Saturday, September 7, 2013

on Leave a Comment

မုန်းတီးရေး မီဒီယာ၊ သွေးထိုး လှူံ့ဆော်မှူနှင့် ဦးဆောင်ခဲ့သူတို့၏ နိဂုံး



Photo Credit: Internet

၁၉၉၄ခုနှစ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှူကြီး အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ ထူးခြားချက်အနေနဲ့ "ဟဆန်ဂီဇီ"၊ "ဂျင်း ဘော့စကို" နဲ့ "ဖာဒီနန် နဟီမားနား" လို့ အမည်ရတဲ့ နာမည်ကြီး မီဒီယာ သမားသုံးယောက်လဲ ပါဝင်ပါတယ်။

၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို "ဟဆန်ဂီဇီ" (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန်တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါအစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်းကာလအတွင်း အသံလွှင့်တဲ့နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိ ရေဒီယိုအစီအစဉ်နှစ်ခုက တာဝန်ရှိသူတွေဟာ တသက်တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ်တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။

"ဖာဒီနန် နဟီမားနား" ကတော့ Radio Télévision Libre des Mille Collines ကိုတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြင်သစ် ဒီးဒရော့ ယူနီဗာစီတီ ထွက် ပညာတတ်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် စာရေးဆရာနှင့် သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်ကာ ရဝမ်ဒါ သမိုင်းနှင့် ပတ်သတ်၍ အငြင်းပွါးဖွယ် စာအုပ်စာတမ်းများစွာကို ပြုစုရေးသားခဲ့သူတစ်ယောက်လည်းဖြစ်သည်။ အရေး အခင်း ကာလ အတွင်း သူတည်ထောင်ခဲ့သော ရေဒီယိုမှ မဟုတ်မမှန်သော သတင်းများနှင့် အမုန်းတရားများကို လေလှိုင်းမှ တဆင့် လှုံ့ဆော်ခဲ့သောကြောင့် နိုင်ငံတကာခုံရုံး၌ တစ်သက်တကျွန်း ပြစ်ဒါဏ်ကိုခံစားခဲ့ရသည်။ သို့သော်လည်း သူ၏ အယူခံဝင်မှူကြောင့် တစ်သက်တကျွန်း ပြစ်ဒါဏ်မှ အနှစ် ၃၀ သို့ ပြောင်းလဲ လျှော့ပေါ့ပေးကာ ယနေ့ထိတိုင်အောင် မာလီ နိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အပြစ်ဒါဏ်ကို ခံစားလျက်ရှိသေးသည်။

"ဂျင်း ဘော့စကို" ဟာလည်း Radio Télévision Libre des Mille Collines မှ တာဝန်ရှိသူတစ်ဦးဖြစ်ကာ မဟုတ်မမှန် ဝါဒဖြန့်မှူ များအတွက် ထောင်ဒါဏ် ၃၅ ပြစ်ဒါဏ်ချမှတ်ခံရကာ ဘီနင် ရီပတ်ဗလစ် နိုင်ငံရှိ အကျဉ်းထောင်အတွင်း အပြစ်ဒါဏ်ကို ခံစားနေဆဲတွင်ပင်ဧပြီလ ၂၅ ရက် ၂၀၁၀ ခုနှစ်၌တွင်ပင် အသည်းရောင် အသားဝါ စီပိုး ဖြင့် ကွယ်လွန်သွားရရှာလေသည်။

အထက်ပါ လူများ အားလုံး ကိုင်တွယ်ခဲ့သော ဂျာနယ်၊ ရေဒီယို အစီအစဉ် များမှာ ထို အချိန်က ရိုးသားသော ပြည်သူများအတွင်း အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုပြီး မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့် ထုတ်လွှင့်တင်ဆက်မှူကြောင့် လူကြိုက် အများဆုံး၊ရေပန်း အစားဆုံးနှင့် အောင်မြင်မှူ များ ဖြစ်ခဲ့သော်လည်း အရေးအခင်းကြီး ပြီးဆုံးသွားချိန်မှာတော့ ရည်ရွယ်ချက် မကောင်းမှူကြောင့် အထက်မှာ တင်ပြခဲ့သည့် အတိုင်း လူ့ဘဝ ၏နေဝင်ချိန်များကို သံတိုင်များနောက်တွင် လူမသိ၊သူမသိ ကုန်ဆုံးသွားခဲ့ရလေသည်။

တူညီသော အချက်များမှာကား ၄င်းတို့ မုန်းတီးခဲ့သည့်လူများအား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေ နှင့် မညီသော အမှူများကို ပြူလုပ်လေ့ရှိသူများ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သမားများ၊ ဖောက်ပြန်ရေး သမားများ၊ ယဉ်ကျေးမှူ ကို ဖျက်ဆီးမည့်သူများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး အလိုရှိသည့်ပစ်မှတ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင် အခြား နိုင်ငံသားများနှင့် မတူ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ ယဉ်ကျေးမှူ မြင့်မားသူများ၊ မြင့်မြတ်သောလူမျိုးများ၊ မဟုတ်မခံ စိတ်ရှိသူများ၊ သူရဲကောင်း စိတ်ဓာတ်ရှိသူများ၊ အမျိုးဘာသာသာသနာသန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ စသည်ဖြင့် မိမိတို့ကိုယ်မိမိ ပြန်သတ်မှတ်ကြခြင်းပင်ဖြစ်သည်။

တနည်းဆိုရသော် လူသားတိုင်းမှာ ပါရှိသည့် အတ္တ ဟူသော ချို့ယွင်းချက်ကို နားလည်ထားကြပြီး မိမိတို့ ကိုယ်ကျိုးနှင့် မုန်းတီးမှူများ အတွက် ပြည်သူများကို ချနင်း၍ အသုံးချသွားခြင်းပင်ဖြစ်သည်။ ထိုအတ္တလွန်ကဲ ချို့ယွင်းချက်သည် နဂို မွေးရာပါ ဉာဏ်ရည် ဉာဏ်မပြည့် မှီသောကြောင့်ဖြစ်နိုင်သလို ၊ ကိုယ်မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်မှ ငါတကောကောသည့် အယူအဆများ ငယ်စဉ်မှ စ၍ နှစ်ရှည်လများ တစတစ ရိုက်သွင်းခံထားခြင်း သို့ လူတန်းစား တစ်ရပ်ကိုဦးတည်၍ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စွာ မနေနိုင်စေရင် Brain wash လုပ်ခံထားရခြင်း (သို့) မှိုင်းတိုက်ခံထားရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် မြေယာ အငြင်းပွါးမှူ ပြဿနာများ၊ အလုပ်လက်မဲ့ နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် အလှမ်းဝေးနေသေးခြင်း တို့ကဲ့သို့သော အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲ ဆိုးရွားသော အခြေအနေကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်သလို ထို့ ဦးဆောင်သူများ၏ နိဂုံးဟာ လည်း သိပ်မကောင်းလှကြောင်းကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါသည်ဟု တင်ပြလိုက်ရပါသည်ခင်မျာ။

ဆက်စပ်ပို့စ် ဖတ်ရှုရန်=> ၁၉၉၄ ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှု

အတီး (ဝါးလုံးရှည်)

0 comments:

Post a Comment