြစ်ရပ်သက်သေများကို စာရေးသူရဲ့ အမြင်သက်သက်ဖြင့်သာ မတင်ပြပဲ စာဖတ်သူကိုယ်တိုင်ကိုယ်ကျ တရားသူကြီး လုပ်၊ ဆုံးဖြတ်စီရင်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။။

တခါတရံတော့လဲ တရားသူကြီး အချင်းချင်း သဘောထား မတိုက်ဆိုင်ပဲ မတူကွဲပြားမှူများလည်းရှိကောင်းရှိနိုင်ပါသေးသည်၊ ဒီလို မတင်ပြမှီ လူတစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် သူလိုက်နာကျင့်သုံးသည့်ဘာသာ (သို့) အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုမှ ကိုယ်စား မပြုမှန်း ရှင်းလင်းစွာ သိရှိထားဖို့လိုပါတယ်။

ဆရာတော် ဝီရသူဟာ အကြမ်းဖက် လုပ်ရပ်ကို အားပေးလို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ အကြမ်းဖက် သမားများ ဖြစ်တယ်လို့ မယူဆနိုင်သလို ရာဇဝတ်မှူ ကျူးလွန်သည့် မွတ်စလင် လူဆိုးတစ်ယောက်ကြောင့် မွတ်စလင်အားလုံးဟာ ရာဇဝတ်သားများ ဖြစ်တယ်လို့ သတ်မှတ်လို့ မရနိုင်ပါ။ ဒီသဘောတရားကို ရှင်းလင်းကွဲပြားစွာ နားလည်ထားဖို့တော့လိုပါတယ်။ စုန်းပြူးဆိုတာ နေရာတိုင်းမှာ ရှိတတ်ပါတယ်။

ဆရာတော် ဦးဝီရသူ အဖြစ် စတင်ကျော်ကြားလာစေခဲ့တာကတော့ လွန်ခဲ့သည့် ၁၀ နှစ်ခန့် ၊၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့၊ မန္တလေးမြို့ သာသနာ ၂၅၀၀ အထိမ်းအမှတ်၊ ၄၅ တာ ဓမ္မာရုံမှာ ဟောကြားခဲ့သည့် တရားပွဲတွင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရေး တရားဟု ခေါင်းစဉ်တပ်ထားသော်လည်း တောင်မြင့်တွင် တရားမဝင်ကားခိုးမှု တခုဖြစ်ပွားခဲ့မှုကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက်လုပ်ဆောင်ရန် စီမံကိန်းချထားကြောင်း၊ မြေပုံနှင့်တကွ သေချာစီမံထားကြောင်း၊ မိမိက စပြီး အမိန့်ပေးလိုက်သည်နှင့် ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် တရားပွဲတက်ရောက်လာသည့် ရဟန်းသံဃာများကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ အပြည့်အစုံကို နားဆင်လိုသူများအတွက် https://www.dropbox.com/s/whikw3saw7ogj4f/2003%20sep%20by%20wirathu.mp4

ယင်းမတိုင်မှီကလည်း လက်ဖဝါးပေါ်မှ ကံကြမ္မာ ဟူသော တရားပွဲများ ပြုလုပ်ကာ ဗုဒ္ဓဘာသာမှ အခြား ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အကြောင်းကူးပြောင်းသွားသူများ အကြောင်းကို အဓိကထားဟောပြောခဲ့ပါတယ်။ http://www.youtube.com/watch?v=ke76q1Ycw3I

ဆရာတော် ဦးဝီရသူမှ ခရစ်ယာန်ဘာသာဟာ တောင်တန်းဒေသများ အပေါ် မည်သို့ မည်သို့ နယ်ချဲ့သာသနာပြုခဲ့ကြောင်း၊ ပြည်မ ဒေသကို မရောက်အောင် ကာကွယ်ရမည်ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့် အသံဖိုင်ကိုလဲ ဒီမှာရယူနိုင်ပါတယ်။ http://www.dhammavideo.com/media/4135/1/

ထို့နောက် ၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင် ကျင်းပခဲ့တဲ့ ၀ီရသူ အမျိုးသားရေး တရားပွဲများ စတင်ပြုလုပ်ခဲ့ပါတယ်။ ထိုတရားပွဲ အပြီး နောက်တွင်တော့ ကျောက်ဆည်တွင် အေ၇းအခင်းစတင် ဖြစ်ပွါးပါလေတော့သည်။ အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်ပေးခံရခဲ့ရပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ထောင်မှ လွတ်မြောက်ခါစတွင် မန္တလေးရှိ မွတ်စလင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ရန် ကြံရွယ်ခဲ့သော်လည်းအာဏာပိုင်များထံမှ ခွင့်ပြုချက်မရပဲ ပွဲ အစီအစဉ်များ မဖြစ်မြောက်လိုက်ရပါပေ။ အပြည့်အစုံနားဆင်လိုသူများအတွက် http://www.youtube.com/watch?v=sKOXQJzyXjc

ထို့နောက်တွင်တော့ ယခင် ရပ်တည်ချက် အတိုင်းပင်ဖြစ်သည့် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လမ်းကြောင်းပေါ်သို့သာ ပြန်လည်ရောက်ရှိသွားပါတော့တယ်။ ထူးခြားတာတစ်ခုကတော့ ဆရာတော်ဟာ ရာဇဝတ်မှူများ၊ မှုဒိမ်းမှူများကိုသာ စိတ်ဝင်တစားနဲ့ အရေးတယူပြုလုပ်ကာ ပုံမှန် ဆိုသလိုပင် ရေးသားဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။ သက်သေ အနေတင်ပြရမယ် ဆိုရင်ဖြင့်


  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့နေ စိတ်မနှံ့သူ မြန်မာအမျိုးသမီး မုဒိမ်းကျင့် ခံရမှု (8.8.2012)
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ Golf-အပိုပစ္စည်း အရောင်းစာရေးမလေး မုဒိမ်းကျင့် ခံရမှု (17.8.2012)
  • ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းရွာ၊ ဆွံ့အ သူမလေးကို မုဒိမ်းကျင့်မှု(24-2-2012)
  • မကွေးတိုင်း၊ ကန်ဖျားရွာ၊ အိမ်ဖော်မလေး တစ်ယောက်ကို လိင်ကိုင်ခိုင်းမှု (5-11-2012)
  • မြင်းမူမြို့၊ ဆယ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊
  • ဝက်လက်မြို့နယ်၊ စွယ်ကွေ့ရွာ ဆယ်တန်းကျောင်း သူမလေးကို ခိုးယူပေါင်းသင်းမှု၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာ၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ မန္တလေး၊ အောင်ပင်လယ်မြို့သစ်၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ မိတ္ထီလာ၊ ဝန်ဇင်း(၃)ရက်ကွက်၊ အဝတ်လျှော်စားသူ မဇင်မာဌေးကို အုပ်စုဖွဲ့ ရိုက်နှက်မှု(21-11-2012)၊
  • မိတ္ထီလာ တူရကီသူရဲကောင်းဗိမာန် ကိစ္စ။ မန္တလေး၊ ကျောက်ဝိုင်းအတွင်း၊ သစ်သီးသည်မြန်မာ အမျိုးသမီးကို မျက်မှန်ဆိုင်မှ မွတ်ဆလင်မ်အမျိုးသားက တုတ်နှင့်ရိုက်၊ လက်သီးနှင့်ထိုးကြိတ်မှု (10-3-2013) 
  • သာစည်မြို့နယ်၊ အိမ်ဂရံအတုလုပ်၍ အိမ်ရှင်မြန်မာ အမျိုးသမီးကို မောင်းချမှု၊ (22-11-2012)
  • “၁၅-နှစ်သမီးလေးကို မွေး-စားသော ကုလားကို တရားစွဲဖို့ ပြင်ဆင် (28-04.2013)
  • “မွတ်ဆလင်ကုလားက မြန်မာသမီးပျို (၁၆)နှစ်သမီးလေးကို မုဒိမ်းကျင့်”(18-05-2013) တို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့အဆုံးအမ၊ တရားရေအေး တိုက်ကျွေးမှူ လုံးဝမရှိ မဟောဘဲ ဘာသာခြား မုန်းတီးမှုကိုပဲ သီးသန့်ဟောပြော ရေးသား လှုံ့ဆော်ခဲ့တာကို တွေ့ရပါတယ်။ 
အံ့ဩစရာ ကောင်းတာတစ်ခု က ဘာသာခြားနဲ့ဖြစ်တဲ့ ရာဇဝတ်မှုတွေဆိုရင်သတင်းမီဒီယာထက်ဦးအောင် ဆရာတော် ဝီရသူက အရင်သိရှိနေတာပါ။ တာဝန်ရှိသူတွေကို အသိပေးပြီး ဥပဒေအရ အရေးယူခိုင်းရမဲ့အစား အကြမ်းဖက်မှုတွေကိုပဲ ပေါ်ပေါက်လာအောင် သီးသန့် ရေးသား လှုံ့ဆော်ခဲ့တဲ့ အထောက်အထားတွေပါပဲ။

ဆက်လက်ပြီး ဖြစ်ပွါးခဲ့တဲ့ ဘာသာရေး အထိကရုန်းများ မတိုင်မှီ နဲ့ ဖြစ်ပွါးနေစဉ်အတွင်း ဆရာတော်ရဲ့ ရပ်တည်ချက်နဲ့ ဟောပြောချက်များကို လေ့လာကြည့်ရအောင်။ နိုဝင်ဘာ (၂၃) ၂၀၁၂ တွင် ဦးဝီရသူ၏ ဖေ့ဘုတ် စာမျက်နှာတွင် “မိတ္ထီလာတွင် ကုလားနှင့် ကုလားမများ အုပ်စုဖွဲ့ အနိုင်ကျင့်မှုဖြစ်ပွား” ဟူသော ခေါင်းစဉ်တပ်ကာ မိတ္တိလာမြို့တွင် မွတ်စလင်များက ဆိုးသွမ်းသည့်အကြောင်းကို ရေးသားလှုံ့ဆော်ခဲ့ပါတယ်။ https://www.facebook.com/notes/wira-thu/မိတ္ထီလာတွင်-ကုလားနှင့်-ကုလားမများ-အုပ်စုဖွဲ့-အနိုင်ကျင့်မှုဖြစ်ပွား/172393969570786 မိတ္ထီလာ အရေးအခင်း မတိုင်မှီ ရက်သတ္တပါတ် အလိုမှာ မိတ္ထီလာရှိ တူရကီသူရဲကောင်းဗိမာန် ကိစ္စ ကို အငြင်းပွါးဖွယ်ရာ ဖြစ်အောင် လှုံ့ဆော်ခဲ့ပါသေးတယ်။

ဒီဟာကတော့ မိတ္တိလာ အရေးအခင်း ဖြစ်ပွါးနေစဉ်အတွင်း ရေးသားလှုံ့ဆော်ခဲ့သော ပို့စ် ဖြစ်ပါတယ်။ https://www.facebook.com/notes/wira-thu/မိတ္ထီလာဖြစ်စဉ်/234084053401777 https://www.facebook.com/notes/wira-thu/မတ္ထီလာဖြစ်ရပ်မှန်-အဆက်/234174963392686

ဒါ့အပြင် ဆရာတော် ဦးဝီရသူဟာ ရှမ်းပြည်နယ် မူဆယ်မြို့သို့ သို့ ၁၉-၅-၂၀၁၃ တွင် သွားရောက်ကာ ယဉ်ကျေးလိမ္မာတရားပွဲသင်တန်း တွင် ဩဝါဒတရားချီးမြှင့်ခြင်း၊ ၉၆၉ တရားပွဲများပြုလုပ်ခဲ့ပါတယ်။ ဆရာတော် ၏ တရားပွဲများ အပြီး ၁၀ရက်အကြာတွင်တော့ လားရှိုးမြို့၌ အထိကရုန်းကြီး စတင်ဖြစ်ပွါးလာပါတော့တယ်။ ဒီလင့်ကတော့ လားရှိုး မြို့ အထိကရုန်းဖြစ်ပွါးနေစဉ်အတွင်း ရေးသားလှုံ့ဆော်ခဲ့တဲ့ အရေးအသားနဲ့ပို့စ် ဖြစ်ပါတယ်။ https://www.facebook.com/notes/wira-thu/လားရှိုး-ယနေ့-အခြေအနေ/270933363050179

ဒီလောက်ဆိုရင်တော့ စာရှူသူပရိသတ်ကြီးလဲ အဖြူနဲ့ အမည်းကွဲကွဲပြားပြားသိရှိနိုင်ပြီလို့ထင်ပါတယ်။ ပွင့်လင်းစွာ အားမနာတမ်းဝန်ခံရမယ်ဆိုရင်ဖြင့် စာရေးသူကျွန်တော် အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးဟာ အမှောင်ချခံထားရတဲ့ သင်ရိုးညွန်းတမ်း ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရတဲ့ သားကောင်များ ဖြစ်ခဲ့ရသလို လက်တွေ့ကျင်လည်နေတဲ့ နေ့စဉ်လူမှူဘဝမှာလည်း ဖိနှိပ် ချုပ်ချယ်မှူ၊မှိုင်းတိုက်မှူ မျိုးစုံကို ခံခဲ့ရသူတွေပဲဖြစ်ပါတယ်။

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။
လူနည်းစုများ၊ မိမိနှင့် မတူကွဲပြားမှူများအားကဲ့ရဲ့ခြင်း၊ဖိနှိပ် ချုပ်ချယ်ခြင်းတို့သည် တိုးတက်ကြီးပွါးရေးကို မဖြစ်ပေါ်စေနိုင်ပဲ မငြိမ်သက်မှုများ ကို အားပေး ဆော်သြခြင်းဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးကို အမိအရ ထိုး နှက်နေခြင်းသာ ဖြစ်သည်။
စစ်အစိုးရ ၏ ဖိနှိပ်ချုပ်ချယ်မှူအောက်တွင် နှစ်ပေါင်းများစွာ နေ လာခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ကို ပြန်လည်တည်ဆောက်ရေးတွင် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည်သာလျှင် အရေးကြီးဆုံးဖြစ်သည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲ ဆိုးရွားသော အခြေအနေကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။

အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟုသတ်မှတ်စေကာ ပြည်သူအချင်းချင်းကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်ပြီး အာဏာရှင် ယန္တရား တည်ဆောက်လိုခြင်းကို ရဲရဲဝင့်ဝင့်သာငြင်းဆန်လိုက်ကြပါဟုသာပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်ခင်မျာ။

လေးစားစွာဖြင့်
အတီး (ဝါးလုံးရှည်)


Monday, February 11, 2013

on Leave a Comment

အဆိပ်ရှိသောမှိုများ

The photo of the german children reading The Poisonous Mushroom (The Toadstool) published by Julius Streicher, prominent Nazi
အလွန်သာယာလှပသော နွေဦးရာသီကာလကျရောက်လာခါစအချိန် တောအုပ်ကြီးတခုရဲ့ အလယ်မှာ ကလေးငယ်လေးတယောက်နဲ့ သူ၏ မိခင် ဖြစ်သူတို့ ဟာ မှိုရှာထွက်လာခဲ့ကြသတဲ့။ တောအုပ်ကြီးရဲ့ တနေရာလဲ အရောက်မှာတော့ အလွန်ကြီးမားတဲ့ မှိုကျင်းတကျင်းကို ဘွားခနဲ့ တွေ့လိုက်ရတော့အချိန်မှာတော့ ကလေးငယ်ဟာ အလွန် အားရဝမ်းသာဖြစ်ပြီး ဟစ်အော်မိလိုက်သတဲ့။ ” အို မေမေရေ၊ ကြည့်စမ်းပါဦး၊ မှိုကျင်းကြီးမှ အကြီးကြီးပဲ။ သားတို့တော့ပွတာပဲ၊ ကဲ အခုပဲ သွားတူးလိုက်ရအောင်နော်” ထို အခါ မိခင် ဖြစ်သူမှ သားငယ်ကို တချက်ဟန့်တားလိုက်ကာ “သားငယ်၊ ဒီမှိုတွေဟာ လူတွေစားဖို့ မသင့်တော်တဲ့ မှို ၊အဆိပ်ရှိတဲ့ မှို အမျိုးအစားတွေကွဲ့။ ဒီလို မှိုမျိုးကိုစားမိရင်တော့ အသက်အန္တရယ်ကိုစိုးရိမ်ရတတ်တယ်။ လာလာ ဒီနေရာကနေ အမြန်သွားကြရအောင်” ဒီလိုနဲ့ သားအမိ နှစ်ယောက်ဟာ အိမ်အပြန်လမ်းကို တိတ်ဆိတ်စွာနဲ့ ပြန်လာခဲ့ကြတာပေါ့။ အတန်ကြာတဲ့ အခါမှာတော့ မိခင်ဖြစ်သူက တိတ်ဆိတ် ငြိမ်သက်မှူကို စတင် ဖြိုခွဲလိုက်ပြီး ” သားငယ် ဖရန့်၊ မေ့မေ့ကို ကြည့်စမ်း၊ သိလား သား။ လူ့လောကကြီးထဲမှာလေ မေမေတို့ အခုနက တွေ့လိုက်ရတဲ့ မှိုလိုမျိုးနဲ့ တူတဲ့ လူမျိုးတွေ အများကြီး ရှိတယ် သား။သား တွေ့တယ်မဟုတ်လား၊ တောနက်ထဲမှာလေ အင်မတန်မှစားလို့ ကောင်းတဲ့ မှိုမျိုးရှိသလို ကိုယ့်ကို အန္တရယ်ဖြစ်စေနိုင်တဲ့ မှိုမျိုးတွေရှိတတ်ကြတယ်။ အဲဒီလိုပဲ မေမေတို့ ကျင်လည်နေရတဲ့ လူ့လောကကြီးထဲမှာလည်း ဒီလို လူဆိုးနဲ့ လူကောင်းတွေကို တွေ့ရလေ့ရှိတယ် သား။ မေမေတို့ဟာ အဆိပ်ရှိတဲ့ မှိုမျိုးကိုစားသုံးခြင်းမှ ကာကွယ်ရှောင်ရှားသလို ဒီလို လူဆိုးလူညစ်တွေရဲ့ရန်ကိုလည်းကာကွယ်ရလိမ့်မယ်၊ သား နားလည်တယ်မဟုတ်လား?” “ဟုတ်ကဲ့မေမေ သားနားလည်ပါပြီ၊ အဆိပ်ရှိတဲ့ မှိုမျိုးကို စားမိရင် အန္တရယ်ရှိသလိုမျိုး လူဆိုး လူညစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကို။ ဟုတ်တယ် မဟုတ်လား မေမေ။” “မှန်တယ် ငါ့သား၊ ဒါဆိုရင် ဘယ်သူ ဘယ်ဝါတွေအ အဆိပ်ရှိတဲ့မှိုလိုမျိုး လူတွေလဲ ဆိုတာ ခွဲခြားတတ်ပြီသလား သားငယ်” ထို အခါ ကလေးငယ်လေးဟာ သူရဲ့ လက်ဝါးနှစ်ဖက်ကို ပါးပြင်မှာ ကပ်လိုက်ပြီး တစုံတခုကို သတိရသွားဟန်ဖြင့် ” အို မေမေရေ၊ သား သဘောပေါက်သွားပြီ၊ ဒီ ဒီလို အဆိပ်ရှိတဲ့မှိုတွေဟာ ဂျူးလူမျိုးတွေ မဟုတ်လား၊ ဟာ ဟုတ်တာပေါ့၊ ဒီအကြောင်းကို သားရဲ့ အတန်းပိုင်ဆရာမကလဲ တခါတလေ သားတို့ကျောင်းသားတွေကိုပြောလေ့ရှိတတ်တယ်လေ” ကလေးငယ်၏ စကား အဆုံးမှာတော့ မိခင်ဖြစ်သူဟာ သားငယ်ရဲ့ သဘောပေါက်လွယ်မှူကို ချီးကျူးသည့်အနေဖြင့် ကလေးငယ်၏ ဦးခေါင်းကိုပွတ်သတ်ကာ ” တော်တယ် ငါ့သား၊ မေမေတို့ လူ့လောကမှာလေ ဒီလို မျိုး အဆိပ်အတောက်တွေနဲ့ပြည့်နှက်နေတဲ့ ဂျူး မှိုတွေ အများကြီးပဲ သားရဲ့၊ ဂျူး ဈေးသည်၊ဂျူး သားသတ်သမား၊ ဂျူး မြင်းလှည်းမောင်းသမား၊ ဂျူးဆရာဝန် ၊ အို စုံလို့ပါပဲသားရယ်။ သူတို့ကို ကြည့်လိုက်သား၊ ဒီလို အဆိပ်ရှိတဲ့ လူတွေဟာ သူတို့ဟာသူတို့ ယုတ်မာကောက်ကျစ်နေသည်ဖြစ်စေ၊ ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာတွေကိုပြပြီး ချဉ်းကပ်လာသည်ဖြစ်စေ ဘယ်သော အခါမှ မယုံလိုက်မိစေနဲ့ ငါ့သား၊ ဘာဖြစ်လို့လဲဆိုတော့ ဂျူးဟာ ဂျူးတွေပဲဖြစ်လို့ပါပဲ၊” “ဟို တောနက်ထဲက အဆိပ်ရှိတဲ့မှိုတွေလိုမျိုးပေါ့ ဟုတ်လားမေမေ” “မှန်တာပေါ့ သားငယ်၊ အဆိပ်ရှိတဲ့ မှိုလေး တပင်ဟာ မိသားစုတခုလုံးကိုသေစေနိုင်တယ်၊ ဒီလိုပဲ ဂျူး ရှေ့နေ တယောက်ဟာ ရွာတရွာလုံး၊မြို့တမြို့လုံးကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်။နောက်ဆုံး မေမေတို့ ဂျာမန် အမျိုးသားတရပ်လုံးကို ဒုက္ခရောက်သွားစေနိုင်တယ် ငါ့သား” “ဟာ ဟုတ်လား မေမေ၊ ဒါဆို သားကိုပြောပြပါဦး၊ ဒီလို အဆိပ်ရှိတဲ့ ဂျူးတွေအကြောင်းကို ကျန်တဲ့ တခြား ဂျူးမဟုတ်တဲ့လူမျိုးတွေက မသိကြဘူးလားမေမေ ၊သားကိုအမြန်ပြောပြပါဦး” ထိုအခါတွင်တော့ မိခင်ဖြစ်သူမှ ခေါင်းကို ဖြေးညင်းစွာ ခါယမ်းကာ “ကံဆိုးစွာနဲ့ပဲ သူတို့တွေ မသိကြသေးဘူး ငါ့သား၊သန်းပေါင်းများစွာသော ဂျူးမဟုတ်တဲ့ လူမျိုးတွေဟာ သူတို့တွေရဲ့ အကြောင်းကို မသိကြသေးဘူး၊ ဒါကြောင့် မေမေတို့၊သားတို့ဟာ လူတွေကို အလင်းရောင်ပေးရမယ်။ လူတွေကို ဂျူးတွေရဲ့ အကြောင်းကို အသိပေးရမယ်၊ အထူးသဖြင့် သားတို့လို ငယ်ရွယ်တဲ့ ဂျာမန် ကလေးငယ်တွေဟာ ဂျူးတွေရဲ့အကြောင်းကို သိကိုသိထားရမယ်၊ကြည့်စမ်းပါဦး၊ နွေဦးရာသီရောက်လာတာနဲ့ ဒီလို အဆိပ်ရှိတဲ့ မှိုမျိုးတွေဟာ တောအုပ်ရဲ့နေရာအနှံ့မှာ တွေ့ရသလို ဂျူးတွေဟာလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာတွေ့ရတတ်တယ်၊ဒီလို ဂျူးတွေဟာ လူသားတွေအတွက် ဖျားနာမှူ၊နာကျင်မှူတွေနဲ့ စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေကို ဆောင်ယူလာခဲ့ကြတဲ့အတွက် မေမေတို့ ဂျာမန်အမျိုးသားတရပ်လုံးအတွက်သာမဟုတ်ဘူး၊ တကမ္ဘာလုံးအတွက် အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့ မှိုလိုလူမျိုးတွေပဲ သားငယ်”
အထက်ပါ စာကြောင်းတွေကတော့ “ဂျူးလီယက် စတစ်စ်ချာ” ရေးသားပြီး ၁၉၃၈ ခုနှစ်မှာ ဂျာမန်ဘာသာနဲ့ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အဆိပ်ရှိသောမှိုများ လို့ အမည်ရှိ ကလေးသူငယ်ဖတ် ပုံပြင်စာအုပ်အစပိုင်း ကို စာရှူသူများ ဖတ်ရှူလို့ကောင်းအောင်၊အဆင်ပြေအောင် ကျွန်တော် ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နာဇီပါတီ ရဲ့ ဝါဒဖြန့် နည်းမျိုးစုံထဲက တမျိုးဖြစ်ပြီး အောက်ခြေပြည်သူများအထိ အမုန်းတရားများ ပိုမိုပြန့်ပွါးလာအောင် ၊ မိမိတို့နာဇီပါတီကို လူကြိုက်များလာအောင် တနည်းပြောရရင် လူပြိန်းကြိုက်အောင်၊ ထိလွယ်ရှလွယ်ဖြစ်အောင် အယူအဆအမှားတွေကိုလက်ခံပြီး ပါတီကို လူထု ထောက်ခံမှူ ပိုမိုရရှိလာအောင် စနစ်တကျ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းသာဖြစ်ပါတယ်။ နာဇီတို့ရဲ့ ဒီဝါဒဖြန့်နည်းဟာ အတော်လေးကို ထိရောက်ခဲ့တယ်လို့ပြောနိုင်ပါတယ်၊ အဲ စစ်ကြီး အပြီးမှာလည်း ဒီစာအုပ်ဟာ ဂျာမန်တို့ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှူတွေအတွက် ခုံရုံးတင်စစ်ဆေးရာမှာ အကောင်းဆုံးနဲ့ အထောက်အထား အခိုင်မာဆုံး သက်သေ တခုအဖြစ် တင်ပြနိုင်ခဲ့သလို ထူးခြားမှူအနေနဲ့ ဒီစာအုပ်ကိုရေးသားသူ ဂျူးလီယက် စတစ်စ်ချာ ကိုယ်တိုင်ဟာလည်း ကလောင် လက်စွမ်းလက်န ထက်မြက်မှူကြောင့် နာဇီဗိုလ်ချုပ်တွေရဲ့ ကောင်းကောင်းမြှောတ်စားခြင်း ခံခဲ့ရသလို နုရင်ဘတ် တရားရုံး မှာလည်း သူ၏ ချစ်လှစွာသော ဗိုလ်ချုပ်ကြီးများ နဲ့ အတူ ကြိုးပေးကွပ်မျက်တာကိုခံခဲ့ရပါတယ်။ ကျွန်တော်ဖော်ပြထားတဲ့ စာကြောင်းတွေက စာအုပ်ရဲ့အစပိုင်းပဲရှိပါသေးတယ်၊ စာအုပ်ရဲ့ နောက်ပိုင်းတနေရာမှာတော့ ဂျူးတွေရဲ့ ကျမ်းစာလာ စာသားတချို့ကို ကောက်ချက်ချ လိုရာဆွဲပြီး ဂျူးတွေရဲ့ယုံကြည်မှုဟာ တခြားလူမျိုးတွေအတွက် မျက်စိ စပါးမွှေးစူးစရာဖြစ်ကြောင်းကို ဒီလို ဖော်ပြထားပါသေးတယ်။ “တခြား တခြားသော လူမျိုးတွေဟာ ဂျူးလူမျိုးတွေအတွက် အစေခံဖို့ဖန်ဆင်းထားခြင်းဖြစ်တယ်။ ဂျူးတွေသာလျှင် လူသားဧကန်ဖြစ်တယ်၊ ဂျူးဝါဒကို မယုံကြည်သော လူများကို လူဟုပင် မခေါ်ဆိုထိုက်၊ ထိုသူများမှာ တိရိစ္ဆာန်ဟူ၍ခေါ်ဆိုကြရမည်” ဟု မူရင်း ဟီဘရူး ဘာသာမှ ဂျာမန်ဘာသာသို့ပြန်ဆိုပြီး ကိုယ်လိုရာကို ဆွဲရေးခဲ့ပါတော့တယ်။ ဒီစာအုပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာတော့ ဂျူးကုန်သည်တွေဟာ ဂျာမန်တွေကို ဘယ်လိုလိမ်လည်လှည့်ဖျားပုံ၊ ကလေးငယ်နှစ်ယောက်ဟာ ဂျူးသားသတ်ရုံတခုကို ရောက်ရှိသွားပြီး ဂျူးသားသတ်သမားတွေ ဟာ သားကောင်ကို ဘယ်လိုရက်စက်စွာ သတ်ဖြတ်ပုံ စသည်တို့ကိုအခန်းလိုက် အခန်းလိုက် ရေးသားထည့်သွင်းပြီး စနစ်တကျနဲ့ ဝါဒဖြန့်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ နာဇီတို့ရဲ့ စစ်အတွင်းက ဝါဒဖြန့်ရာမှာ အသုံးပြုခဲ့တဲ့ ရုပ်ရှင်၊ရေဒီယို၊စာအုပ်၊စာပေ စတဲ့ မီဒီယာလက်ကိုင်တုတ်များစွာထဲက ထင်ရှားတဲ့ သင်္ကေတတခုပါ၊ နာဇီတို့ တန်ခိုးထွားစဉ်က ထင်ရာစိုင်းခဲ့သလောက် စစ်ကြီးအပြီးမှာတော့ သူတို့ရဲ့ ကြမ်းခဲ့၊ရမ်းခဲ့တဲ့ ခြေရာ၊လက်ရာတွေကပဲ သူတို့ လည်ပင်းကိုကြိုးကွင်းစွပ်စေခဲ့ပါတော့တယ်။ ဒီစာအုပ်ကိုရေးသားခဲ့သူ ဂျာမန်လူမျိုး နိုင်ငံရေးသမားနဲ့ ဂျာနယ်လစ် တယောက်ဖြစ်သူ Julius Streicher နဲ့ နာဇီဗိုလ်ချုပ်ကြီးများရဲ့ မရှူမလှ ဇာတ်သိမ်းခဲ့ရပုံ မှတ်တမ်းထင်ထားတဲ့ဗီဒီယိုဖိုင် ကိုလေ့လာဖို့လင့်ပါ တခါတည်ပေးလိုက်ပါ့မယ်။


ရုန်းရင်းဆန်ခတ်ပုံများ မပါဝင်လို့ လူအတော်များများကြည့်ရှူဖို့သင့်တော်မယ်လို့ယူဆပါတယ်

အတီး( ဝါးလုံးရှည်)