Thursday, February 28, 2013

on Leave a Comment

ရဲဘော် ရှေ့လမှတွေ့ကြဦးစို့

တနေ့သ၌ ကျွန်ုပ် ဘီဒီအေတပ်သားလေး မောင်အတီးသည် ပျင်းပျင်းရှိ သနှင့် ဝါးလုံးရှည် တချောင်းကို ကိုင်ကာ ဟယ်လပင် လမ်း(ယခု ပြည်ထောင်စုရိပ်သာလမ်း) ရှိရာ အရပ်သို့ လမ်းလျှောက်လာလျှက်ရှိလေသည်။လမ်းမကြီး တလျှောက်တွင်ကား ဂျပန်စစ်အုပ်ချုပ်ရေး စိုးမိုးစဉ်ကာလ ဖြစ်သောကြောင့် ညမိုးစုန်းစုန်းချူပ်သည်ဟုမဆိုနိုင်သော်လည်း ရန်ကုန်မြို့ကြီး၌ လူသွားလူလာကား အတန်ပင် ခြောက်သွေ့လျှက်ရှိသည်။ဦးတည်ရာ အရပ်ကား ဟယ်လပင် လမ်းနှင့်ဘဒ်လမ်းထောင့် ရှိအိန္ဒိယ အမျိုးသားတပ်မတော် အမျိုးသမီးတပ်ဖွဲ့နှင့် မျက်နှာချင်းဆိုင်ရှိ နှစ်ထပ် အိမ်အို အိမ်ဟောင်းကြီးတလုံးဆီသို့ဖြစ်နေသည်။ အတီး၏ ညာဖက်၌ လွယ်ထားသော စစ်သုံး လွယ်အိတ်ထဲတွင်ကား ထိုအိမ်ကြီး၌ တာဝန်ကျ သော အစောင့်နှစ်ယောက်ဖြစ်သော ပဒုမ ပေါင်တိုနှင့် ကာဏရိဠ် တို့အား မျက်နှာလို မျက်နှာရ လုပ် ရန် ရည်ရွယ်၍ ဟုတ်ကီးဆိုင်မှ ဝယ်ယူလာသော တရုတ် ခေါက်ဆွဲကျော် တထုပ်လည်းပါရှိလေသည်။ပဒုမ ပေါင်တို ဆိုသော ရဲဘော်ကား ခြေထောက်တဖက်ပြတ်နေသောကြောင့်လည်းကောင်း၊ ကာဏရိဠ် ဆိုသူကား မျက်လုံးတဖက် လပ်နေသောကြောင့်လည်းကောင်း ကျီစားခေါ်ဝေါ်ကြခြင်းဖြစ်လေသည်၊ သို့ရာတွင်ထိုသူများရှေ့မှောက်၌ ဒုက္ခိတရဲဘော်များဟူ၍ မထီမဲ့မြင် မည်သူမှ မပြုရဲ။ အကြောင်းကား ထိုသူတို့သည်လည်း သူ့နေရာနှင့်သူ အာဏာပိုင်သ အစိုးရသောကြောင့်ဖြစ်၍ ထိုသူတို့နှင့် စိတ် အခန့်မသင့်ပါက တလနေမှ တခေါက်ရရှိသော ၁၅မိနစ် အခွင့်အရေး(နောင်သောအခါ နာရီဝက်ဖြစ်လာသည်)ကို အမျိုးမျိုး နှောင့်ရှက် ဖျက်စီး တိုးလို့တန်းလန်း ရှို့တို့ရှန်းတမ်းနဲ့ တပိုင်းတန်းလန်း မပြီးစီးနိုင်အောင် ဒုက္ခပေးကြမည်ဖြစ်လေသည်။

သတင်းကား အတိအကျရထားလေသည်၊ လွန်ခဲ့ပြီးသောလအနည်းငယ်ကမှ စစ်ဥပဒေငှါန၏လက်အောက်ခံ ငှါနတဖြစ်ဖြစ်သော စစ်ရဲငှါနမှရဲများသည် ရန်ကုန်မြို့တွင်းရှိ ဟိုတယ်အသီးသီးမှ ဟိုတယ်မယ်များကို ဖမ်းဆီး၍ ထိုအိမ်ကြီးဆီသို့ပို့ကာ ထရိန်နင်ပေး လေ့ကျင့်ထားကြောင်းကို ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရလေသည်။ဤနေရာတွင် အကြောင်းတိုက်ဆိုင်၍ မည်သို့ ထရိန်နင်းပေးပုံကို ရှင်းပြပေးပါအံ့။

ထရိန်နင်းပေးပုံမှာ ရန်ကုန်မြို့တွင်းရှိ ဟိုတယ်အသီးသီးမှ ဟိုတယ်မယ်များကို ဖမ်းဆီး၍ ထိုအိမ်ကြီးဆီသို့ပို့ကာ ရုပ်ရည်တင့်သင့်သော။ ဆောင်ကြာမြိုင် စည်းကမ်းဥပဒေများကို လိုက်နာနိုင်သော၊ထိုဘဝ၌ ပျော်မွေ့သောမယ်များကို ရွေးချယ်လိုက်၏။ ထိုသို့ ရွေးချယ်ခံရပြီးသော မယ်များကို ၃လတိုင်တိုင် ဆေးဝါးကုသ၍ အင်အားဖြည့်စေ၏။ထိုအချိန်ကာလအတွင်း သူတို့၏ဘဝမှာ အကျယ်ချူပ်ဖြစ်၍ ဆရာဝန်မှတပါး မည်သူတဦးတယောက်နှင့်မှ တွေ့ဆုံခွင့်ရမည်မဟုတ်ပေ။ ထိုကာလလွန်မြောက်လျှင်ကား လခစား ဆောင်ကြာမယ် အဖြစ် တရားဝင်စတင်ခန့်အပ်လိုက်လေသည်။ထို အချိန်မှစ၍ ဆောင်ကြာမယ်တို့သည် စစ်သားများကဲ့သို့ပင် နံနက်အိပ်ရာထချိန်၊တန်းစီလူစစ်ချိန်၊ ကျန်းမာရေး လေ့ကျင့်ချိန်၊ ရေချိုး အလှပြင်ချိန်၊စားသောက်ချိန်၊ အလုပ်ဆင်းချိန်၊ အနားယူချိန် ၊အိပ်ချိန် စသည်ဖြင့် စနစ်တကျ စည်းကမ်းလိုက်နာရသည့်အပြင် အားလပ်ချိန်များတွင် ပွဲလမ်းသဘင်များကို အအုပ်အထိန်းနှင့်ကြည့်ရှူခွင့်ရလေသည်။

အလုပ်ဆင်းရာ၌မူ ဆောင်ကြာမယ်များသည် အကုန်လုံး အလုပ်ဆင်းရသည်မဟုတ်ပဲ အိမ်ကြီး၏အောက်ထပ်တွင် အလုပ်ခန်း ၈ခန်းရှိရာ နေ့ ၈ ယောက်၊ ည ၈ ယောက် တနေ့လျှင် ၁၆ယောက်ကျ ပန်းနုရောင်ဝတ်စုံဖြင့် အလုပ်ဆင်း၍ ကျန်သောမယ်များကားရက်အားအဖြစ် အနားယူကြ၏၊ မယ်များ၏ကျန်းမာရေးကိုလည်း စစ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးတဦးသည် နေ့စဉ်လာရောက်ကုသပေးလေ့ရှိ၏။

ဘီဒီအေမှ ပေးသောလစာအပြင် ဆောင်ကြာမယ် အဖြစ် အမှူထမ်းနေစဉ် လက်ခံရရှိသော ဧည့်သည် အရေအတွက်အလိုက်ရရှိသော ဝင်ငွေမှာ စုငွေပင်ဖြစ်၍ထိုငွေကို ဆောင်ကြာမြိုင်မှူးက စာရင်းနှင့်တကွ ထိန်းသိမ်း စောင့်ရှောက်ကာ ခွင့်နှင့် အိမ်ပြန်သော အခါ သို့မဟုတ် အလုပ်မှနှုတ်ထွက်သောအခါ ထိုငွေကို ထုတ်ယူသွားခွင့်ရှိလေသည်။

ဆောင်ကြာမယ်များမှာ သဘာဝအတိုင်း တဦးနှင့် တဦး ရုပ်ဆင်းအင်္ဂါ၊ အမူအကျင့်တို့ မတူခြားနားသောလည်း ရရှိသော ဝင်ငွေမှာကား တယောက်နှင့်တယောက် များစွာကွာခြားချင်းမရှိချေ၊ အကြောင်းကား အလုပ်ဆင်းရာ၌ အလှည့်ကျဆင်းရာရုံမက မယ်တို့နှင့် ဆက်ဆံလိုသော ရဲဘော်တို့အနေဖြင့်လည်း အပြင်မှနတ်နန်းများကဲ့သို့ စိတ်ကြိုက်ရွေးချယ်ခွင့်မရှိ၊ကံစီမံရာ ကံဇာတ်ဆရာအလိုကျလိုက်လံဆုံဆည်းကြရသောကြောင့်ဖြစ်လေသည်။

ဆောင်ကြာမြိုင်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကား (၁) ရဲဘော်များ ကျန်းမာသန်စွမ်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး (ဝါ) ကာလသားရောဂါမှ ကင်းလွတ်ရေး (၂) ရန်သူတို့၏ ကာမကျော့ကွင်းမှ လွတ်အောင်ရှောင်နိုင်ရေး (ဝါ)သူလျှိုများသည်နတ်နန်းများကိုဖန်ဆင်း၍ ရဲဘော်များထံမှ တပ်တွင်းသတင်း နှိုက်ယူခြင်းများကို ကာကွယ်ရေး (၃)တာဝန်မကျမှီစပ်ကြား ရဲဘော်များခေတ္တအပန်းဖြေစေရေး(ဝါ) သွေးသား၏တောင်းဆိုချက်ကို လိုက်လျောဖြည့်တင်းရေးတို့အတွက် အထက်တွင် ဆိုခဲ့သော ဆောင်ကြာမြိုင်ကိုဖွင့်လှစ်ရခြင်းဖြစ်လေသည်။

ဆောင်ကြာမြိုင်သို့ သွားရာခရီးလမ်းမှာကား အများထင်သလို လွယ်ကူဖြောင့်ဖြူးလှသည်တော့ မဟုတ်ချေ။ပထမဦးစွာ သင်သည် သာမန်တပ်သားနှင့် အရာခံဗိုလ်တို့ အကြား ရာထူးအဆင့်အတန်းရှိသူဖြစ်ရပါမည်။ အိမ်ထောင်မရှိသူ လူပျိုလူလွတ်ဖြစ်ရပါမည်။ ထိုမျှနှင့် မလုံလောက်သေး၊သင်သည် စစ်ရုံးဆေးငှါနသို့သွားရောက်၍ စစ်ဆေးခံရပါမည်။စစ်ရုံးသို့ရောက်သော အခါတွင်မူ ဆေးကြပ်သည် သင်၏ အမည်နှင့်တပ်အမှတ်၊ ရာထူးအဆင့်အတန်း၊ စသည်များကိုစစ်မေး၍ သင့်အားလွန်လေပြီးသောတလအတွင်း တကြိမ်တခါသွားလာဖူးသူဟုတ်မဟုတ်ကို သက်ဆိုင်ရာမှတ်ပုံတင်စာအုပ်များ၌ပြန်လှန်စစ်ဆေးပေလိမ့်မည်။အကြောင်းကာ သင်သည် ဆောင်ကြာမြိုင်သို့ တလတခေါက်ထက်ပို၍သွားလာခွင့်မရှိသောကြောင့်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှသည့်အခါများ၌မူကား သင်နှင့်လွန်စွာရင်းနှီးသော ရဲဘော်တဦးသည် ထိုလအတွင်း သင်၏အမည်ကို အလွဲသုံးစားလုပ်သွားတတ်၏။ ထိုအခါမျိုး၌သင်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ် အံကိုတင်းတင်းကြိတ်ကာ လာလမ်းအတိုင်းပြန်ရုံမှလွဲ၍ဘာမှ တတ်နိုင်မည်မဟုတ်ပေ။သင်သည် အဘယ်မျှ ငြင်းဆိုသော်လည်း မှတ်ပုံတင် စာအုပ်များခေတ်မစားသေးသော ဤခေတ်ကြီးတွင် ဆေးကြပ်လုပ်သူသည် သင်၏စောဒကတတ်ချက် ကွန်ပလိန်း ကို ယုံကြည်ရန် အလွန်ခဲယဉ်းလှပေသည်။ ကံကောင်းထောက်မ၍သင်သည် ဤအဆင့်မှလွန်မြောက်ခဲ့သော် တာဝန်ခံဆရာဝန်ထံသို့ရောက်တော့မည်ဖြစ်သည်။ ထိုအခါမျိုး၌သင်သည်မျက်နှာအနေအထားတတ်ရန်များစွာလိုပေလိမ့်မည်။သင်၏မျက်နှာသည် ယောက်ခမရှေ့ပုဆိုးက္ဈတ်သကဲ့သို့ ပေါသွပ်သွပ် စပ်ဖြဲဖြဲမဖြစ်စေရ။ အထက်မှပေးအပ်သော တာဝန်တခုကို အသက်နှင့်လဲ၍ကျေပွန်စွာထမ်းဆောင်ရမည်ကဲ့သို့ပင် တည်ငြိမ်အေးဆေးသော အသွင်ကို ယူတတ်ရမည်ဖြစ်သည်။ ထို့နောက် ဆရာဝန်သည်သည် သင့်အား ဆစ်ဖလစ်၊ဂနို၊ရှန်ကာ၊ဗြုနို စသော ကာလသားရောဂါများ ရှိမရှိစစ်ဆေးပြီး က(ကြည့်ပြီး)ဟူသော တံဆိပ်တုံးကို သင့်လက်မောင်းဝယ်ခပ်နှိပ်ပါလိမ့်မည်။ထိုအခါ၌သင်သည် အသပြာငွေ ၃ကျပ်ကို ဆောင်၍ လိုရာစခန်းသို့ရောက်အောင် ခရီးနှင်နိုင်ပြီဖြစ်လေသည်။ အကယ်၍ချက်ချင်းမသွားသေးပဲ တပ်သို့ပြန်ကာ ရေမိုးချိုးအဝတ်အစားလဲကာ စမတ်ကျကျသွားမည်ဆိုပါက သင့်လက်မောင်းမှတံဆိပ်ကို ကြေးတွန်းသော အခါ မပွတ်မိစေရန် လိုပေလိမ့်မည်။ ထိုတံဆိပ်မပါပါက သင်သည် ဆောင်းကြာမြိုင်အတွင်းသို့ ခြေတဖဝါးမှချခွင့်ရမည်မဟုတ်ပေ။

ကဲအတီးတယောက် ဆောင်ကြာမြိုင်သို့ရောက်ပြီဆိုပါစို့။ ခြံဝ၌တာဝန်ကျနေသောကင်းစောင့်ရဲဘော်အားသင်၏လက်မောင်းမှ တံဆိပ်ကိုပင့်၍ပြသကာ လက်ဝဲဘက်ခြံထောင့်၌ရှိသော ကြီးကြပ်ရေးမှူး၏ရုံးခန်းသို့ အပြေးတပိုင်းနှင့် အရောက်သွားပါလေတော့သည်။ထိုရုံးအတွင်းတွင် အလွန်တရာဘုန်းတံခိုးအာနုဘော်ဖြင့်ပြည့်စုံလှသော ပဒုမပေါင်တိုနှင့် ကာဏရိဠ် ဆိုသော ကြီးကြပ်ရေးမှူးတို့အား အလွန်ရိုကျိုးကိုင်းရှိုင်းသော အမူအရာမျိုးဖြင့်တရုတ်ခေါက်ဆွဲကျော် ဆက်သလိုက်ရသေးသည်။သို့မဟုတ်ပါမူ တလမှတခါ ရရှိသော မဟာအခွင့်အရေးကို သတ်မှတ်ချိန်အတွင်း မပြီးမစီးဖြစ်အောင်စွမ်းဆောင်ကောင်းစွမ်းဆောင်ပေလေမည်၊ဒါမှမဟုတ် ထိုနေ့အဖို့ အလုပ်ဆင်းနေသော ဆောင်ကြာမယ်များအနက်မှ ဆက်ဆံရေးနှင့် ရုပ်ရည်၊ ကိုယ်ဟန် အညံ့ဆုံးသော မယ်များနှင့်သင့်အားရေစက်ဆုံအောင် ဖန်တီးပေးလိုက်ပါလိမ့်မည်။ အကယ်၍သင်သည် လက်ချည်းဗလာဖြင့်လာမည်ဆိုပါက ကြီးကြပ်ရေးမှူး၏ အနီး၌ရှိသော ဝါးကျည်တောက်တခုအတွင်းရှိ ဝါးတူများကို ကြိမ်ဖန်များစွာ ခေါက်ပြီး တူတခုအား ကံစမ်းမဲဆွဲစေမည်ဖြစ်သော်လည်း အတီးအတွက်ကား ထိုအဆင့်ကိုမလိုအပ်တော့ပေ။ တရုတ်ခေါက်ဆွဲကျော် တန်ခိုးဖြင့် နှစ်ဆတိုးကာ နံရံပေါ်ရှိဇယားများထဲမှ နာမည်တခုကို လက်ညှိုးထိုးခွင့်ရရှိလေတော့သည်။ ထိုအခါကြီးကြပ်ရေးမှူးက နံပတ်တခုပါရှိသော တူတချောင်းအား အပေါ်ထပ်မှ မယ်များမြင်သာသော နေရာတွင်ချိတ်ဆွဲကာ ဧည့်သည်ရောက်ပြီဟေ့ ဟူသော အထိမ်းအမှတ်ဖြင့် သံချောင်းအား ဒေါင်ခနဲမြည်အောင်ခေါက်လိုက်ပါတော့သည်။ ဆောင်ကြာမယ်သည်လည်း သံချောင်းသံကြားသည်နှင့် တာဝန်ကျရာ အခန်းမှ စောင့်မျှော်နေသည်ကို စဉ်းစားမိသည့်အခိုက် အတီး၏ နှလုံးသည် တမိနစ်လျှင် မည်မျှတိုး၍ခုန်နေပြီကို ဆရာဝန်မှတပါးမည်သူမျှသိနိုင်မည်မဟုတ်ပေ။

ဟိုက် မီးပျက်သွားပါပြီ၊ သည်းခံပါခင်မျာ။စာရှုသူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်မျာ။ ကျွန်တော် မောင်အတီးတယောက် ဤအခန်းတွင် ကြုံခဲ့၊ဆုံခဲ့ရသမျှ အတွေ့အကြုံများကို မူရင်းအတိုင်း ပြန်လည်မျှဝေလိုသော ဆန္ဒဖြင့် ရေးထားသည်များအား အီးပီစီမှ မီးဖြတ်လိုက်သည်နှင့် ကြုံသွားသောကြောင့် အကုန်လုံးပျက်သွားပါသည်။သည်းခံပါခင်မျာ။

ကဲ ကိစ္စ ဝိစ္စ ပြီးပြီပဲဆိုကြပါစို့၊ထိုအဆောင်းများနှင့်ကပ်လျတ် မီးဖိုချောင်သို့သွားရာလမ်း၏လက်ဝဲဘက်အခန်းသည် အတီးအတွက်ဖြစ်၍ လက်ယာဘက်အခန်းသည် ဆောင်ကြာမယ်အတွက်ဖြစ်လေသည်။အခန်းအတွင်းတွင်တော့ အသင့်စောင့်ဆိုင်းနေသော အစောင့်ရဲဘော်လေးတဦးသည် ဝမ်းနှုတ်ဆေးတခွက်အားတိုက်က္ဈေးခြင်း၊ကျင်ချောင်းအတွင်းအပြင်ကို ဆေးကြောသော ကိရိယာဖြင့် ဆေးကြောချင်း၊အနာကျက်စေသော ဆေးဖယောင်းချက်နှင့် လိုအပ်သော နေရာများအား သုတ်လိမ်းခြင်းစသောကြိုတင်ကာကွယ်မှူများကိုပြုလုပ်ပေးပါတော့သည်။ပြီးနောက်တွင်တော့ ရဲဘော်လေးသည် အတီး၏ကျောကိုညင်သာစွာပုတ်ကာ သာယာပျော့ပျောင်းသော အသံဖြင့် ကဲ ရဲဘော် ရှေ့လမှ တွေ့ဦးစို့ ဟူ၍ နှုတ်ဆက်လိုက်လေတော့သည်။ ဤတွင် ယနေ့ခေတ်ရဲဘော်တို့ မမှီလိုက်သော အတီးတို့ ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်)ခေတ်မှ ဆောင်ကြာမြိုင် သရုပ်ဖော်ခန်းပြီးလေသည်။

၁၉၆၀ခုနှစ် မတ်လထုတ် အတွဲ၈ အမှတ် ၅ မြဝတီ မဂ္ဂဇင်း ပါ မြဝတီရဲခေါင်၏ ကဲ "ရဲဘော် ရှေ့လမှတွေ့ကြဦးစို"့ ဟူသောဆောင်းပါးကိုဇာတ်အိမ်တည် ကိုးကားကာ ယနေ့ ခေတ်အသုံးအနှုံးအချို့ဖြင့် ပြင်ဆင်ထုံးဖွဲ့ထားကြောင်း ဝန်ခံအပ်ပါသည်။


အတီး(ဝါးလုံးရှည်)

0 comments:

Post a Comment