Monday, August 12, 2013

on Leave a Comment

ဖေ့ဘုတ် ဈေးတန်း မှ အရူး


Photo Credit: Internet
Disclaimer: Photo doesn't represent the post.

တွေးမိတာလေးတစ်ခုပါ။

ဖေ့ဘုတ်ကြီးကိုသာ အပြင်မှာ ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးတန်းကြီးတစ်ခု အဖြစ်မြင်ကြည့်ကြပါစို့၊သူဌေး ဆင်းရဲသား အပျို အအို အရွယ်ဆုံ ဆိုဒ်စုံ စစ်သား ဒီမို ကွန်မြုနစ် ကုန်သည် ဝန်ထမ်း ဘယ်သူမဆို ဖေ့ဘုတ် ဈေးတန်းကြီးမှာ မြင်နိုင်သည် ။ဈေးထဲတွင် ငွေတစ်မတ်နှင့် ငါးကြင်းခေါင်း တက်ကိုင်၍မရနိုင်သော်လည်း အင်တာနက်ဖိုး ငွေ ၃၀၀ကျပ်ရှိရုံနှင့် နိုင်ငံရေး ဝေဖန်သူ သုခမိန်တစ်ယောက် အဖြစ် တက်ရေးနိုင်သည်။ အပြင်က မကျေနပ်ချက်တွေကိုလိုင်းပေါ်လာပြီး ပေါက်ကွဲနိုင်သည်၊ မထင်ရင် မထင်သလို မဲမဲမြင်တာ ဝင်ဆဲပြီး အမျိုး၊ဘာသာ ကို ကာကွယ် စောင့်ရှောက်သည့် သူရဲကောင်းတစ်ယောက်လည်း ဖြစ်နိုင်ပါသေးသည်။ တကယ်ကို လွတ်လပ်ပြီး ကျယ်ပြန့်လှသည့် ရောင်စုံ ဈေးတန်းကြီး အသွင်ဖြစ်သည်၊

သင် သတိထား၍ကြည့်လိုက်ပါ၊ မည်သည့် ဈေးတွင်မဆို အရူးတစ်ယောက်လောက်တော့ ရှိနေတတ်သည်၊ အရူး မရှိသော ဈေးမှာ ခပ်ရှားရှား၊ ဈေး၏ လက္ခဏာ ဝိသေသ များတွင် အရူးပါရှိမှ ပြည့်စုံသည်လားတော့ မပြောတတ်ပါ။ အရူး မရှိသော ဈေးမှာ တခုခု မပြည့်စုံသလို ဟာတာတာနှင့်ပင်။ ကျွန်တော်တို့ဈေးတွင်လည်း အရူးတစ်ယောက်ရှိသည်၊ သူကတော့ ဘဝင်ရူး တစ်ခါတစ်ခါ သူ့ကိုယ်သူ ဘုရင်ဖြစ်သွားလိုက် တစ်ခါတစ်ခါလူကြီး လူကောင်းဖြစ်သွားလိုက်နဲ့ သူ့အနားရောက်လာတဲ့ လူတွေကို ဩဇာအာဏာပေးတတ်သည်၊ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေကြသည်၊ သူ့ အဆင့်အတန်းကို တပြားသားမှ မလျော့နိုင်၊ တစ်ခါတရံမှာတော့ အရမ်းဆာလောင်နေတတ်ပြီး တခါတရံတော့ ဈေးထဲမှ လူများကို အလိုမကျသည့်ပုံစံဖြင့် တစ်ယောက်တည်းပါးစပ်မှ ပွစိပွစိနှင့်ကြိမ်းမောင်း ဟိန်းဟောက်နေတတ်သည်။ ဈေးသွား ဈေးပြန်လူများကတော့ သူ့ကို ကြည့်ပြီး ပြုံးစိစိ လုပ်သွားကြသလို အချို့ကတော့ အသံထွက်အောင် ရယ်မောသွားကြသည်။တစ်ခါတစ်လေ တွင်တော့ ဖြတ်သွားဖြတ်လာ လူများက အပျော်သဘောနှင့် စကြလျှင် ဒေါသတွေ ထွက်ကာ ကျယ်ကျယ်လောင်လောင်ဖြစ်နေတတ်ပြီး လက်ခုပ်တီးကာ မြှောက်ပေးမည့်လူများရှိသည့်အခါမှာတော့ ကွေးနေအောင် ကတတ်သေးသည်။

သို့သော် သူကတော့ ရှက်တတ်ပုံမရ၊ တကယ်တော့ ရှက်ခြင်းသည် ကိုယ်နေထိုင်သည့် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ငဲ့ကွက် ထည့်တွက်ခြင်းဖြစ်သည်၊ ဤအရူးတွင် ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း ဆိုသောအရာ စိတ်ထဲတွင် ရှိတော့ပုံမရ၊ သူ၏ ပတ်ဝန်းကျင်၊အသိုင်းအဝိုင်း ဆိုသည်မှာ သူကျင်လည်ကျက်စားရာ ဖေ့ဘုတ်ဈေးတန်း အသိုင်းအဝိုင်းလောက်ဟုသာ ဉာဏ်မှီသည်၊ သူ့ကမ္ဘာ သူ့ဈေးတန်း သူ့လောကထဲတွင် သူ့အထင်နှင့်သူ အဟုတ်ကြီးဟုတ်နေတော့သည်၊ ဘေးပတ်ဝန်းကျင် အမြင်တွင်တော့ အဘယ်မျှ ရယ်စရာ အဘယ်မျှ သနားစရာကောင်းနေမှန်း သူကိုယ်တိုင်မသိ၊ မသိတော့ ရှက်စရာ ကောင်းမှန်း မသိ၊ သနားစရာ ကောင်းလှသည်မှာတော့ အမှန်ပင်။

ဒါကိုကြည့်ပြီးနောက် ခေါင်းထဲမှာ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်၊ ရှက်ခြင်းတွင်တန်ဖိုးရှိသည်ရှက်တတ်ခြင်းသည် မထူးခြားသော သာမန်လူတစ်ယောက်၏ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတစ်ခု ဖြစ်နေခဲ့သည်၊ ရှက်တတ်ခြင်းဟူသော မျဉ်းတစ်ကြောင်းက သူကောင်းနှင့် သူရူးဟူသော အခြေအနေ နှစ်ရပ်ကိုကွဲကွဲပြားပြားဖြစ်အောင် ပိုင်းခြားထားလိုက်လေတော့သည်။ ရှက်တတ်နေသေးသောသူသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းညှိနိုင်သေးသောသူ ဖြစ်သည်၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် မိမိ၏ အမူအကျင့် ကို ပြောင်းလဲနိုင်သော သူ ဖြစ်သည်၊

အကယ်၍ သင်ဟာ မရှက်တတ်တော့ဘူး ဆိုလျင်ဖြင့် စောစောက အရူးလို ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းနှင့် ကင်းပြတ်ကာ ကိုယ့်အတွေးနှင့်ကိုယ်ဟုတ်ပြီး ဈေးတန်း ထဲတွင် သာယာနေပေလိမ့်မည်၊ ကိုယ့်ဘာသာကိုယ် ထင်ချင်တာထင် မြင်ချင်တာမြင် လုပ်ချင်တာလုပ် ဘယ်သူ့ကိုမှ ဂရုစိုက်တော့မည်မဟုတ်၊ဂရုစိုက်စရာလဲ လိုမှ မလိုတော့တာပဲ။ ဒါပေမဲ့ သူ့ရဲ့ မရှက်တတ်ခြင်းက ဖေ့ဘုတ်ဈေးတန်းပေါ်က ရောင်စုံ လူများကို အပျင်းပြေစေတာတော့ အမှန်ပင်။

ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ယခုအချိန်အထိ ရှက်တက်နေသေးတာကို ကြံကြံဖန်ဖန် မိမိကိုယ်မိမိ ဂုဏ်ယူနေမိပါသည်။ ကဲ စာရှူသူမိတ်ဆွေ၊ သင်သည်လည်း ဤဖေ့ဘုတ် ဈေးတန်းရှိ အရူးသည် မည်သူဖြစ်သည်ဆိုတာ ရှာဖွေရင်း လူကောင်းတစ်ယောက်ဖြစ်ရခြင်းကို ဘုမသိ ဘမသိနှင့် ဂုဏ်ယူနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

ဖတ်ဖူးတဲ့ စာစုတစ်ခုအား ဒီနေ့သတိထားမိလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အဖြစ်အပျက် ကြောင့် ပြန်သတိရကာ ယှဉ်ထိုး၍ ခေါင်းထဲပေါ်ရာ ချရေးလိုက်ခြင်းဖြစ်သည်။

အတီး (ဝါးလုံးရှည်)



0 comments:

Post a Comment